မြစ်ဆုံစီမံကိန်း ဆက်လုပ်မည်ဟု ၀န်ကြီးပြော

E-mail Print
သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းလိုသူများက ကချင်ပြည်နယ်ရှိ မြစ်ဆုံဆည်စီမံကိန်းကို အပြင်းအထန် ကန့်ကွက်နေ ကြသော်လည်း ထိုစီမံကိန်းများကို ရပ်တန့်မည် မဟုတ်ကြောင်း အမှတ် ၁ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းက တနင်္ဂနွေနေ့တွင် ပြောလိုက်သည်။

Irrawaddy_response
“ဧရာဝတီ မြစ်ဆုံစီမံကိန်းကို ဆက်လုပ်ပါမယ်။ ကျနော်တို့ ဘယ်တော့မှ နောက်မဆုတ်ပါဘူး” ဟု  ဦးဇော်မင်းက  နေပြည်တော် မီးရထားဝန်ကြီးဌာနရုံး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်ကြောင်း အလဲဗင်းမီဒီယာသတင်းဌာန အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

စီမံကိန်းအတွက် ဧရာဝတီမြစ်ရေ၏ ၇ % ကိုသာ ဖမ်းယူ သုံးစွဲခြင်းဖြစ်ပြီး ကျန်သည့် ရေ ၉၃ %  ဆက်လက် စီးဆင်း နေဆဲဖြစ်၍ ရေစီးကြောင်း ပြောင်းလဲမည်မဟုတ်ကြောင်း၊ ဧရာဝတီမြစ်သည် ယခင်ကတည်းက ထိမ်းသိမ်းရေး လုပ်မည့်သူ မရှိ၍သာ ပျက်စီးနေခြင်းဖြစ်ကြောင်း ၀န်ကြီးဦးဇော်မင်းက  ဆက်လက်ပြောကြားခဲ့သည်။

နိုင်ငံတွင် ပိုက်ဆံမရှိ၍ နိုင်ငံခြားက ရင်းနှီးမြုပ်နှံမှုခေါ်ကာ လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊  စွမ်းအင် အခမဲ့ ၁၀ % ရကြောင်း၊ မြန်မာနိုင်ငံ၏ အရင်းအမြစ်ကို သုံးသည့်အတွက် အခမဲ့ အစုရှယ်ယာ ၁၅ % ရကြောင်း ဦးဇော်မင်းက ပြောသည်။

ယခု မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား မီဂါဝပ် ၁၅၀၀ ရှိသည့်အတွက် ကုန်အောင် မသုံးစွဲနိုင်ကြောင်း၊ ဈေးကွက်သဘောအရ ရောင်းစားရခြင်းဖြစ်ကြောင်းလည်း ဦးဇော်မင်းက ပြောသွားသည်။

ထို့အပြင် ဧရာဝတီမြစ်ဆုံစီမံကိန်းကြောင့် ဧရာဝတီမြစ်အပေါ် အကျိုးသက်ရောက်မှု မည်သို့ရှိသည်နှင့်ပတ်သက်၍ နည်းပညာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတခုကိုလည်း နေပြည်တော်တွင် လာမည့် စနေနေ့၌ ပြုလုပ်ရန် စီစဉ်ပြီး မီဒီယာများ၊ ပညာရှင်များကို ဖိတ်ကြားထားကြောင်း ဦးဇော်မင်းက ဆက်ပြောသည်။

မကြာသေးမီက သတင်းစာတွင် ဖော်ပြခဲ့သော မြစ်ဆုံစီမံကိန်းဆိုင်ရာ ဆောင်းပါးကို သူကိုယ်တိုင် ရေးသားခဲ့ခြင်းဖြစ်သည်ဟု ၀န်ကြီးက ဆိုသည်။

ဧရာဝတီအရေး  စိုးရိမ်ပူပန်သူများကလည်း ၎င်းတို့၏ ဆန္ဒကို ဆက်လက် ဖော်ထုတ်သွားမည်ဟု တုံ့ပြန်လိုက်ကြသည်။

အစိုးရသည်  ပြည်သူ့ဆန္ဒကို လေးစားရမည်ဖြစ်သောကြောင့် ပြည်သူ့အသံကို နားထောင်ပြီး  ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ရမည်ဟု ဧရာဝတီကို ထာဝရ ရှင်သန်စေလိုသူများ အဖွဲ့မှ ဦးဆောင်သူတဦးဖြစ်သူ ကိုမြတ်သူက ပြောသည်။

“အခုထိ မြန်မာနိုင်ငံသားတွေ မီးခဏခဏပျက်တဲ့ အမှောင်ထဲမှာ နေရတာ အားလုံးအသိပဲ။ အားလုံးကတော့ အလင်း ထဲမှာ နေချင်တာပါပဲ။ ဒါပေမယ့် အလင်းရအောင် လုပ်တဲ့နေရာမှာ သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက်ဘဲနဲ့ လုပ်လို့ရတဲ့ တခြားနည်းလမ်းတွေ ရှိပါသေးတယ်” ဟု ကိုမြတ်သူက ဧရာဝတီကို ရှင်းပြသည်။

