မြောက်ကိုရီးယား စားသောက်ဆိုင် ရန်ကုန်တွင် ဖွင့်ပြီ

Saturday, 03 September 2011 14:59
Print
ရန်ကုန်မြို့တွင် ပထမဆုံး မြောက်ကိုရီးယား စားသောက်ဆိုင်ကို ဇူလိုင်လအတွင်းက ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

“ပြုံယမ်း ကော်ယို” ဟု အမည်ပေးထားသည့်  မြောက်ကိုရီးယား စားသောက်ဆိုင်သည် ၂၀၀၇ ခုနှစ် ဧပြီလအတွင်းက နှစ်နိုင်ငံသံတမန် ဆက်ဆံရေး တရားဝင် ပြန်လည်ပြုလုပ်ပြီးနောက်ပိုင်း ပထမဆုံးဖွင့်လှစ်သည့် စားသောက်ဆိုင်ဖြစ်သည်။

22007-nkorea670လွန်ခဲ့သော ၂၈ နှစ်က ရန်ကုန်မြို့ အာဇာနည်ဗိမ္မာန်သို့ လာရောက်လည်ပတ်သည့် တောင်ကိုရီုးယားသမ္မတ ချန်ဒူးဝှမ်နှင့်အဖွဲ့ဝင် များကို မြောက်ကိုရီးယားတို့က ဗုံးခွဲတိုက်ခိုက်ခဲ့သည်။

ထိုစဉ်က မြောက်ကိုရီးယား ကွန်မန်ဒို ၃ ဦး၏ ဗုံးခွဲတိုက်ခိုက်မှုတွင် သမ္မတ ချန်ဒူးဝှမ် အသက်မသေဘဲ လွတ်မြောက်ခဲ့သော်လည်း တောင်ကိုရီးယား ၀န်ကြီး ၄ ဦး အပါအ၀င် စုစုပေါင်း ၂၁ ဦးသေဆုံးခဲ့ပြီး  မြန်မာနှင့် မြောက်ကိုရီးယားအကြား သံတမန် ဆက်ဆံရေးလည်း ပြတ်တောက်ခဲ့သည်။

သို့သော် စစ်အစိုးရလက်ထက်တွင် ၁၉၉၃ ခုနှစ်မှစတင်ပြီး နှစ်နိုင်ငံအကြား လျှို့ဝှက်စစ်ရေး ပူးပေါင်းဆောင်ရွက်မှု ပြန်လည်ပြုလုပ်ခဲ့ပြီး မြန်မာစစ်တပ် အဆင့်မြှင့်ရေးအတွက် မြောက်ကိုရီးယားက လူအင်အားနှင့် နည်းပညာ ကူညီခဲ့သည်။

“ပြုံယမ်း ကော်ယို” ကို ဆိတ်ငြိမ်ရပ်ကွက်ဖြစ်သည့် လူကုံထံများနေထိုင်ရာ ဗဟန်းမြို့နယ် ဆရာစံလမ်း ခြံအမှတ် A-5 တွင် ဖွင့်လှစ်ထားပြီး တလမ်းထဲရှိ ခြံအမှတ် A-17 တွင် ရန်ဘက် တောင်ကိုရီးယား၏ ဒေဝန်းဂတ် စားသောက်ဆိုင်လည်း ဖွင့်လှစ်ထားသည်။

ရန်ကုန်သံတမန်အသိုင်းအ၀န်းမှ အမည်မဖော်လိုသူတဦး၏ အဆိုအရ ကိုရီးယား အစားအစာများအပြင် ရိုးရာဂီတဖြင့်ပါ ဖျော်ဖြေကြောင်း၊ မြောက်ကိုရီးယား သံရုံးနှင့် ဆက်သွယ်လုပ်ကိုင်ရသူများ တွေ့ဆုံရန် နေရာတခုလည်း ဖြစ်လာနိုင်ကြောင်း သိရသည်။

နေ့လည်စာနှင့် ညစာများ သုံးဆောင်နိုင်ပြီး ဈေးနှုန်းမှာ ၁ သောင်းမှ ၃ သောင်း ၅ ထောင် ကျပ်အထိ ကျသင့်နိုင်သည်ဟုလည်း သိရှိရသည်။

“မြောက်ကိုရီးယားသံရုံးနဲ့ အလုပ်ကိစ္စတို့၊ စီးပွားရေးကိစ္စတို့ ရှိသူတွေ အလွတ်သဘော ပြောဖို့ဆိုဖို့ ဆုံရပ်တခုပေါ့” ဟု ၎င်းက ပြောသည်။

