ပြည်တွင်းစစ် ရပ်ရေးကူညီရန် ကုလကို KIO တောင်းဆို

E-mail Print
ပြည်တွင်းစစ် ရပ်စဲရေးအတွက် ၀င်ရောက်ကူညီရန် ကချင် လွတ်လပ်ရေး အဖွဲ့ KIO က ကုလသမဂ္ဂသို့ တောင်းဆိုထားချိန်တွင် ကုလ အထွေထွေ အတွင်းရေးမှူး မစ္စတာ ဘန်ကီမွန်းက မြန်မာ့မိတ်ဆွေများအဖွဲ့ဝင်နိုင်ငံတို့နှင့် မြန်မာပြည်အရေး ယနေ့ ဆွေးနွေးကြမည်ဟု သိရသည်။

12-7-2011-NEWs-KIA-NEWs-THOO
KIO ဥက္ကဋ္ဌ ဦးဇောင်းဟရားက တနင်္လာနေ့တွင် ပေးပို့သည့် စာတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးအကြောင်း ရေးသားထားပြီး နိုင်ငံတွင်းဖြစ်ပွားနေသော စစ်ပွဲများအတွက် ကုလသမဂ္ဂ၏ ၀င်ရောက်ဖြေရှင်းမှု လိုအပ်သည်ဟု ဖော်ပြထားသည်။

ရှမ်းပြည်နယ်ရှိ KIO စစ်စခန်းများ ၄ ရက်ဆက်တိုက် အပြင်းအထန် တိုက်ခိုက်ခံရပြီး ပေးပို့လိုက်သောစာ ဖြစ်သည်။

စာမျက်နှာ ၅ မျက်နှာပါရှိသော KIO ဥက္ကဋ္ဌ၏ စာတွင် တိုင်းရင်းသားပဋိပက္ခကြောင့် ပြည်တွင်းစစ် ဖြစ်ပွားနေရခြင်းဖြစ်ပြီး ဒေသတွင်း ဖွံ့ဖြိုးရေး၊ တည်ငြိမ်ရေးတို့ကို တိုက်ရိုက် ထိခိုက်စေသည်ဟုလည်း ရေးသားထားသည်။

ပြည်တွင်းစစ် အဆုံးသတ်ရေး၊ ပြန်လည်သင့်မြတ်ရေးတို့အတွက် နည်းလမ်းရှာဖွေရာတွင် ကူညီကြရန်လည်း နိုင်ငံတကာကို တိုက်တွန်းထားသည်။

ဧရာဝတီမြစ်တွင် ဆည်များ တည်ဆောက်နေခြင်းကို ကချင်လူထုနှင့် KIO က သဘောမတူဟု ပေးစာက ဆိုသည်။

"ဖိနှိပ်သည့် အစိုးရအဆက်ဆက်က နိုင်ငံ၏သဘာဝရင်းမြစ်များ လက်ဝါးကြီးအုပ်ရေးမူဝါဒကို ကျင့်သုံးကြသည်။ ဒေသခံပြည်သူတို့ကို တိုင်ပင်ပြီး အကောင်အထည် ဖော်ခဲ့သော မူဝါဒများ မဟုတ်ပေ" ဟု စာတွင် ဖော်ပြထားသည်။

မြစ်ဆုံစီမံကိန်း ရပ်တန့်ရန် တရုတ်၊ မြန်မာ အစိုးရတို့ကို KIO က တောင်းဆိုထားပြီးဖြစ်သည်ဟု စာတွင် ရေးထားသည်။

ပြီးခဲ့သည့် နှစ် ၆၀အတွင်း အစိုးရများက တိုင်းရင်းသားတို့နှင့် သဘောတူညီထားချက်များကို လျစ်လျူရှုခဲ့ပြီး "တိုင်းရင်းသားလူမျိုးစုတို့အား ဖိနှိပ်သည့်နည်းလမ်းသစ်များ (အစိုးရထံတွင်) ရှိနေကြောင်း၊ မတူကွဲပြားမှုတို့ကို ငြိမ်းချမ်းစွာ ဖြေရှင်းလိုသော ကျွန်ုပ်တို့၏ အခြေခံ အခွင့်အရေးများကို ဥပေက္ခာပြုနေကြောင်း"  KIO ၏  စာတွင် ရေးထားသည်။

"မြန်မာနိုင်ငံတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ သဘောတူထားခဲ့သော စစ်မှန်သည့် ပြည်ထောင်စုစနစ်အစား တပြည်ထောင်စနစ်ကိုသာ ကျင့်သုံးနေသည်" ဟု ကုလသမဂ္ဂ  အထွေထွေ အတွင်းရေးမှူးသို့ ပေးပို့သည့်  KIO ဥက္ကဋ္ဌ၏ စာတွင် ရေးထားသည်။

ကုလ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်း စီစဉ်သည့် မြန်မာ့မိတ်ဆွေများအဖွဲ့ ဆွေးနွေးပွဲတွင် အဖွဲ့၏ အဓိကကျသောနိုင်ငံများမှ ၀န်ကြီး အများအပြား တက်ရောက်မည်ဟု သိရသည်။ နယူးယောက်တွင် ရောက်နေသော မြန်မာနိုင်ငံခြားရေး ၀န်ကြီးလည်း ထိုဆွေးနွေးပွဲသို့ တက်ရောက်မည်ဟု ကုလ အရာရှိတို့က ပြောသည်။

မြန်မာ့မိတ်ဆွေများအဖွဲ့တွင် သြစတြေးလျ၊ အင်ဒိုနီးရှား၊ ရုရှား၊ အမေရိကန်၊ တရုတ်၊ ဂျပန်၊ စင်ကာပူ၊ ဗီယက်နမ်၊ ပြင်သစ်၊ နော်ဝေ၊ ထိုင်း၊ အိန္ဒိယ၊ ပေါ်တူဂီ၊ ဗြိတိန် တို့ ပါဝင်သည်။

မစ္စတာ ဘန်ကီမွန်း၏ လုပ်ငန်းဆောင်တာများ အထောက်အကူဖြစ်ရေးအတွက် တိုင်ပင်နှီးနှောရန်အတွက်  မြန်မာ့မိတ်ဆွေများအဖွဲ့ကို ၂၀၀၇ တွင် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်