နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာ ရှိကြောင်း အစိုးရပြော

E-mail Print
မြန်မာအစိုးရက နိုင်ငံရေး အကျဉ်းသားမရှိဟု အစဉ်တစိုက် ပြောဆိုနေခဲ့သော်လည်း နိုင်ငံခြားသံတမန်များနှင့် တွေ့ဆုံစဉ်တွင် နိုင်ငံရေးအကျဉ်းသား အနည်းငယ်ရှိသည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

အများ လက်ခံထားသည့် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ခန့်ရှိသည် ဆိုခြင်းကိုမူ အစိုးရက မဟုတ်မှန်ကြောင်း ငြင်းဆိုသည်။

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က အစိုးရသည် နိုင်ငံရေး အကျဉ်းသား အများစုကို ရာဇ၀တ်ပုဒ်မများတပ်၍ ဖမ်းဆီး ထားခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးအကျဉ်းသား အရေအတွက် နည်းနေရန် ရည်ရွယ်ချက်ရှိရှိ ထိုသို့ ဖမ်းဆီးခြင်းဖြစ်ကြောင်း ပြောသည်။

“ကျနော်တို့မှာ အခုရှိတဲ့စာရင်းက ၁၉၉၈ ဦးရှိတယ်။ ဒီစာရင်းက လက်လှမ်းမီသလောက် ကြိုးစား ပြုစုထားတဲ့ စာရင်းပါ။လက်လှမ်း မမီတဲ့သူတွေလည်း ရှိနေမှာပါ။ နောက်ထပ် အသေးစိပ် ကျနော်တို့ ထပ်ထုတ်ပြန်ဖို့ ရှိတယ်” ဟု ၎င်းကဆိုသည်။

၁၉၈၀ ပြည့်နှစ် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့စဉ် နိုင်ငံရေးအရ ဖမ်းဆီးထားသူများကိစ္စ ကွဲကွဲပြားပြား ဖြစ်စေရန် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများက နိုင်ငံတော်ကောင်စီသို့ တင်ပြမေးမြန်းခဲ့ရာ နိုင်ငံရေးပုဒ်မဖြင့် ဖမ်းဆီးထားသူများကို တရားဝင် ထုတ်ပြန်ခဲ့ကြောင်း၊ ၎င်းတို့မှာ ပုဒ်မ ၅၊ မတရားသင်းဆိုင်ရာ ပုဒ်မ ၁၇၊ နိုင်ငံတော် ပုန်ကန်မှုဆိုင်ရာ ပုဒ်မ ၁၂၂ မှ ၁၃၀ စသည်တို့ ဖြစ်ကြောင်း ကိုဘိုကြည်က ပြောသည်။

ရန်ကုန်မြို့က နိုင်ငံရေးအကျဉ်းသားဟောင်း တဦးက “ဥပမာ - ဒလက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လူငယ် ကိုနေလင်းဦး ဆိုရင် ဒီမိုကရေစီနေ့က ငြိမ်းချမ်းရေး သ၀ဏ်လွှာဖတ်တာကို မူးယစ်ရမ်းကားမှုနဲ့ ဖမ်းတယ်၊ နောက်တော့ ညောင်တုန်းက ကိုထွန်းထွန်းဆိုရင် စိတ္တဇဆေးရုံပို့ပြီး စိတ်ဝေဒနာသည် ပုံစံနဲ့ ဖမ်းတယ်။ နိုင်ငံရေး အကျဉ်းသားတွေကို အဲဒီလို ပုံဖျက်တာမျိုးတွေ အများကြီး ရှိတယ်” ဟု ဆိုသည်။

မကြာသေးခင်က မြန်မာနိုင်ငံကို လာရောက်ခဲ့သည့် ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး မစ္စတာ သောမတ် အိုဟေး ကင်တာနားက မြန်မာအစိုးရအား နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို အမြန်ဆုံးပြန်လွှတ်ပေးရန် ပြောဆိုရာ မစ္စတာ ကင်တာနား ဆိုလိုသည့် အရေအတွက်မဟုတ်ကြောင်း၊ နိုင်ငံရေးအကျဉ်းသား အနည်းငယ်မျှသာရှိပြီး တည်ဆဲဥပဒေ ချိုးဖောက်သူ များသာရှိကြောင်း မြန်မာအစိုးရဘက်က ပြောဆိုခဲ့သည်။