စားသောက်ဆိုင် ၀န်ထမ်းများမှာ ကိုရီးယား ဘာသာစကားကိုသာ ပြောဆိုသုံးစွဲသည့်အတွက် မြန်မာနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် ကိုရီးယားလူမျိုးများအတွက် ရည်ရွယ် ဖွင့်လှစ်ပုံရကြောင်း ၎င်းက ဆက်ပြောသည်။

ဧရာဝတီက ဆက်သွယ်မေးမြန်းမှုကိုလည်း ဆိုင်ဝာာဝန်ခံက အင်္ဂလိပ်စကား အနည်းအကျဉ်းသာပြောဆိုပြီး ကိုရီးယား ဘာသာ စကားဖြင့်သာ ဆက်လက်ရှင်းပြသည်။

မြောက်ကိုရီးယား ခေါင်းဆောင်ကြီး ကင်ဂျုံအီးလ်၏ အထုပ္ပတ္တိကို ဘာသာပြန်ဆိုခဲ့သည့် စာရေးဆရာ ဦးဟိန်းလတ်က အဆိုပါ စားသောက်ဆိုင်ကို ရန်ကုန်မြို့ရှိ မြောက်ကိုရီးယားသံရုံးမှ ဖွင့်လှစ်ခြင်းဖြစ်သည် ဟုဆိုသည်။

“သံရုံးထောက်ပံ့မှုမပါဘဲ မဖွင်ဘူး။ သံအမတ်ကြီးကလည်း ဆိုင်ကိုလာစားဖို့ ဖိတ်တယ်” ဟု ၎င်းက ဆိုသည်။

မြောက်ကိုရီးယား သံရုံးအသိုင်းအ၀န်းမှသူများ ထောက်လှမ်းရေး လုပ်ငန်းအတွက် တွေ့ဆုံရာ နေရာတခုဟု ထင်မြင်ကြောင်းလည်း ဦးဟိန်းလတ်က ဆက်ပြောသည်။

ယခင် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်လက်ထက်တွင် မြောက်ကိုရီးယားနိုင်ငံသည် ရန်ကုန်မြို့တွင် ကိုရီးယား စားသောက်ဆိုင် ဖွင့်လှစ်ခွင့်ပြုရန် တောင်းဆိုခဲ့ဖူးသော်လည်း နိုင်ငံတကာ၏ ငြိုငြင်မှုကို မခံယူလိုသည့်အတွက် ဖွင့်လှစ်ခွင့်မပေးခဲ့ကြောင်း ယခင် စစ်ထောက်လှမ်းရေး ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က ပြောသည်။

“ဆိုင်ကို ဗန်းပြပြီး နောက်ကွယ်က လှုပ်ရှားရတာ အကောင်းဆုံးပေါ့ ” ဟု ၎င်းက ဆိုသည်။

မြောက်ကိုရီးယားနှင့် မြန်မာအစိုးရအကြား နျူကလီးယား လက်နက်ထုတ်လုပ်ရေး၊ စစ်ဘက်ဆိုင်ရာ မြေအောက် လှိုဏ်ခေါင်းများ ဖောက်လုပ်ရေးတို့တွင် ပိုမိုပူးပေါင်းဆောင်ရွက်လာသည်ဟု ဆက်ပြောသည်။

မြန်မာ့အရေးလေ့လာသူ ဆွီဒင်လူမျိုး သတင်းစာဆရာ ဘာတေးလ် လစ်တနာအဆိုအရ မြောက်ကိုရီးယားတို့သည် ၂၀၀၂ ခုနှစ်က အရှေ့တောင်အာရှတွင် ပထမဆုံး စားသောက်ဆိုင်ကို ကမ္ဘာလှည့်ခရီးသည် အများအပြား လာရောက်သည့် ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိမြို့တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ နောက်တနှစ်တွင် မြို့တော် ဖနွမ်းပင်၌ ဒုတိယမြောက်ဆိုင်ကို ထပ်မံဖွင့်လှစ်ကြောင်း သိရသည်။

ထို့နောက် ၂၀၀၆ ခုနှစ်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြောက်ကိုရီးယား သံရုံးအနီးတွင် တတိယမြောက် စားသောက်ဆိုင်ကို ဖွင့်လှစ်ပြီး ယခုမြန်မာနိုင်ငံ ရန်ကုန်မြို့တွင် စတုတ္ထမြောက်ဆိုင်ကို ဖွင့်လှစ်ခြင်းဖြစ်သည်။