နိုင်ငံပိုင်လုပ်ငန်းများ ပုဂ္ဂလိကသို့ငှားခြင်း ၁၀ နှစ်အတွင်း အပြီးသတ်မည်

Thursday, 01 September 2011 13:22
Print
အရှုံးပေါ်နေသော နိုင်ငံပိုင် စက်မှုလုပ်ငန်းများကို ၁၀ နှစ်အတွင်း ပုဂ္ဂလိကသို့ ငှားရမ်းလွှဲပြောင်း ပေးသွားမည်ဖြစ်ကြောင်း သြဂုတ်လ ၁၉ ရက်က နေပြည်တော် မြန်မာကွန်ဗင်းရှင်း စင်တာတွင် ကျင်းပသည့် စီးပွားရေးဖိုရမ်၌ အမှတ် ၁ နှင့် အမှတ် ၂ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။

“၅ နှစ်အတွင်း တော်တော်များများ လွှဲမယ်။ ၁၀ နှစ်အတွင်းမှာ အပြီးသတ်လွှဲမယ်” ဟု သူက ဆိုသည်။

အမှတ် ၁ နှင့် ၂ စက်မှုဝန်ကြီးဌာန တာဝန်ရှိသူတဦးကလည်း ၂၀၁၅ အာဆီယံ လွတ်လပ်စွာ ကုန်သွယ်မှုတွင် ယှဉ်ပြိုင်နိုင်ရန် အတွက် ပုဂ္ဂလိက လုပ်ငန်းရှင်းများကသာ တတ်နိုင်မည် ဖြစ်ကြောင်း ပြောသည်။

“နိုင်ငံပိုင်လုပ်ငန်း အနေနဲ့ ဘယ်လောက်ပဲလုပ်လုပ် နှစ်ချုပ်ရင် အရှုံးပြတာပဲ။ ဒါကြောင့် ပုဂ္ဂလိက လုပ်ငန်းရှင်တွေ အနေနဲ့ကလည်း ပြင်ဆင်ထားဖို့လိုတယ်” ဟု သူက ဆက်ပြောသည်။

ယခုရက်ပိုင်းအတွင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ အရက်ချက်စက်ရုံ ၁ ရုံနှင့် သကြားစက်ရုံ ၄ ရုံတို့ကို ပုဂ္ဂလိက လုပ်ငန်းရှင်များထံ တနှစ်လျှင် ကျပ်သန်း ၁၀၅၀ ဖြင့် နှစ် ၃၀ ငှားရမ်း လုပ်ကိုင်ခွင့် ပြုခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

၎င်းတို့အနက် ပျဉ်းမနား သကြားစက်ရုံ ၂၊ ၃ နှင့် ပျဉ်းမနားအရက်ချက် စက်ရုံတို့ကို ယုဇနကုမ္ပဏီမှ တရုံလျှင် ကျပ်သန်း ၁၅၀ နှုန်းဖြင့် လည်းကောင်း၊ အမှတ် ၅ သကြားစက် (မြို့လှ) ကို အင်တာနေရှင်နယ် ဂိတ်ဝေးကုမ္ပဏီက ကျပ်သန်း ၃၀၀ ဖြင့် လည်းကောင်း၊ အမှတ် ၆ သကြားစက် (ရေတာရှည်) ကို Delicious food ကုမ္ပဏီမမှ ကျပ်သန်း ၃၀၀ ဖြင့် လည်းကောင်း ငှားရမ်း လုပ်ကိုင်ခွင့် ရရှိခဲ့သည်။

ပုဂ္ဂလိကသို့ နိုင်ငံပိုင်စက်ရုံ အလုပ်ရုံများ ငှားရမ်းလွှဲပြောင်းခြင်းအားဖြင့် စီမံခန့်ခွဲမှု၊ ထိရောက်မှု၊ ယှဉ်ပြိုင်နိုင်မှုများ တိုးတက် စေမည်ဟု ရန်ကုန်အခြေစိုက် စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောသည်။

ဆည်မြောင်းဦးစီးဌာနမှ တာဝန်ရှိသူတဦးကလည်း ၎င်းဌာနမှ စက်ရုံ ၅ ရုံကို ပုဂ္ဂလိကသို့ ငှားရမ်းလိုက်သဖြင့် တနှစ်လျှင် ကျပ်သန်း ၁၀၅၀ ရမည်ဖြစ်ကြောင်း၊ ယခင်က ၀န်ထမ်း လစာပေးစရိတ် တနှစ်လျှင် ကျပ်သန်း ၁၀၀၀ ခန့်ကိုလည်း ကုန်ကျစရာ မလိုတော့သဖြင့် အသားတင် ရမည့် ငွေနှင့် ပေါင်းပါက ယခုအခါ အဆိုပါဌာနက ကျပ်သန်း ၂၀၀၀ ကျော် သက်သာ သွားသည့်သဘော ဖြစ်ကြောင်း ရှင်းပြသည်။

“ပုဂ္ဂလိက လွှဲတယ်ဆိုတာ ကောင်းပါတယ်။ ဒါပေမယ့် ကိုယ်နဲ့ သင့်ရာ လွှဲပေးနေရင်တော့ မကောင်းပါဘူး။ တကယ် လုပ်နိုင်တဲ့ သူတွေကိုပဲ လွှဲပေးစေချင်ပါတယ်” ဟု စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောသည်။

ဖွံ့ဖြိုးပြီး နိုင်ငံများ၏ ဂျီဒီပီတွင် စက်မှုကဏ္ဍမှ ၄၀ မှ ၅၀ ရာခိုင်နှုန်းအထိ ပါဝင်သော်လည်း မြန်မာနိုင်ငံ၏ ဂျီဒီပီတွင် စက်မှုကဏ္ဍမှ ၂၆ ရာခိုင်နှုန်းသာ ရှိသည်ဟု ၀န်ကြီး ဦးစိုးသိန်းက ၎င်း၏ စာတမ်းတွင်ဖော်ပြ ထားသည်။