အရေးကြီးသည့် လယ်ယာမြေဥပဒေများ အတည်ပြုနိုင်ခြင်း မရှိ

E-mail Print
၂၀၁၁ ခုနှစ် လယ်ယာမြေ ဥပဒေကြမ်းကို လွှတ်တော်၌ အတည်ပြုခဲ့သော်လည်း စိတ်ကြိုက် သီးနှံစိုက်ပျိုးခွင့် အပါအဝင် အရေးကြီးသည့် အချက်များအား အတည်ပြုနိုင်ခြင်း မရှိကြောင်း သိရသည်။

Myanmar_female_farmers
လယ်သမားများသည် မိမိတို့လယ်မြေအား လွတ်လပ်စွာ ပေါင်နှံခွင့်၊ ရောင်းချခွင့်၊ အငှားချထားခွင့် ပြုနိုင်ရေးအတွက် “၂၀၁၁ ခုနှစ် လယ်ယာမြေ ဥပဒေကြမ်း” အား ယမန်နေ့က ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့သည်။

၎င်း အဆိုကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ ဟင်္သာတ မဲဆန္ဒနယ်မှ ဦးဌေးဦးက တင်သွင်းခဲ့ပြီး ၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေးအက်ဥပဒေအား ရုပ်သိမ်းကာ ၂၀၁၁ ခုနှစ်ဥပဒေကြမ်းနှင့် အစားထိုးရန် အတည်ပြုခဲ့သည်။

အဆိုပါ ဥပဒေကြမ်းသည် လယ်သမားအတွက် အရေးပါသော ဥပဒေ တရပ်ဖြစ်၍ တချို့သော စကားလုံးများကို ဖြည့်စွက် ပြုပြင်ရန် ဒီမိုကရက်တစ် အင်အားစု ကိုယ်စားလှယ်များက အဆိုပြုခဲ့ ကြသော်လည်း ကြံ့ဖွံ့ ကိုယ်စားလှယ်များနှင့် စစ်တပ် ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်တချို့က ပြောသည်။

မိုင်းရယ် မဲဆန္ဒနယ်မှ ဦးစိုင်းသီဟကျော်က “လယ်ယာမြေပေါ်တွင် လုပ်ကိုင်ခွင့်နှင့် ပတ်သက်၍ မိမိနှစ်သက်သော သီးနှံများကို လွတ်လပ်စွာ ရွေးချယ်စိုက်ပျိုး ထုတ်လုပ်နိုင်ခွင့်ရှိသည်” ဟူသော စကားရပ်ကို ထပ်မံဖြည့်စွက်ရန် အဆို တင်သွင်းရာ ဦးဌေးဦးနှင့် လယ်/ဆည် ၀န်ကြီး ဦးမြင့်လှိုင်တို့က မလိုအပ်ဟုဆိုကာ ပယ်ချခဲ့ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ရေးသားထားသည်။

“ကိုယ့် လယ်မြေတွေမှာ နိုင်ငံတော်က စိုက်ပျိုးခိုင်းတဲ့ သီးနှံတွေကို စိုက်ပျိုးရတဲ့အခါ အောင်မြင်မှု မရှိရင် လယ်သမားတွေ အတွက် နစ်နာဆုံးရှုံးမှုတွေ အများကြီးရှိပါတယ်။ ဒါကြောင့် ကိုယ့်စိတ်ကြိုက် သီးနှံတွေ စိုက်ပျိုးဖို့ အဆိုကို ထောက်ခံခဲ့ ကြပေမယ့် မအောင်မြင်ခဲ့ဘူး” ဟု မြေပုံမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ဆိုသည်။

လယ်သမားများသည် အစိုးရ၏ သတ်မှတ်သီးနှံများအဖြစ် (ဥပမာ-၀ါ၊ ကြံ၊ ပြောင်း၊ နွေစပါး) စသည့် သီးနှံများကို မိမိတို့ လယ်မြေများနှင့် ကိုက်ညီမှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အဓ္ဓမ စိုက်ပျိုးခိုင်းခြင်းကြောင့် နစ်နာမှုများ ရှိကြောင်း သိရသည်။

ယခင် နအဖ စစ်အစိုးရ လက်ထက်မှစ၍ ယနေ့အချိန်ထိ လယ်ယာမြေများအား နယ်မြေခံ စစ်တပ်၊ အာဏာပိုင်များ၊ ကုမ္ပဏီများက နိုင်ငံအ၀န်း အဓမ္မ သိမ်းယူနေကြဆဲ ဖြစ်သည်။ လယ်ယာမြေ အဓ္ဓမ သိမ်းယူနေမှုကို ဒေသအသီးသီးမှ လွှတ်တော် ကိုယ်စားလှယ်များက တင်ပြဆွေးနွေးခဲ့ကြသော်လည်း သက်ဆိုင်ရာ ၀န်ကြီးများက တိကျသော
ဖြေဆိုမှု မရှိဟု ကိုယ်စားလှယ်များက ဆိုသည်။

