စစ်ယာဉ်တန်းကို KIA ခြုံခိုတိုက်ခိုက်

Monday, 29 August 2011 16:16
Print
အစိုးရတပ် စစ်ယာဉ်တန်းကို ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့များက ယခင်အပတ်အတွင်း ခြုံခိုတိုက်ခိုက် ခဲ့သောကြောင့် ယာဉ်မောင်းတဦး ကျဆုံးပြီး ကားတစီး မီးလောင် ပျက်စီးသွားသည်။

KIO_news_-_edited
တရုတ်နိုင်ငံမှ ၀ယ်ယူထားသော စစ်ထရပ်ကားများဖြင့် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့မှ တဆင့် မန္တလေးသို့ မောင်းနှင် သွားနေစဉ် လမ်းခုလတ် တနေရာ၌ ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) တွဲဖက် အတွင်းရေးမှူး ဦးလနန်က ဧရာဝတီသို့ ပြောသည်။

“အစီး ၁၀၀ လောက် ဆင်းသွား ကြပြီ။ ကျနော်တို့ ဘက်ကလည်း အားလုံးတော့ မလုပ်နိုင်ဘူးလေ။ နှောင့်ယှက်တဲ့
သဘောနဲ့ပဲ နောက်ဆုံးကျန်တဲ့ ၁၀ စီးထဲက တစီးကို ပစ်ခတ်ခဲ့တာပါ” ဟု ၎င်းက ဆိုသည်။

အစိုးရယာဉ်တန်းကို KIA တပ်ရင်း ၉ မှ တပ်ဖွဲ့ဝင် တချို့က လှမ်း၍ ပခုံးထမ်းလောင်ချာ (RPG) နှင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“သူတို့ရဲ့ စစ်ရေး လှုပ်ရှားမှုတွေကို ကျနော်တို့ ဖြစ်နိုင်သလောက် လိုက်ပြီးတော့ ဟန့်တားတာမျိုး၊ အနှောင့်အယှက် ပေးတာမျိုး လုပ်သွားမယ်” ဟု ဦးလနန်က ယခင်တပတ်က ပြောခဲ့သည်။

တိုက်ခိုက်ခံရသော အစိုးရတပ်ကို မသိရသေးကြောင်း ဦးလနန်က ဆိုသည်။

ထိုယာဉ်တန်းကို မတိုက်ခိုက်မီ တရက်ကလည်း ကားလမ်းမ တလျှောက် လုံခြုံရေး ယူထားသော အစိုးရတပ်နှင့် KIA တပ်ဖွဲ့ ၀င်များအကြား တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့သေးသည်။

ထိုသို့ တိုက်ပွဲငယ်များ၊ ပစ်ခတ်မှုများ ဖြစ်ပွားနေသော်လည်း ကချင် ပြည်နယ် ၀န်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက ပြည်နယ် တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ထားမှု အခြေအနေ ရှင်းလင်း တင်ပြခြင်းနှင့် ပြည်သူ့ ဆန္ဒ သဘောထားများ မေးမြန်း တင်ပြချက်များ အပေါ် ဖြေကြားခြင်း အခမ်းအနားကို မြစ်ကြီးနား မြို့တော်ခန်းမတွင် ယခုလ ၂၇ ရက်နေ့က ကျင်းပခဲ့သည်ဟု ယနေ့ထုတ် အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။

ယင်းအခမ်းအနားကို ဘာသာရေး အသင်းအဖွဲ့များ၊ အစိုးရအာဏာပိုင်များ၊ တိုင်းရင်းသားများနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာနယ်ဇင်းများ၊ NGO၊ INGO အဖွဲ့များ တက်ရောက်ခဲ့သည်ဟု သတင်းစာက ဆိုသည်။

ဇွန်လ ၉ ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့သည့် အစိုးရတပ်နှင့် KIA အကြား တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူပေါင်း ၂၀၀၀၀ ကျော် ရှိကြောင်း၊ ထွက်ပြေးလာသည့် ဒုက္ခသည်များသည် တရုတ်-မြန်မာ နယ်စပ် တလျှောက်ရှိ KIA ထိန်းချုပ် ဒေသများ တွင် ခိုလှုံနေကြကြောင်း သိရသည်။

ထို့အပြင် တချို့ဒုက္ခသည်များမှာ မြစ်ကြီးနား၊ ၀ိုင်းမော်မြို့တို့တွင်ရှိသော ဆွေမျိုးများထံ သွားရောက်နေထိုင်နေကြပြီး ဘာ သာရေး အဆောက်အအုံများတွင် အများစု ခိုလှုံနေထိုင်ကြရသည်ဟု ကချင် လူ့အခွင့်အရေး လှုပ်ရှားသူများက ဆိုသည်။

ကချင် ဒုက္ခသည်များကို KIA အပါအ၀င် ဒေသခံ ဘုရားကျောင်းများနှင့် အဖွဲ့အစည်းတချို့တို့မှ ကောက်ခံရရှိထားသော အလှူငွေများဖြင့် ထောက်ပံ့ပေးထားရကြောင်း သိရသည်။