တပ်သားသစ် အဓမ္မစုဆောင်းမှု KIA ငြင်းဆို

Friday, 02 September 2011 18:06
Print
ကချင်လွတ်လပ်ရေး တပ်မတော် (KIA) က တပ်သားသစ်များ အတင်းအဓမ္မ စုဆောင်းနေကြောင်း အစိုးရ၏ စွပ်စွဲချက်နှင့် ပတ်သက်၍ အခြေအမြစ် မရှိသည့် စွပ်စွဲချက်များ ဖြစ်သည်ဟု KIA က ငြင်းဆိုလိုက်သည်။

KIA_Officers_TensionsKIA တပ်ဖွဲ့ဝင်များက ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲ အတွင်းရှိ ကျေးရွာများမှ ဒေသခံများအား ၎င်းတို့၏ တပ်ဖွဲ့သို့ ၀င်ရောက် စစ်မှုထမ်းစေရန် အတင်းအဓမ္မ လူသစ်စုဆောင်း လျက်ရှိကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။

“ကျနော်တို့ဘက်ကို ရောက်လာတဲ့ လူငယ်တွေကတော့ အားလုံးက ကိုယ်ထမ်းဆောင်ရမယ့် တာဝန်ကို ကိုယ့်အသိနဲ့ကိုယ် တာဝန်ယူပြီးမှ ရောက်လာတဲ့ လူတွေချည်းပဲ။ အတင်းအဓမ္မ လိုက်စုဆောင်းတာမျိုး မလုပ်ပါဘူး” ဟု ကချင်လွတ်လပ်ရေးအဖွဲ့  (KIO) တွဲဖက်အတွင်းရေးမှူး ဦးလနန်က ဧရာဝတီသို့ ပြောသည်။

KIA တပ်ဖွဲ့ထဲသို့ မိမိအသိစိတ်နှင့် ရောက်ရှိလာသူများသည် အသက် ၂၀ မှ ၂၅ နှစ် အရွယ် လူငယ်များ ပိုများလာပြီး လတ်တလော အဆက်မပြတ် စစ်သင်တန်များ ပေးနေရကြောင်း ၎င်းက ဆိုသည်။

ယနေ့ထုတ် အစိုးရသတင်းစာတွင် အောက်တာဆိုင် ကျေးရွာ၊ အထက်တာဆိုင် ကျေးရွာ၊ တိမ်းမကြိုင်း ကျေးရွာ၊ မိုင်းမ ကျေးရွာများမှ တအိမ်ထောင်လျှင် အမျိုးသား တဦးစီ KIA အဖွဲ့သို့ ၀င်ရောက် စစ်မှုထမ်းရမည် ဖြစ်ကြောင်း၊ စစ်မှုမထမ်းနိုင်သည့် အိမ်ထောင်စုများကို အဆိုပါ ကျေးရွာများ၌ နေထိုင်ခွင့် မပြုကြောင်း ကြေညာပြီး ဒေသခံ ပြည်သူများအား အတင်းအဓမ္မ လူသစ် စုဆောင်းနေသည်ဟု ရေးသားထားသည်။

“ရွာသူရွာသားတွေက ကိုယ်ဘာလုပ်ရမလဲ ဆိုတာ သိလာကြတယ်။ အခုရပ်ရွာထဲမှာလည်း လုံခြုံစိတ်ချမှုဆိုတာ မရှိတော့ဘူး။ တချို့ရွာတွေမှာဆို ဒုက္ခသည်ပုံစံနဲ့ အားလုံး ထွက်ပြေးတိမ်းရှောင်တဲ့အခါမှာ သူတို့ အိမ်ထဲမှာရှိတဲ့ ဆန်၊ စပါးတွေကို အစိုးရတပ်က ယူပြီစားသောက်တာတွေ ရှိတယ်။ အဲဒီလိုမျိုးဖြစ်လာတဲ့အခါ ရွာသားတွေကလည်း ကိုယ့်ရဲ့အခြေအနေက ဘာမှ လုံခြုံစိတ်ချမှုမရှိတော့ ဆုံးဖြတ်ပြီးတော့ ၀င်လာကြတာပါ” ဟု ဦးလနန်က ရှင်းပြသည်။

စစ်အစိုးရသည် မိုးမောက်မြို့နယ်အတွင်း တာပိန်ရေအားလျှပ်စစ် စီမံကိန်းအနီးရှိ KIA တပ်များအား လုံခြုံရေးအရ စိတ်မချရဟု အကြောင်းပြ၍ ထွက်ခွာရန် ပြောဆိုခဲ့ပြီး KIA ဘက်ကလည်း ကချင်ဒေသတွင်းရှိ အစိုးရတပ်များအား ထွက်ခွာရန် ပြန်လည်တောင်းဆိုကြရာမှ မပြေလည်ဘဲ နှစ်ဖက်တိုက်ပွဲများ စတင်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့သည့် အစိုးရတပ်နှင့် KIA အကြား တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူပေါင်း ၂၀၀၀၀ ကျော် ရှိပြီး တရုတ်-မြန်မာ နယ်စပ် တလျှောက်ရှိ KIA ထိန်းချုပ် ဒေသများ၊ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့များရှိ ဆွေမျိုးများ၊ ဘာသာရေး အဆောက်အအုံများတွင် ခိုလှုံနေကြရကြောင်း သိရသည်။

ကချင် ဒုက္ခသည်များကို KIA အပါအ၀င် ဒေသခံ ဘုရားကျောင်းများနှင့် အဖွဲ့အစည်းတချို့တို့မှ ကောက်ခံရရှိထားသော အလှူ ငွေများဖြင့် ထောက်ပံ့ပေးထားရကြောင်း သိရှိရသည်။