သီးလေးသီး အဖွဲ့ဝင်တချို့ ရန်ကုန်ပြန်ရောက်

E-mail Print
ပြည်ပရောက်နေသူများ ပြည်တော်ပြန်နိုင်ကြောင်း သမ္မတ ဦးသိန်းစိန်၏ ဖိတ်ခေါ်ချက်ကြောင့် ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် သီးလေးသီး အငြိမ့်မှ အဖွဲ့ဝင် တချို့ ယမန်နေ့ညနေပိုင်းက ရန်ကုန်မြို့သို့ ပြန်သွားကြသည်။

chiang-mai-airport-thee-lay-thee
ထင်ရှားသည့် ပြည်ပရောက်မြန်မာပြည်သားများအနက် သမ္မတ၏ ဖိတ်ခေါ်ချက် တလပြည့်တော့မည့်အချိန်တွင် ပထမဆုံး ပြည်တော်ပြန်ကြသူများ ဖြစ်သည်။

"ကျနော်တို့ ယုံကြည်ချက်နဲ့ ပြန်တာပါ၊ ကျနော်တို့ကလည်း လက်ရှိ အစိုးရသစ်ကို ယုံကြည် သလို၊ အစိုးရသစ်ကလည်း ကျနော်တို့ကို ယုံကြည်မှာပါ၊ အဲဒါကြောင့် ကျနော်တို့က ဖမ်းဆီးမယ်လို့ တွေးလည်း  မတွေးပါဘူး၊ ထင်လည်း မထင်ဘူး" ဟု သီးလေးသီး အဖွဲ့မှ  လူရွှင်တော် ဂေါ်ဇီလာက ဧရာဝတီသို့ ပြောသည်။

သီးလေးသီးနှင့်ဆေးရောင်စုံအငြိမ့်ကို ၂၀၀၃ ခုနှစ်တွင် တည်ထောင်ခဲ့သော မြစ်ကြီးနားထောင်ရောက် လူရွှင်တော် ဇာဂနာအား ထောင်ဝင်စာ သွားရောက်တွေ့ဆုံရေးအတွက် ကြိုးစားမည်ဟု ဂေါ်ဇီလာက ပြောသည်။

ထိုင်းနိုင်ငံ ချင်းမိုင် လေဆိပ်မှ အဲပုဂံ လေကြောင်းလိုင်းဖြင့် ပြန်သွားကြပြီး ရန်ကုန်မြို့ နေအိမ်အသီးသီးသို့ ချောမောစွာ ရောက်ရှိသွားကြသူများမှာ ခေါင်းဆောင် မင်းသမီး ချောစုမျိုး၊ လူရွှင်တော်များဖြစ်သည့်  ဂေါ်ဇီလာ၊ စိန်သီး၊ ဇီးသီးတို့ ဖြစ်သည်။ ယခုအချိန်အထိ အာဏာပိုင်တို့က ၎င်းတို့ကို စစ်ဆေး မေးမြန်းမှု မရှိကြောင်း သိရသည်။

လုပ်ငန်းကိစ္စများ မပြီးပြတ်သေးသောကြောင့် ပြန်တော်မပြန်သေးဘဲ ထိုင်းနိုင်ငံတွင် ဆက်လက် နေထိုင်နေကြသူများမှာ မင်းသမီး  မြစပယ်ငုံ၊ လူရွှင်တော် ၂ ဦးဖြစ်သည့် ကြယ်သီး၊ ပန်းသီးတို့ ဖြစ်သည်ဟု ဆိုသည်။

"ကျနော်တို့ရဲ့ ရိုးရာယဉ်ကျေးမှု အနုပညာကို တိုင်းတပါးတွေ သိကြား စေချင်တယ်၊ မြင့်မားစေချင်တယ်၊ ကျနော်တို့ရဲ့ ရိုးရာ ယဉ်ကျေးမှုဟာ ဒါတွေလည်း ရှိပါတယ် ဆိုတာ နားလည် စေချင် တယ်၊ အဲဒီ ရည်ရွက်ချက်နဲ့ (သူတို့) ဒီမှာ နေခဲ့တာပါ" ဟု ဂေါ်ဇီလာက ရှင်းပြသည်။

