ငြိမ်းကော်မတီကို တိုင်းရင်းသားများ ကြိုဆို

Friday, 02 September 2011 18:39
Print

ပြည်တွင်းငြိမ်းချမ်းရေး ကော်မတီတရပ် ဖွဲ့စည်းရေးအတွက် အမျိုးသားလွှတ်တော်က အတည်ပြုခြင်းကို တိုင်းရင်းသားခေါင်းဆောင်များက ကြိုဆိုလိုက်ပြီး လက်တွေ့ အကောင်အထည် ဖော်ရန် တိုက်တွန်းလိုက်ကြသည်။

သြဂုတ်လ ၃၀ ရက်နေ့တွင် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဦးထွန်းလွင်က “မြန်မာနိုင်ငံအတွင်း ထာဝရ ငြိမ်းချမ်းပြီး တည်ငြိမ်အေးချမ်းမှု တည်ဆောက် ထိန်းသိမ်းရေး အမြဲတမ်း ကော်မတီတရပ် ဖွဲ့စည်းရေးအတွက် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုတရပ် တင်သွင်းခဲ့ရာ လွှတ်တော်က အတည်ပြုပေးခဲ့သည်။

ထာဝရ ငြိမ်းချမ်းရေးကို ဖော်ဆောင်မည် ဆိုလျှင် အစိုးရက တနိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး တရားဝင်ကြေညာပေးခြင်း၊ ဆွေးနွေးရာ၌ ပြည်နယ်အဆင့် မဟုတ်ဘဲ  လုပ်ပိုင်ခွင့်အာဏာအပြည့်ရှိသော ပြည်ထောင်စုအဆင့် အစိုးရနှင့် ဆွေးနွေးခြင်းတို့ကို ပြုလုပ်ရမည် ဖြစ်ကြောင်း၊ တိုင်းရင်းသားတို့၏ အခြေခံရပိုင်ခွင့်များ အတိုင်းအတာ တခုအထိ ရရှိမှသာ ငြိမ်းချမ်းရေးဖော်ဆောင်မှု အောင်မြင်နိုင်မည် ဖြစ်ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သည့် ဦးအေးသာအောင်က ပြောသည်။

“တိုင်းရင်းသားအဖွဲ့တွေက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံဘူး၊ အစိုးရက ဖွဲ့စည်းပုံကို ဘယ်လောက်အထိ ကျော်ပြီးလုပ်နိုင်မလဲ၊ အစိုးရက ဖွဲ့စည်းပုံအတိုင်း ဆွေးနွေးမယ် ဆိုတော့ ငြိမ်းချမ်းရေးက ဘယ်တော့မှ ရလာမှာ မဟုတ်ဘူး၊ ၁၉၆၉ ခုနှစ်ကလည်းပဲ ဆွေးနွေးခဲ့ပေမယ့် ဖွဲ့စည်းပုံကို အစိုးရက ပြင်မပေးနိုင်လို့ ငြိမ်းချမ်းရေး ပျက်ခဲ့ရတယ်” ဟု ဦးအေးသာအောင်က ဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ကလည်း ငြိမ်းချမ်းရေး ကော်မတီ ဖွဲ့စည်းမည့် အစီအစဉ်ကို  သံသယဖြင့် ကြိုဆိုလိုက်သည်။

“မြန်မာအစိုးရက စေတနာအမှန်နဲ့ လုပ်မယ် ဆိုရင် ကြိုဆိုပါတယ်၊ ဒါပေမယ့် ဘယ်လိုစည်းမျဉ်း၊ စည်ကမ်းတွေနဲ့ လုပ်မယ် ဆိုတာ စောင့်ကြည့်ရဦးမှာပါ” ဟု KNU အထွေထွေ အတွင်းရေးမှူး နော်ဖိုးရာစိန်က ဆိုသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ တွဲဖက် အတွင်းရေးမှူး  ဦးလနန်က ကော်မတီဖွဲ့စည်းခြင်းကိစ္စသည် အစိုးရ၏ လုပ်ရပ်သာ ဖြစ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအတွင်းမှသာ ငြိမ်းချမ်းရေး ဖော်ဆောင်မည် ဆိုပါက ထူးခြားမှု တစုံတရာ ပေါ်ပေါက်လာမည် မဟုတ်ကြောင်း ပြောဆိုသည်။

“ငြိမ်းချမ်းရေးဖော်ဆောင်နိုင်တာ၊ မနိုင်တာက ဗဟိုအစိုးရရဲ့ ဘယ်အတိုင်းအတာထိ လိုက်လျောပေးမယ် ဆိုတဲ့အပေါ် မူတည်တယ်၊ မျှော်လင့်ချက်တော့ သိပ်မရှိဘူး” ဟု ဦးလနန်က ဆိုသည်။

