ကချင်ခေါင်းဆောင်သတင်း KIA ငြင်းဆို

Tuesday, 06 September 2011 18:39
Print
ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၏ အစည်းအဝေး တခုအတွင်း ခေါင်းဆောင်များ အငြင်းပွားကြပြီး ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု အစိုးရ မီဒီယာများတွင် ဖော်ပြထားခြင်းမှာ လုပ်ကြံ ၀ါဒဖြန့်မှုသာ ဖြစ်သည်ဟု KIA က ယနေ့ ပြောဆိုလိုက်သည်။

gen-kiaစက်တင်ဘာလ ၁ ရက်နေ့က ပြုလုပ်ခဲ့သည့် ကချင်ပြည်နယ် လိုင်ဇာမြို့ရှိ အစည်းအဝေးတွင် ငြိမ်းချမ်းရေးလိုလားသူများ နှင့် စစ်လိုလားသူ KIA ခေါင်းဆောင်များ  အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားကာ တဦး သေဆုံးပြီး ခေါင်းဆောင် တဦး ဒဏ်ရာရရှိသွားကြောင်း  ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

“သူတို့ ရေးထားတဲ့ဟာ တချက်မှ မှန်ကန်တာ မပါဘူးခင်ဗျာ။ လုံးဝ ကျနော် အာမခံပြီး ပြောပါတယ်” ဟု KIA ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်သော ကချင် လွတ်လပ်ရေး အဖွဲ့၊ တွဲဘက် အထွေထွေ အတွင်းရေးမှူး ဦးလနန်က ဧရာဝတီကို ပြောသည်။

“အစိုးရက အဲဒီလို ရေးလိုက်တဲ့ အတွက်ကြောင့်မို့ သူတို့ရဲ့ မူဝါဒက မိုးလုံးပြည့် မုသာဝါဒ ဆိုတာကတော့ လုံးဝ ထင်ရှားသွားပြီ” ဟု ဦးလနန်က ဆက်ပြောသည်။  

မကြားသေးခင် ရက်ပိုင်းကလည်း အစိုးရအာဏာပိုင်များဟု ယူဆရသူတို့က သတင်းစာပါ အချက်အလက်များကို   မြစ်ကြီးနား၊ ဗန်းမော်မြို့များတွင် ဖြန့်ဝေခဲ့ပြီးဖြစ်သည်ဟု ဦးလနန်က ရှင်းပြသည်။

“မြို့ပေါ်က ကချင် လူထုတွေကလည်း ယုံပြီးတော့ ဖုန်းနဲ့ လှမ်းမေးတာတွေ အများကြီး ရှိတယ်၊ ကျနော်တို့ကလည်း ထိုင်ပြီး တော့ ဖြေရှင်းနေရတာလည်း အလုပ်တခု။ အဲဒါ ကျနော်တို့ဘက်မှာ အဲဒီကိစ္စတွေကို ဒိုင်ခံဖြေရှင်းဖို့ အလုပ်ပေးတဲ့ သဘောလည်း ဖြစ်နိုင်တယ်” ဟု သူက ဆိုသည်။

ယခုလ ၁ ရက်နေ့ အစည်းအဝေးတက်သူများထဲတွင် ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ဂွမ်မော် ပါဝင်သည်ဟု သတင်းစာတွင် ရေးထားသည်။

သို့သော်လည်း ထိုနေ့က ဒုတိယ စစ်ဦးစီးချုပ် ခရီးထွက်နေသည်ဟု KIA တပ်မဟာ ၄ တာ ၀န်ခံ ဗိုလ်မှူးကြီး ဇော်ရောက ပြောသည်။

ပြီးခဲ့သည့် တပတ် သောကြာနေ့ကလည်း KIA က ကချင်ပြည်နယ်တွင် တပ်သားသစ် အတင်းအဓမ္မ စုဆောင်းနေကြောင်း အစိုးရ သတင်းစာတွင် ရေးသားခဲ့သေးသည်။