သီးလေးသီးက အစိုးရကို ဝေဖန်သော ပြက်လုံးများ ထုတ်ခဲ့သော်လည်း သမ္မတဦးသိန်းစိန်၏ သြဂုတ်လ ၁၇ ရက် မိန့်ခွန်းကြောင့် ပြည်တော်ပြန်ခဲ့ခြင်း ဖြစ်သည်ဟု ရန်ကုန်ရောက်နေသည့် မင်းသမီး ချောစုမျိုးက ပြောသည်။

"သမ္မတ မိန့်ခွန်း ပြောလိုက်ပြီဆိုတာကတော့ နိုင်ငံပေါင်းစုံပေါ့နော် အကုန်လုံးက သိကြပြီလေ၊ ဆိုတဲ့ အခါကျတော့ ခေါင်းဆောင်တယောက် အနေနဲ့ ဒီလို ပြောတာကို ယုံကြည်တယ်၊ ကိုယ့်ယုံကြည်မှုနဲ့ ကိုယ်ပြန်တာ" ဟု ဆိုသည်။

အစိုး၏ ကမ်းလှမ်းချက်ကို အကြွင်းမဲ့ မဟုတ်သော်လည်း အတိုင်းအတာ တခုအထိ ယုံကြည်သဖြင့် ပြည်တော်ပြန်ခြင်း ဖြစ်သည်ဟု လူရွှင်တော် စိန်သီးကပြောသည်။

"အခု လုပ်နေတာတွေဟာ သူတို့ကို ကျနော်တို့က စော်ကားနေတာလည်း မဟုတ်ဘူး၊ ကျနော်တို့ ပြက်လုံး တွေဟာ၊ သူတို့ကို သေနတ်နဲ့လည်း ပစ်နေတာလည်း မဟုတ်ဘူး၊ သူတို့ကို ခြိမ်းခြောက်နေတာလည်း မဟုတ်ဘူး၊ ကျနော်တို့ အနုပညာနဲ့ တင်ပြနေတာ။ သူတို့က ကမ်းရင် ကျနော်တို့က လက်ကလေး လှမ်းပေးရမှာပဲ" ဟု သီးလေးသီး လူရွှင်တော် စိန်သီးက ဧရာဝတီကို ပြောသည်။

သီးလေးသီးအဖွဲ့သည် ၂၀၀၇ ခု နှစ်ဒီဇင်ဘာလတွင် ပြည်ပသို့ ထွက်ကာ မလေးရှား၊ စင်ကာပူ၊ ကိုးရီးယား၊ ဂျပန်၊ အမေရိကန် တို့တွင် သွားရောက် ဖျော်ဖြေခဲ့ပြီနောက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ နေထိုင်ခဲ့ကြသည်။

ပြည်ပတွင် အငြိမ့်ကစဉ် အစိုးကို ဝေဖန်သည့် ပြက်လုံး အများအပြား ထုတ်ခဲ့ပြီး မြန်မာပြည်ပြန်လျှင် အရေးယူခံရမည်ကို စိုးရိမ်သဖြင့် ထိုင်းနိုင်ငံတွင် နှစ်အတန်ကြာ နေထိုင်ခဲ့ခြင်း ဖြစ်သည်။

အရေးယူခံရမည်ကို စိုးရိမ်သဖြင့် ပြည်ပနိုင်ငံများတွင် ခိုလှုံနေသော မြန်မာပြည်သား အများအပြား ရှိသည်။

“ပြစ်မှု တစုံတရာ ကျူးလွန်ထားတာ မရှိဘူး ဆိုရင် အချိန်မရွေး ပြန်လာနိုင်ဖို့ ကျွန်တော်တို့ စဉ်း စားပေးမှာ ဖြစ်ပါတယ်၊ ပြစ်မှု ကျူးလွန်ထားသည့်တိုင် ထိုက်သင့်တဲ့ ပြစ်ဒဏ်ကျခံဖို့ ပြန်လာမယ် ဆိုရင်တောင် ကျွန်တော်တို့ သဘောထားကြီးစွာ စဉ်းစားပေးမှာဖြစ်ပါတယ်” ဟု သမ္မတ ဦးသိန်းစိန်က ပြီးခဲ့သည့်လတွင် လူသိရှင်ကြား ပြောကြားခဲ့သည်။

အစိုးရအနေဖြင့် ထိုသို့ ဖိတ်ခေါ်ရုံတင်မက နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး၊ ပြည်ပတွင် တိမ်းရှောင်နေသူများ ပြည်တော်ပြန်ရေးတို့အတွက် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်သင့်သည်ဟု  ပြည်ပရောက် အတိုက်အခံ အများအပြားက ဧရာဝတီကို ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်