ငြိမ်းချမ်းရေးကော်မတီသည် ၂၀၀၈ ဖွဲ့စည်းပုံအရ ပေါ်ပေါက်လာသော သမ္မတဦးသိန်းစိန်အစိုးရက ပြောဆိုခြင်းဖြစ်၍ ဦးသိန်းစိန် အနေဖြင့် စစ်တပ်အပြင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံမှု ရမှသာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ မည်သည့် အချိန်၌ ကော်မတီ ဖွဲ့စည်းပြီး၊ မည်သည့် ပုဂ္ဂိုလ်များ ပါဝင်ခွင့်ရမည် ဆိုသည်ကို မသိရသေးပေ။

ငြိမ်းချမ်းရေးကော်မတီဖွဲ့စည်းရေးအဆိုအား အရပ်သား ကိုယ်စားလှယ်များအပြင် စစ်တပ်ကိုယ်စားလှယ်ကပါ ထောက်ခံခဲ့ခြင်း ဖြစ်သည်။ ပြည်တွင်း၌ ငြိမ်းချမ်းရေး မဖော်ဆောင်နိုင်သေးသဖြင့် နိုင်ငံတိုးတက်မှု မရှိကြောင်း စစ်တပ်ကိုယ်စားလှယ် တဦးဖြစ်သူ ဗိုလ်မှူးကြီး မောင်မောင်ကြီးက လွှတ်တော်တွင် ထောက်ခံဆွေးနွေးခဲ့သည်။

ကော်မတီ၌ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အများပြည်သူ လေးစားသော ပုဂ္ဂိုလ်များ၊ တိုင်းရင်းသားကိုယ် စားလှယ်များ ပါဝင်ရေးကို စစ်တွေ မဲဆန္ဒနယ်အမှတ်(၁) မှ ဒေါက်တာ အေးမောင်က ဆွေးနွေးခဲ့သည်။

အစိုးရက ဦးဆောင်မည့် ငြိမ်းချမ်းရေး ကော်မတီတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့် ရနိုင်ချေ နည်းပါးကြောင်း ယူဆသူများလည်း ရှိသည်။

“ဘယ်သူတွေပါတယ် ဆိုတာထက် ငြိမ်းချမ်းရေး ဖော်ဆောင်တာကို လက်တွေ့ လုပ်ပြဖို့၊ မြန်မြန်ဆန်ဆန် အကောင်အထည် ဖော်ဆောင်ဖို့က အဓိက ကျပါတယ်” ဟု ဦးအေးသာအောင်က ဆိုသည်။

ပြည်တွင်း ငြိမ်းချမ်းရေးကို မကြာခဏ တောင်းဆိုနေသော စာရေးဆရာကြီး ဒဂုန်တာရာ၊ ၀ါရင့်နိုင်ငံရေးသမားနှင့် သံတမန်ဟောင်း တဦးဖြစ်သူ သခင်ချန်ထွန်းတို့ကိုလည်း ကော်မတီ၌ ထည့်သွင်းသင့်သည်ဟု လွှတ်တော်ကိုယ်စားလှယ်တချို့က ပြောသည်။

အတွေ့အကြုံရှိသည့်ပုဂ္ဂိုလ်များ ပါဝင်ခွင့်ရမည်ဆိုပါက လက်ခံကြိုဆိုမည်ဖြစ်ကြောင်း၊ အကြံဉာဏ်တောင်းခံလျင်လည်း ပေးမည်ဖြစ်ကြောင်း သခင်ချန်ထွန်းက ပြောလိုက်ပြီး ထာဝရ ငြိမ်းချမ်းရေး ဖော်ဆောင်ရန် အမြန်ဆုံး လုပ်ဆောင်သင့်ပြီဟု  တိုက်တွန်းလိုက်သည်။

“စစ်မှန်တဲ့ ငြိမ်းချမ်းရေး တကယ်ဖြစ်မယ်၊ မဖြစ်ဘူး ဆိုတာကတော့ လက်ရှိအာဏာ ရနေတဲ့ ဦးသိန်းစိန် အစိုးရအပေါ်မှာပဲ မူတည်ပါတယ်” ဟု ဦးချန်ထွန်းက ဆိုသည်။

ထာဝရ ငြိမ်းချမ်းရေး ကော်မတီ ပေါ်ပေါက်လာမည် ဆိုပါက တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးကော်မတီ လက်အောက်တွင် ဆောင်ရွက်ရမည်ဖြစ်သည်။

တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးကော်မတီ၏ ဥက္ကဋ္ဌမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်တဦးဖြစ်သူ ဦးသိန်းဇော် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးချိန်မှစပြီး လက်နက်ကိုင်အဖွဲ့များ ပေါ်ပေါက်လာပြီး ပြည်တွင်းစစ် ဖြစ်ပွားခဲ့သည်။ ၁၉၈၈ နောက်ပိုင်းတွင် အစိုးရက လက်နက်ကိုင်အဖွဲ့အများအပြားနှင့် အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်နိုင်ခဲ့သော်လည်း ယနေ့အချိန်အထိ တည်ငြိမ်အေးချမ်းမှု မရှိသေးပေ။ တိုင်းရင်းသားဒေသများတွင် တိုက်ပွဲများ အဆက်မပြတ် ဖြစ်ပွားလျက်ရှိသည်။