အုတ်ဖုတ်လုပ်ငန်း ၁၇၀ ကျော် ပိတ်ရမည်

Wednesday, 31 August 2011 14:56
Print
ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်အတွင်းရှိ အုတ်ဖုတ်လုပ်ငန်း ၁၇၀ ကျော်ကို ပိတ်သိမ်းပေးရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါမြို့နယ် အတွင်းရှိ အုတ်ဖုတ်လုပ်ငန်း ၁၇၀ ကျော်သည် လုပ်ငန်းမှတ်ပုံတင် မရှိခြင်းနှင့် အစိုးရပိုင် လယ်မြေများအပေါ်တွင် ကျူးကျော် လုပ်ကိုင်ခြင်းတို့ကြောင့် အုတ်ဖုတ်လုပ်ငန်းများကို ပိတ်သိမ်း ဖယ်ရှားခိုင်းခြင်းဖြစ်ကြောင်း အုတ်လုပ်ငန်းငန်းရှင်များက ပြောသည်။

Brick_indust_to_close“နှစ်ပေါင်းများစွာ အခြေချခဲ့ရတဲ့ ကျနော်တို့ ထမင်းအိုးကို ဖယ်ပေးဖျက်ပေးဆိုတဲ့ စကားတခွန်းနဲ့ ဖျက်စီးတယ်ဗျာ” ဟု တိုက်ကြီးမြို့တွင် အုတ်ဖုတ်လုပ်ငန်းကို ၁၅ နှစ်ကြာလုပ်ကိုင်ခဲ့သည့် ဦးအောင်ရင်က ဆိုသည်။

တိုက်ကြီးမြို့အတွင်းရှိ ရပ်ကွက်ကျေးရွာ လူကြီးများထံမှ လယ်မြေများ ၀ယ်ယူ၍သော်လည်းကောင်း၊ ငှားရမ်း၍သော်လည်း နားလည်မှုဖြင့် ၁၉၉၅ ခုနှစ်မှ စပြီး အုတ်ဖုတ်လုပ်ငန်းများ စတင်လုပ်ကိုင်ခဲ့ရာ ၂၀၁၁ ခုနှစ်တွင် တိုက်ကြီးမြို့နယ်၌ အုတ်ဖုတ်လုပ်ငန်း ၂၀၀ နီးပါး ရှိလာခဲ့သည်။

အဆိုပါ အုတ်ဖုတ်လုပ်ငန်းများအနက် တရားဝင် မှတ်ပုံတင်ဖြင့် အုတ်ဖုတ်လုပ်ငန်း လုပ်ကိုင်သည့် လုပ်ငန်းရှင် ၃၀ ကျော်သာရှိကြောင်း တိုက်ကြီးမြို့နယ် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

လယ်မြေဆုံးရူံးမှုများ ပပျောက်ရေးနှင့် သီးနှံအထွက်နှုန်း ပြန်လည်မြှင့်တင်မှု လုပ်ဆောင်ရေးများအတွက် တရားဝင် လိုင်စင်အမှတ် လန ၃၉၊ လုပ်ပိုင်ခွင့် ဥပဒေ ၅၃ မရှိသည့် အုတ်ဖုတ်လုပ်ငန်း ၁၇၀ ကျော်တို့ကို ပိတ်သိမ်းပေးရန် သြဂုတ်လလယ်တွင် စည်ပင်သာယာရေး ကော်မတီမှ လုပ်ငန်းရှင်များကို အသိပေးခဲ့ခြင်းဖြစ်သည်။

“တသက်လုံး ဒီအတိုင်း လုပ်လာတာဗျာ။ အခုမှ ခေါင်းစဉ်တွေတပ်တာက ကျူပ်တို့တွေ ငတ်ပေါက်ပဲ။ အလုပ်သမားတွေနဲ့ လုပ်ငန်းရှင်တွေ ဘယ်လိုစားသောက်ရမလဲဆိုတာ ထည့်မတွက်ကြဘူး” ဟု  တိုက်ကြီးမြို့နယ်တွင် ၁၅ နှစ်ကြာ အုတ်ဖုတ်လုပ်ငန်းလုပ်ကိုင်လာသူ ဦးအုန်းကြိုင်က ပြောသည်။

အုတ်ဖုတ်လုပ်ငန်းများ ပိတ်သိမ်းရန် သက်ဆိုင်ရာ အာဏာပိုင်များက ခေါ်ယူအသိပေးသော်လည်း ပြန်လည်နေရာချထားမည့် အစီအစဉ်များ ပါဝင်ခြင်း မရှိကြောင်း သိရသည်။

အုတ်ဖုတ်လုပ်ငန်းရှင်တချို့သည် မြေများကို ၀ယ်ယူလုပ်ကိုင်ခြင်း ဖြစ်သော်လည်း လက်ရှိတွင် ကျူးကျော်အဖြစ် သတ်မှတ်ခံရပြီး အဆိုပါ လယ်မြေပေါ်မှ ဖယ်ရှားပေးရမည်ဖြစ်ကြောင်း အုတ်ဖုတ်လုပ်ငန်းရှင်တဦးက ပြောသည်။

“စာချုပ်စာတမ်းနဲ့ ဦးကြီးတို့ ၀ယ်ခဲ့ပေမယ့် အဲဒီစာချုပ်က တရားမ၀င်တဲ့အတွက် ကျူးကျော်တာပဲတဲ့၊ ဖယ်ပေးရမယ်။ လုပ်ငန်းလည်း ပိတ်ပေးရမယ်ဆိုတော့ ဒုက္ခတွေများနေကြတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ အုတ်ဖုတ်လုပ်ငန်းများ ပိတ်သိမ်းလျှင် အုတ်လုပ်ငန်းရှင်များအပြင် အုတ်ဖုတ်လုပ်ငန်းတွင် လုပ်ကိုင်နေသော လုပ်သားများ၊ အုတ်သယ်ကားများတွင် အလုပ်လုပ်သော နေ့စားလုပ်သားများ စုစုပေါင်း ၈၀၀၀ ကျော် အလုပ်လက်မဲ့ ဖြစ်လာနိုင်သည်။

“တနေ့ ၁၅၀၀ နဲ့ ၂၀၀၀ ကြားရတဲ့ ငွေနဲ့ ထမင်းစားနေရတာ၊ လုပ်ငန်းတွေ ပိတ်ရင် သမီးတို့ စားဖို့အတွက် ဒုက္ခရောက်ပြီ။ အလုပ်တခုပြောင်းဖို့ အရမ်းခက်တာ” ဟု အုတ်လုပ်ငန်းတခုတွင် အုတ်သယ်သည့် နေ့စားအလုပ်သမတဦးက ပြောသည်။