ကော့သောင်း သဲတူးမှု ကျေးရွာများ ထိခိုက်

Thursday, 01 September 2011 17:20
Print
တနင်္သာရီတိုင်း ကော့သောင်း ရေပိုင်နက်အတွင်း သင်္ဘောကြီးများဖြင့် သဲတူးဖော်ရေ လုပ်ငန်းများ ပြုလုပ်နေသောကြောင့် ကျွန်းစုများတွင် နေထိုင်လျက်ရှိသော ကျေးရွာများ ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

Sandစင်ကာပူနိုင်ငံမှ ကုမ္ပဏီများက သဲတန်ချိန် ၁ သိန်း နီးပါးခန့် တင်ဆောင်နိုင်သည့် သင်္ဘောကြီး ၅ စီး၊ သဲတူး သင်္ဘော ၈ စီးတို့ဖြင့် ပါချန်နှင့် တနင်္သာရီမြစ်ဆုံတွင် ပြီးခဲ့သော ဇူလိုင်လမှ စတင်၍ တူးဖော်ခဲ့ကြောင်း ကော့သောင်း အခြေစိုက် သဘာဝ ဘေးအန္တရာယ် ကာကွယ်တားဆီးရေး ကွန်ရက်အဖွဲ့က ပြောကြားသည်။

လတ်တလော သဘာဝ ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေသည့် ကျေးရွာများနှင့်ပတ်သက်၍ နေပြည်တော်ရှိ အစိုးရ အာဏာပိုင်များထံ ကန့်ကွက်စာပေးပို့ရန် စီစဉ်ထားကြောင်း ယင်းကွန်ရက်အဖွဲ့မှ တာဝန်ခံ ဦးမြင့်သိန်းက ဧရာဝတီသို့ ပြောသည်။

ယင်း သဲတူးဖော်ရေး လုပ်ငန်းများကြောင့် ရေအောက် ချိုမ့်ဝှမ်းအတွင်းသို့ အစားထိုးနွံများ၊ သဲများ စီးဆင်နေသဖြင့် ကော့သောင်းမြို့နယ်မှ စက်လှေဖြင့် မိနစ် ၂၀ ခန့် သွားရသည့် ခရုကျွန်း (ခေါ်) ရွာသာရွာ၊ သီရိမြိုင်ရပ်ကွက်၊ ဘုရင့်နောင် ရပ်ကွက်၊ ပုလိုတုံတုံးကျေးရွာ၊ ဆလုံကျွန်း၊ ရွှေပြည်စိုး ကျေးရွာအုပ်စု တို့တွင် ကမ်းပါးပြိုမှု၊ သဲသောင်ပျက်စီးမှုများ ဆိုးဆိုးရွားရွား ကြုံတွေ့နေရခြင်း ဖြစ်ကြောင်း သိရသည်။

သဲသောင်များဖြင့် ၀န်းရံထားသော ရွာသာရွာသည် အိမ်ခြေ ၁၂၀၊ လူဦးရေ ၄၀၀ ကျော် ရှိပြီး ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးကြသော ကျွန်းစုကလေး ဖြစ်သည်။

“ရွာလေးက အရင် သူတို့ မိရိုးဖလာ လှေငယ်လေးတွေနဲ့ တပိုင်တနိုင် လုပ်စားကြတယ်။ နောက်တော့ အသက်မွေးဝမ်းကြောင်းလည်း ပျက်စီးတဲ့ ပုံစံမျိုးတွေ ဖြစ်သွားတယ်” ဟု ကော့သောင်းဒေသခံ ကိုတိုးက ပြောသည်။

ယင်းကျေးရွာသည် သဲတူးဖော်နေသည့် သင်္ဘောကြီးများ၏ လုပ်ကွက်နှင့် အလွန်နီးကပ်သောကြောင့် သဲခုံများ ၄ ပေခန့် နိမ့်ဆင်းသွားကြောင်း သိရသည်။

“သဲတွေကို ပိုက်အကြီးနဲ့ စုပ်တယ်ဆိုတော့ အောက်က ငါးတွေလည်း မခံနိုင်ဘူး။ တော်တော်များများ ငါးတွေလည်း ပျောက်ကုန်ပြီ” ဟု ကိုတိုးက ဆိုသည်။

ပင်လယ်ရေ သတ္တ၀ါများ နားခိုကျက်စားရာ သန္တာကျောက်တန်းများ ပျက်စီးသွားသောကြောင့် ငါး၊ ပုဇွန်၊ ဂဏန်းနှင့် တခြားရေသတ္တ၀ါများ ရှားပါးပျောက်ကွယ်သွားပြီး ရေလုပ်ငန်းများဖြင့် ရပ်တည်နေသော ဒေသခံများလည်း ၀မ်းစာအတွက် တနေ့တခြား ခက်ခဲလာကြောင်း သဘာဝ ဘေးအန္တရာယ် ကာကွယ်တားဆီးရေး ကွန်ရက်အဖွဲ့က ပြောသည်။

သဲခုံပေါ်တွင် ဆောက်လုပ်ထားသည့် အိမ်ခြေ ၅ လုံးခန့် ပျက်စီးမည့် အခြေအနေသို့ ရောက်ရှိနေပြီး အင်္ဂတေဖြင့် ခိုင်မာစွာ ဆောက်လုတ်ထားသော နတ်စင်လည်း ပြိုကျနေကြောင်း သိရသည်။ 

ယခုအခါ ကမ်းခြေရှိ သဲခုံ အနေအထားများကြောင့် သဘာဝဘေး အန္တရာယ်နှင့် ရင်ဆိုင်ရလာနိုင်သည်ဟု ယူဆပြီး ကျေးရွာဒေသခံများက စိုးရိမ်နေကြသည်။ 

သဘာဝ ဘေးအန္တရာယ် ကာကွယ်တားဆီးရေး ကွန်ရက်အဖွဲ့က မြစ်ကြောင်းများ ထိမ်းသိမ်းခြင်းဆိုင်ရာ ဥပဒေများကို ပိုမိုထိရောက်စွာ ထိမ်းသိမ်းလိုက်နာကြရေးအတွက် အာဏာပိုင်များ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူများအနေဖြင့် တတ်နိုင်သည့်ဘက်မှ ကူညီရန် တိုက်တွန်းထားသည်။  

မြန်မာနိုင်ငံသည် စင်ကာပူနိုင်ငံအတွက် လိုအပ်သော သဲများကို ၂၀၀၇ ခုနှစ် နောက်ပိုင်းမှစ၍ အဓိက ထောက်ပံ့ပေးနေခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံသည်လည်း ယင်းကမ်းရိုးတမ်းမှ သဲများကို စင်ကာပူသို့ ရောင်းချနေပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုကြောင့် ပြည်တွင်း လူမှုရေးအဖွဲ့များက ဝေဖန်နေကြသည်။

မလေးရှား၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်နိုင်ငံတို့က သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများကြောင့် ယင်းနိုင်ငံတို့၏ ကမ်းရိုးတမ်းများမှ သဲများရောင်းချခြင်းကို ရပ်ဆိုင်းခဲ့သည်။