၂၀၁၁ လယ်ယာမြေဥပဒေကြမ်းအရ လယ်ယာမြေများကို အဓ္ဓမ သိမ်းယူပိုင်ခွင့် မရှိကြောင်း၊ နိုင်ငံတော် စီမံကိန်းများကြောင့် သိမ်းယူမည် ဆိုလျှင်လည်း သမ္မတ တာဝန်ပေးသူ ကသာ သိမ်းယူနိုင်မည်ဖြစ်ကြောင်း သတင်းစာများတွင် ရေးသား ထားသည်။

အကြောင်းကြောင်းကြောင့် နိုင်ငံတော်အစိုးရက သိမ်းယူလျှင်လည်း ထိုက်သင့်သော လျှော်ကြေးနှုန်းထားတခု သတ်မှတ်ပေး ရန်အတွက် လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးတင်ပြခဲ့ ကြသည်ဟု သိရသည်။

၂၀၁၁ ခုနှစ်လယ်ယာမြေ ဥပဒေကြမ်းသည် လယ်သမားများအတွက် ကောင်းကျိုးထက် ဆိုကျိုးကို ဦးတည်သွားနိုင်ကြောင်း အလုပ်သမား၊ လယ်သမားအရေး ဆောင်ရွက်ပေးနေသူ ရှေ့နေ ကိုဖိုးဖြူက ဆိုသည်။

“လယ်သမားတွေက စိုက်ပျိုးစရိတ် မလုံလောက်တာ၊ ရာသီဥတု ဖောက်ပြန်နေတာတွေကြောင့် ဘယ်သူမှ လယ်မလုပ် ချင်ကြတော့ဘူး။ အခုလို လွတ်လွတ်လပ်လပ် ရောင်းချ ပေါင်နှံခွင့် ရရင်တော့ စားပွဲတွေ၊ ထိုင်ခုံတွေပေါ်က ခဲတံနဲ့ စပါးစိုက် နေကြတဲ့ ကုမ္ပဏီတွေကပဲ လယ်ယာမြေတွေကို ပိုင်ဆိုင်သွားကြ လိမ့်မယ်” ဟု သူက ပြောသည်။

လွတ်လပ်စွာ ရောင်းချပေါင်နှံခွင့်ထက် စိုက်ပျိုးစရိတ်ချေးငွေ လုံလောက်စွာ ထုတ်ပေးပြီး လယ်သမားများ အသိပညာ တိုးပွားရေးနှင့် ၎င်းတို့၏ မိသားစု လူနေမှု ဘ၀များကို မြှင့်တင်ပေးမှုများ လုပ်ဆောင်ပေးသင့်ကြောင်း ၎င်းကဆိုသည်။

လယ်သမားများ၏ လက်ရှိအခြေအနေအရ ၂၀၁၁ လယ်ယာမြေဥပဒေကြမ်း အတိုင်း လုပ်ဆောင်ခွင့် ရသွားပါက လယ်သမား လူတန်းစား ပျောက်ကွယ်သွားနိုင်ကြောင်း၊  မြို့ပြနှင့် ဝေးလံသည့် ဒေသများ၌ လယ်မြေများ ရောင်းချရန် အဓမ္မ တွန်းအား ပေးမှု၊ အကျပ်ကိုင်မှုများ တိုးပွားလာနိုင်ကြောင်း ကိုဖိုးဖြူက ဆက်ပြောသည်။

“လယ်လုပ်သူ လယ်ပိုင်ဆိုင်ခွင့်ဆိုတဲ့ ဥပဒေကိုလည်း မပြဌာန်းသင့်ဘူးလို့ လွှတ်တော်ကို အကြံပြုစာ တစောင် တင်ထားတယ်။ ဒီဥပဒေကိုသာ ပြဌာန်းလိုက်ရင် လယ်စိုက်နေတဲ့ ကုမ္ပဏီတွေကပဲ အားလုံး ပိုင်ဆိုင်သွားတဲ့အပြင် တခြားလယ်တွေကိုလည်း အကွက်ရိုက်ပြီး ရောင်းစားတာတွေ အများအပြား ဖြစ်ပေါ်လာနိုင်တယ်” ဟု သူက ဆိုသည်။

၁၉၅၃ လယ်ယာမြေဥပဒေအရ လယ်ယာမြေအားလုံးကို နိုင်ငံတော်ကသာ ပိုင်ဆိုင်ကြောင်း ပြဌာန်းထားသည့် အပြင်၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်လည်း နိုင်ငံတွင်းရှိ လေထု၊ မြေထု၊ ရေထုထဲမှ သဘာဝအရင်းအမြစ်၊ သယံဇာတ ဟူသမျှအား နိုင်ငံတော်မှ ပိုင်ဆိုင်ကြောင်း ပြဌာန်းထားသည်။

၂၀၁၁ ခုနှစ်လယ်ယာမြေ ဥပဒေကြမ်း၌ မိမိတို့လယ်မြေအား အပြီးအပိုင်ရောင်းချ၊ ငှားရမ်း၊ ပေါင်နှံခွင့်များ ပါရှိသော်လည်း “လယ်လုပ်သူ လယ်ပိုင်ခွင့်ရရှိရေး” ဟူသော စကားလုံးကို ထည့်သွင်းဖော်ပြထားခြင်းမရှိဟု သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်