ယခုနောက်ပိုင်းတွင်လည်း အီလက်ထရွန်းနစ် အက်ဥပဒေ ပုဒ်များဖြင့် ဖမ်းဆီး ထောင်ချမှုများ ရှိကြောင်း၊ မကြာမီက သွေးလှူဒါန်းရေးအတွက် ကူညီပေးသူ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို အဆိုပါ ပုဒ်မ ဖြင့် ထောင်ဒဏ် ၁၀ နှစ် အပြစ်ပေး အရေး ယူခဲ့ကြောင်း၊ အကျဉ်းထောင်၊ ရဲဘက်စခန်းများတွင် ဖမ်းဆီးချုပ်နှောင် ခံထားရသည့် နိုင်ငံရေးအကျဉ်းသားစာရင်း ပြုစု ရာတွင်လည်း အဖက်ဖက်မှ ပိတ်ဆို့ထားမှုများကြောင့် AAPP အနေဖြင့် အလွန်ခက်ခဲကြောင်း ကိုဘိုကြည်က ဆိုသည်။

နိုင်ငံရေးအကျဉ်းသားဟောင်း တဦးကလည်း “သူတို့က ဖမ်းတုန်းကလည်း လူမသိ သူမသိဖမ်းတယ်။ လွတ်လာရင်တော့ ကိန်းဂဏန်း ထုတ်ပြောပြီးသာ အသားယူတာ၊ ဘယ်သူဘယ်ဝါ ဆိုတာလည်း ပြောလေ့မရှိဘူး။ ထောင်တွေထဲမှာ ကလည်း နိုင်ငံရေး အကျဉ်းသားတွေကို ကန့်သတ်တာများတော့ စာရင်းလုပ်ရတာ အခက်အခဲရှိတယ်။ နောက်ပြီး အဝေးကြီးတွေကို ပြောင်းပစ်တော့ မိသားစုက မသွားနိုင်ဘူး။ အဆက်အသွယ်ပြတ်တော့ ပိုဆိုးတယ်” ဟု ပြောပြသည်။

မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ (ICRC) အနေဖြင့် အကျဉ်းထောင်များသို့ ၀င်ရောက်ခွင့် ရခဲ့စဉ် နိုင်ငံရေးအကျဉ်းသားများကို မှတ်ပုံတင်ခဲ့ပြီး မိသားစုနှင့် ဆက်သွယ်ဆောင်ရွက်ခွင့်များ ပေးခဲ့ကြောင်း၊ ထိုစဉ်က တိုးတက်မှု အနည်းငယ် ရှိခဲ့သော်လည်း အကျဉ်းထောင်များတွင် အရေးအကြီးဆုံးအချက် ၃ ချက်ဖြစ်သော ကျန်းမာရေးစောင့်ရှောက်မှု၊ အစာအာဟာရ ကျွေးမွေးမှု၊ နေရာထိုင်ခင်းတို့တွင် တိုးတက်မှုမရှိသေးကြောင်း သူက ဆိုသည်။

နိုင်ငံရေးအကျဉ်းသား စာရင်းနှင့် ပတ်သက်၍ ၂၀၀၅ ခုနှစ်အထိ AAPP ဖော်ပြထားသည့် စာရင်းနှင့် ICRC စာရင်းတို့မှာ ကွာဟမှုမရှိခဲ့ကြောင်း၊ သို့ရာတွင် ICRC အကျဉ်းထောင်တွင်း ၀င်ခွင့်မရတော့သည့် နောက်ပိုင်း AAPP အနေဖြင့် နိုင်ငံရေး အကျဉ်းသား စာရင်းများ ပြုစုတင်ပြရာတွင် ချိန်ညှိရန် အတွက် အခက်အခဲဖြစ်ခဲ့ကြောင်း ကိုဘိုကြည်က ပြောသည်။

“ICRC က ထောင်တွင်းဝင်ခွင့်မရတဲ့ အချိန်ကစပြီး တချို့ တိုးတက်မှုတွေကို တာဝန်ခံ ပြောမယ့်သူ မရှိတော့ဘူး။ နိုင်ငံရေး အကျဉ်းသား မိသားစုတွေ အနေနဲ့ မီဒီယာအင်တာဗျူးတွေက တဆင့် သိလို့ ပြုစုတာမျိုးလည်း လုပ်ရတယ်။ နီးစပ်ရာနဲ့ ပြုစုကြရတယ်၊ အခက်အခဲတွေ အများကြီးရှိပါတယ်။ ဘယ်နှယောက်ဖမ်းတယ်ဆိုတာ အစိုးရက အသိဆုံးပဲဖြစ်လိမ့်မယ်။ နယ်မှာ ဖမ်းသွားတာတွေဆို သိတောင် မသိလိုက်ရတာတွေရှိတယ်” ဟု သူက ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်