ယာဉ်အစားထိုး သတင်းကြောင့် ကားဟောင်းများ ဈေးထိုးတက်

E-mail Print
မြန်မာအစိုးရက လက်ရှိ အသုံးပြုနေသည့်  အိုမင်းဟောင်းနွမ်းနေသော ပုဂ္ဂလိကပိုင် ကားများကို ပြည်ပမှ တင်သွင်းမည့် ကားများနှင့် စက်တင်ဘာလ ၁၉ ရက်နေ့မှစပြီး အစားထိုးမည်ဟု ကြေညာလိုက်ပြီးနောက် ကားဈေးကွက်တွင် ကားအိုကားဟောင်း ဈေးနှုန်းများ သိန်းဆယ်ဂဏန်းချီ ထိုးတက်သွားသည်။

B104-RangoonCars
မှတ်ပုံတင်သက်တမ်း နှစ် ၄၀ ကျော်ကားများ၊ နှစ် ၃၀ နှင့် နှစ် ၄၀ အကြား ကားများ၊ နှစ် ၂၀ ကျော်မှ ၃၀ ကြား ကားများကို တဆင့်ပြီးတဆင့်အစားထိုး လဲလှယ်နိုင်ရေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန၏ ကြေညာချက်ကို စက်တင်ဘာလ ၁၁ ရက်နေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။

ယင်းသို့ လဲလှယ်ပေးမည့် သတင်းမှာ အစိုးရ၀န်ကြီးများနှင့် နီးစပ်နေသော စီးပွားရေး အသိုင်းအ၀ိုင်းအကြား ၁၀ ရက်ကျော် ကြိုတင် ပေါက်ကြားခဲ့ပြီး ကားအို၊ ကားဟောင်း၊ ကားစုတ်ဈေးနှုန်း ငွေကျပ် ၁၀ သိန်းမှ ၁၅ သိန်းကျော်အထိ ထိုးတက်သွားခဲ့သည်။

ရန်ကုန်မှ ကားပွဲစားတဦးက “လွန်ခဲ့တဲ့ တပတ်လောက်ကတည်းက ကားဟောင်းတွေ အစားထိုးပေးမယ့် သတင်းက ကြိုပေါက်တယ်။ ဈေးကွက်ထဲမှာ ကားစုတ်တွေကို လိုက်ဝယ်ကြတယ်။ အရင်သိန်း ၂၀ လောက်ပဲရှိတဲ့ ကားဟောင်း၊ ကားအိုတွေလည်း ၃၅ သိန်း၊ သိန်း ၄၀ တွေဖြစ်ကုန်တယ်။ ကားဝယ်တဲ့သူတွေထဲမှာ စီးပွားရေးသမားတွေပါသလို လူကြီးသားသမီးတွေလည်းပါတယ်။ စက်တင်ဘာလ ၁၁ရက် အစိုးရသတင်းစာထဲမှာ ကြေညာချက်ပါတော့ ကားဟောင်းပိုင်ရှင်တွေက မရောင်းဘူးဆိုပြီး ဖြစ်ကုန်ကြတယ်” ဟု ပြောသည်။

လက်ရှိတွင် မှတ်ပုံတင်သက်တမ်း အနှစ် ၄၀ ကျော်သော ကားများ အစားထိုးရန် စာရင်းပေးသွင်းပြီးပါက အမေရိကန်ဒေါ်လာ ၃၅၀၀ ထက်မပိုသော ၁၉၉၅ ခုနှစ် မော်ဒယ်နှင့်အထက် ကားဝယ်ယူခွင့် ပါမစ် ထုတ်ပေးပြီး နိုင်ငံခြားမှ ကားတင်သွင်းခွင့် ပေးမည်ဖြစ်ကြောင်း၊ မှာယူတင်သွင်းထားသော ကားရောက်ရှိလာပါက မူလကားအို ကားဟောင်းကို သံရည်ကျိုစက်ရုံ ပို့မည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက စက်တင်ဘာ ၁၁ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ပါမစ်နှင့် တင်သွင်းလာသော ကားများကို အခွန်ကောက်ခံမည်ဖြစ်ပြီး အကောက်ခွန် ၄၀ ရာခိုင်နှုန်းနှင့် ကုန်သွယ်လုပ်ငန်းခွန် ၂၅ ရာခိုင်နှုန်း စုစုပေါင်း ၆၅ ရာခိုင်နှုန်း ကောက်ခံမည်ဟု သိရသည်။

အစိုးရ၏ ကားအစားထိုးလဲလှယ်ရေး အစီအစဉ်ကြောင့် အစိုးရ၀န်ထမ်းများအကြားတွင် လာဘ်ပေးလာဘ်ယူမှုများ
အကြီးအကျယ်ဖြစ်ပေါ်လိမ့်မည်ဟု ခန့်မှန်းနေကြသည်။

ပြည်တွင်းအခွန်များဦးစီးဌာနမှ အငြိမ်းစားအရာရှိကြီးတဦးက  “ကားအိုကားဟောင်းက ကိုယ့်အမည်ပေါက်ဖို့ လိုတယ်လို့ သတ်မှတ်ချက်မှာပါတယ်။ အဲဒီတော့ အမည်ပေါက်ပြောင်းဖို့ ငွေပေးပြီး လုပ်ကြမှာပဲ။ နောက်တခုက ဒေါ်လာ ၃၅၀၀ ထက်မပိုသောလို့ ပြောပေမယ့် အဲဒီထက် ပိုတန်ဖိုးကြီးတဲ့ကားတွေ သွင်းချင်တဲ့သူတွေကလည်း သက်ဆိုင်ရာ ၀န်ထမ်းတွေကို ငွေပေးပြီး တရားဝင်လိုင်စင်ရအောင် လုပ်နိုင်တယ်။ လာဘ်ပေးလာဘ်ယူ ကိစ္စတွေ အများကြီးဖြစ်လာမယ်။ ဒါတွေကို နိုင်အောင်မထိန်းနိုင်ရင်တော့ မီးခိုးကြွက်လျှောက် ပြဿနာတွေရှိလာနိုင်ပါတယ်” ဟု သုံးသပ်သည်။