ဧရာဝတီအရေးအတွက် လုပ်ဆောင်ရာတွင် အဟန့်အတားများ ရှိနေသည်ဟု သူက ဆိုသည်။

“အမြဲတမ်း ခြိမ်းခြောက်မှုအောက်မှာ နေနေရတော့ ဧရာဝတီ အရေး လုပ်တဲ့နေရာမှာ စိုးရိမ်နေရတဲ့ အခြေအနေ ရှိတော့ အဲဒါတွေက အဟန့်အတားတော့ ဖြစ်တာပေါ့။ ငြိမ်းချမ်းတဲ့ နည်းနဲ့၊ ပူးပေါင်း ဆောင်ရွက်တဲ့နည်းနဲ့ ဒီစီမံကိန်းကို ရပ်တန့်သွားအောင် ဆက်လက် လုပ်ဆောင်  ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ နည်း လမ်း တွေလည်းရှာနေပါတယ်” ဟု ကိုမြတ်သူက ဧရာဝတီကို ပြောသည်။

ဧရာဝတီမြစ်အရေး လှုံ့ဆော်နေသူတဦးဖြစ်သည့် စာရေးဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) က ဧရာဝတီမြစ်အရေးကို လိပ်ပြာသန့်သန့်ဖြင့် ဆက်လက် ပြောဆိုဦးမည်ဟု ပြောသည်။

“သူ့တို့ကိုတော့ ကျနော်ဘယ်လိုမှ မတုံ့ပြန်ချင်ပါဘူး။ သူတို့လုပ်ပိုင်ခွင့်နဲ့ သူတို့ ဆန္ဒပါပဲ။ ကျနော်တို့ကလည်း  တိုင်းသူပြည်သားတွေ အကုန်လုံး၊ ကျနော်တို့ စိတ်ထဲ ခံစားရတဲ့ ကျနော်တို့ သဘောကိုပဲ ထုတ်ဖော် ပြောတာ ဖြစ်ပါတယ်။ ကျနော်တို့က ဧရာဝတီကို ချစ်လို့ ၊ ဧရာဝတီမြစ်ကြီး မပျက်စီးစေချင်လို့ ၊ သစ်တောတွေလည်း မပျက်စီးစေချင်ဘူး” ဟု မောင်စိန်ဝင်း (ပုတီးကုန်း)က ပြောသည်။

ပြီးခဲ့သည့် စနေနေ့ကလည်း မင်္ဂလာဒုံမြို့နယ် မဟာဂန္ဓာရုံကျောင်းတိုက်တွင် ပြုလုပ်ခဲ့သော “Save The Irrawaddy” ဟောပြောပွဲသို့လည်း စိတ်ဝင်စားသူ လူ ၄၀၀ ကျော် တက်ရောက်ခဲ့ပြီး ဦးထွန်းလွင်၊ ကိုမြင့်ဇော်၊ ကိုတာ၊ မောင်စိန်ဝင်း (ပုတီးကုန်း) တို့က ဧရာဝတီအရေး ဟောပြောခဲ့သည်။

“ဧရာဝတီမြစ်ဆုံမှာ ရေကာတာ ဆောက်မယ့်ကိစ္စကို ကျနော် လုံးဝ ကန့်ကွက်ပါတယ်” ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးထွန်းလွင်က ပြောသည်။

ဦးထွန်းလွင်က ဟောပြောရာတွင်မြန်မာနိုင်ငံ မြောက်ပိုင်းသည် လာမည့် ဆယ်စုနှစ်များတွင် မိုးနည်းနိုင်ကြောင်း၊ ဧရာဝတီ မြစ်ကို  ရေပိတ်ထားလျှင် ရေစီး နည်းသွားကာ မြစ်ကျဉ်းပြီး တိမ်ကောလာနိုင်ကြောင်း၊  ကမ်းပါးများလည်း အချိန် ကြာလာသည်နှင့်အမျှ မာခဲလာနိုင်ကြောင်း စသည့် အချက်များကို ထောက်ပြသွားသည်ဟု သိရသည်။

တရုတ်နိုင်ငံရှိ  ယန်စီမြစ်သည် ကမ္ဘာတွင်  ပျောက်ကွယ်သွားမည့် အမွေအနှစ် ၁၀ ခု ထဲတွင် ပါဝင်နေကြောင်း၊ နောင်တွင် ဧရာဝတီမြစ်လည်း ထိုစာရင်းတွင် ပါဝင်လာနိုင်ကြောင်း သူက ပြောကြားသွားသည်။

လျှစ်စစ်ဝန်ကြီး ဦးဇော်မင်းက ဧရာဝတီမြစ်ဆုံဆည်စီမံကိန်း ဆက်လက် လုပ်ဆောင်မည်ဟု ပြောဆိုချက်ကို လူထုစိန်ဝင်း၊ ဂျူး၊ မောင်ဝံသ၊ ဒေါက်တာ သန်းထွဋ်အောင်၊ ဒေါက်တာ မြင့်မြင့်ခင်၊ ဦးအောင်လှထွန်း၊ ဒေါက်တာအေးမောင်၊ ဒေါက်တာသိန်းမြင့် စသည့် ထင်ရှားသူများက  ကျယ်ကျယ်လောင်လောင် တုံ့ပြန်နေကြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်