အဆိုပါ ဧရာဝတီဂျာနယ်တွင် တိုင်းဒေသကြီး အစိုးရ၏ အာဘော်အပြင် လယ်သမားများအတွက် စိုက်ပျိုးရေးနှင့် မိုးလေ၀သ အခြေအနေ၊ ကူးသန်းရောင်းဝယ်မှုဆိုင်ရာများနှင့် ပတ်သက်၍ ဈေးနှုန်းနှင့် ကုန်စည်ဒိုင်များအကြောင်း၊ ရုပ်ရှင်၊ ဂီတ၊ နိုင်ငံတကာ စသည့်ကဏ္ဍများ ပါဝင်မည်ဟု စာပေစိစစ်ရေး အသိုင်းအ၀န်းနှင့် နီးစပ်သူပြောသည်။
“အခုလက်ရှိ မန္တလေးမှာ ထုတ်နေတဲ့ ဂျာနယ်တွေလိုပဲ အပတ်စဉ်ထုတ်မှာ။ လယ်သမားတွေ အဓိက ဖတ်ဖို့ပါ။ စိစစ်ရေးက ခွင့်ပြုပြီးပြီ” ဟု ၎င်းက ဆိုသည်။
ဧရာဝတီဂျာနယ်သည် ဦးသိန်းစိန် အစိုးရလက်ထက် တိုင်းဒေသကြီး အစိုးရများအတွင်း ပထမဆုံး ထုတ်ဝေသည့် ဂျာနယ်ဖြစ်လာမည်ဟု သိရသည်။
ယခုအစိုးရလက်ထက်တွင် ဂျာနယ်အများအပြားကို ထုတ်ဝေခွင့် ပြုထားရာ လက်ရှိတွင် သတင်းဂျာနယ်၊ အားကစားဂျာနယ် အပါအ၀င် ဂျာနယ် ၁၅၃ စောင်နှင့် မဂ္ဂဇင်း ၁၇၆ စောင်တို့ကို ထုတ်ဝေဖြန့်ချိခွင့် ပြုထားသည်။
ထို့အပြင် ယခင်အမှတ် (၁) စက်မှုဝန်ကြီးဟောင်း ဦးအောင်သောင်း၏ သားများ ပိုင်ဆိုင်သည့် IGE ကုမ္ပဏီ အပါအ၀င် တခြားသော စီးပွားရေး လုပ်ငန်းရှင်များကိုပါ ဂျာနယ်ထုတ်ဝေခွင့်များ ချထားပေးခဲ့သည်။
ထိုသို့ ဂျာနယ်အသစ် အများအပြား ထုတ်ဝေခွင့်ပေးခဲ့သော်လည်း စာနယ်ဇင်းလောကတွင် လူသားအရင်းအမြစ်ဖြစ်သည့် သတင်းထောက် လုံလောက်စွာ မရှိဘဲ လက်ရှိ ထုတ်ဝေနေသည့် ဂျာနယ်တိုက်များတွင် လုပ်ကိုင်နေသည့် သတင်းထောက်များ ယခုအခါ အစုလိုက် သတင်းဂျာနယ်တိုက် အသစ်များသို့ ပြောင်းရွှေ့မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းက မြန်မာတိုင်းမ်း သတင်းဂျာနယ်မှ သတင်းထောက် ၁၂ ဦးခန့်သည် IGE အပါအ၀င် နောက်ထုတ်ဝေမည့် ဂျာနယ်များသို့ ပြောင်းရွှေ့ကြသည်ဟု သတင်းများလည်း ထွက်ပေါ်လာခဲ့သည်။
စာနယ်ဇင်းလောကတွင် အရည်အချင်းရှိသော သတင်းထောက် ရှားပါးနေမှုနှင့် ပတ်သက်၍ ပြည်သူ့ခေတ်ဂျာနယ်၏ အတိုင်ပင်ခံအယ်ဒီတာ၊ သတင်းစာဆရာ မောင်ဝံသက “အလုပ်တော့ လျှောက်တယ်၊ ဗဟုသုတရှိတဲ့သူ၊ ဖိဖိစီးစီးကြိုးကြိုးစားစားနဲ့ ဒုံးပေကတ်သတ် လုပ်နိုင်သူ ရှားတယ်” ဟု ထောက်ပြသည်။
စာနယ်ဇင်းလောကတွင် ဂျာနယ်အများအပြား ထုတ်ဝေခွင့်ရလာသည့်အတွက် သတင်းထောက်များ လိုအပ်မှုမှာလည်း ပိုမိုများပြားလာကြောင်း၊ အရည်အတွက်သာမက အရည်အချင်းရှိသည့် သတင်းထောက်များလိုအပ်ပါကြောင်း ဆရာမောင်ဝံသက ဆိုသည်။
ထုတ်ဝေခွင့်ရ ဂျာနယ် များပြားလာသည့်တိုင် နိုင်ငံရေးနှင့် ပတ်သက်သည့် သတင်းများကိုမူ စာပေစိစစ်ရေးက တင်းကျပ်နေဆဲဖြစ်သည်ကို တွေ့ရသည်။
ဒေါ်အောင်ဆန်းစုကြည် ရေးသားသည့် ဆောင်းပါးတပုဒ်ကို ပြည်သူခေတ်ဂျာနယ်တွင် ဖော်ပြရန် စာပေစိစစ်ရေးသို့ လွန်ခဲ့သည့် ၃ ပတ်ကတည်းက တင်ပြထားသော်လည်း ခွင့်ပြုချက်မရသေး၍ စောင့်ဆိုင်းနေကြောင်း ပြည်သူခေတ် ဂျာနယ်၏ အတိုင်ပင်ခံ အယ်ဒီတာ ဆရာမောင်ဝံသကို ကိုးကား၍ The Voice Weekly ဂျာနယ် အင်တာနက် စာမျက်နှာ၌ ရေးသား ထားသည်။
အစိုးရသစ်၏ စာပေစိစစ်ရေး မူများမှာ တည်ငြိမ်မှု မရှိသေးကြောင်း၊ နိုင်ငံရေးနှင့် ဆိုင်သည့် အကြောင်းအရာများကို ခွင့်ပြုရန် သဘောထား မပြတ်မသား ဖြစ်နေပုံရှိကြောင်း၊ အနာဂတ်ကာလတွင် ပိုမိုဖော်ပြခွင့်ရမည်ဟု မျှော်လင့်ကြောင်း ဆရာမောင်ဝံသ ကဆိုသည်။
လက်ရှိ အခြေအနေတွင် အစိုးရသတင်းစာများ၌ နှစ်ကာလအတန်ကြာ ထည့်သွင်းဖော်ပြခဲ့သော BBC, VOA၊, RFA, DVB စသည့် ပြည်ပ အသံလွှင့်ဌာနများအား အပုပ်ချ ရေးသားနေမှုကို ပြီးခဲ့သည့် သီတင်းပတ်မှစ၍ ဖြုတ်ထားသည်ကို တွေ့ရှိရသည်။ ပြည်တွင်း၌ ပိတ်ပင်ထားခဲ့သည့် ဧရာဝတီ၊ မဇ္ဈိမ၊ BBC, VOA စသည့် သတင်းဝက်ဘ်ဆိုဒ်များနှင့် Youtube ဖျော်ဖြေရေး အင်တာနက် စာမျက်နှာကိုလည်း ယခုရက်ပိုင်းကြည့်ရှုခွင့် ရနေကြောင်း သိရသည်။
< Prev | Next > |
---|