ပြုပြင်ထားမှုကြောင့် အစားထိုး မလဲလှယ်လိုသော ကားအိုကားဟောင်းများကိုလည်း ဆက်လက် အသုံးပြုခွင့်ပေးမည်ဖြစ်သော်လည်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၌ ယာဉ်ကြံ့ခိုင်မှု စစ်ဆေးခံရန် လိုအပ်သည်။

ကားအိုကားဟောင်းများ အစားထိုးခွင့်ပြုမည့်အပြင် နိုင်ငံခြားပို့ကုန်လုပ်ငန်း၊ ဟိုတယ်ခရီးသွားလာမှုလုပ်ငန်း၊ ရင်းနှီးမြုပ်နှံမှုလုပ်ငန်း လုပ်ကိုင်သူများ၊ နိုင်ငံခြားသင်္ဘောသားများ၊ တရားဝင်အခွန်ဆောင်ပြီး နိုင်ငံခြားတွင် အလုပ်လုပ်နေသူများသည် အစိုးရဘဏ်များတွင် နိုင်ငံခြားငွေ အပ်နှံစုဆောင်းထားပါက ကားသွင်းခွင့် ပါမစ်များ ထုတ်ပေးမည်ဖြစ်ကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ခွင့်ပြုသွားမည်ဖြစ်ကြောင်း အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။

နိုင်ငံခြားတွင် တရားဝင် အလုပ်လုပ်နေသူများနှင့် သင်္ဘောသားများသည် အစိုးရဘဏ်တွင် အမေရိကန်ဒေါ်လာ ၃ သောင်းနှင့်အထက်ရှိလျှင် ကားတစီးတင်သွင်းခွင့် ပါမစ်ထုတ်ပေးမည်ဖြစ်ပြီး ပို့ကုန်လုပ်ငန်း၊ ဟိုတယ်လုပ်ငန်းနှင့် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းလုပ်ကိုင်သော စီးပွားရေးလုပ်ငန်းရှင်ကြီးများသည် အစိုးရဘဏ်တွင် အမေရိကန်ဒေါ်လာ ၁ သိန်းနှင့်အထက်ရှိလျှင် ကားတင်သွင်းခွင့် ပါမစ်ထုတ်ပေးမည်ဖြစ်ကြောင်း၊ ထိုသို့သော ကားတင်သွင်းမှုများအတွက် ကားတန်ဖိုးနှင့် မော်ဒယ် သတ်မှတ်ထားခြင်း မရှိကြောင်း သိရှိရသည်။

ထို့အပြင် အစိုးရက ဂျပန်၊ တရုတ်၊ အိန္ဒိယ၊ ကိုရီးယား၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ ကားကုမ္ပဏီများနှင့် ဆက်သွယ်ပြီး မြန်မာနိုင်ငံတွင် ကားအရောင်းပြခန်းများ ဖွင့်လှစ်ရောင်းချနိုင်ရေး ဆောင်ရွက်သွားမည်ဟု သိရှိရသည်။

အစိုးရသစ်၏ အစီအစဉ်သစ်ကြောင့် ကားဈေးကွက်တွင် ဈေးနှုန်းများ အတက်အကျ များနိုင်ကြောင်း ကားပွဲစားများက သုံးသပ်သည်။

“အခု ကားဈေးကွက်က အတော်ကိုလှုပ်ခတ်ပါတယ်။ ဈေးကျမယ်လို့ အများစုက သုံးသပ်တယ်။ ဒါပေမယ့် လာဘ်ပေးလာဘ်ယူတွေ၊ လက်ဝါးကြီးအုပ်တာတွေ ဖြစ်လာရင်တော့ ကားဈေးပြန်တက်လာ နိုင်ပါတယ်။

မော်ဒယ်မြင့်ကားတွေ စီးနေကြတာက လူကြီးအသိုင်းဝိုင်း၊ အဲဒီအသိုင်းအ၀ိုင်းနဲ့ နီးစပ်တဲ့ စီးပွားရေးသမားတွေ ဖြစ်နေတော့ မော်ဒယ်မြင့်ကားဈေးတော့ တအားကြီးမကျဘူးလို့ သုံးသပ်တယ်။ ကားဈေးနှုန်းတွေ ချိုချိုသာသာ စီးနိုင်ဖို့ပဲ မျှော်လင့်ပါတယ်” ဟု ဟံသာဝတီကားပွဲစားတန်းမှ ကားပွဲစားတစ်ဦးက ပြောသည်။

ကားအစားထိုး လဲလှယ်မှုတွင် အကျုံးဝင်သည့် မှတ်ပုံတင်သက်တမ်း နှစ် ၄၀ ကျော် ကားအရေအတွက်မှာ ၅ သောင်းကျော်ရှိကြောင်း ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက ဆိုသည်။

ကားတင်သွင်းခွင့်သည် စစ်တပ်ကျောထောက်နောက်ခံ ပေးထားသော စီးပွားရေးဦးပိုင်လီမိတက်နှင့် စစ်ဗိုလ်ချုပ်ကြီးများနှင့် နီးစပ်သော စီးပွားရေး အသိုင်းအ၀ိုင်းများကသာ ရရှိနေသော အခွင့်ထူးတခုအဖြစ် နှစ်ပေါင်းများစွာ တည်ရှိခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်