ထိုင်းဘက်က ရေမြုပ်ကားများ မြန်မာဘက် သွားဝှက်

E-mail Print
ထိုင်းဘက်ခြမ်း မဲဆောက်၌ ကားရပ်နားခွင့် တလ ဘတ် ၁၂၀၀၀ (ကျပ် ၃ သိန်းကျော်) ထိုင်း အကောက်ခွန်သို့ ပေးဆောင်ရမည် ဖြစ်သောကြောင့် ရပ်နားခွင့် သက်တမ်းကုန်ဆုံး နေပြီဖြစ်သော ဂျပန်တပတ်ရစ် ကားများကို ဘေးကင်းရာ မြန်မာဘက်ခြမ်းတွင် သွားရောက် ဝှက်ထားရမည်ဖြစ်ကြောင်း ကြားသိရသည်။

Car_and_water_1
မြန်မာဘက်မှ ကားတင်သွင်းခွင့် ပိတ်ပင်ထားသောကြောင့် မဲဆောက်မြို့ ကမ်းနားတွင် သောင်တင်နေသော ဂျပန် တပတ်ရစ်ကား အစီးရေ ၂၀၀၀ ကျော်အနက် ထိုင်းနယ်စပ်တွင် ရပ်နားခွင့် ကုန်ဆုံးရန် ရက်ပိုင်းသာ လိုတော့သည့် ကားအစီးရေ ၆၀၀ ကျော်ကို မြန်မာဘက်သို့ ပြောင်းရွှေ့ရခြင်း ဖြစ်ကြောင်း ကားကုန်သည် တဦးက ပြောသည်။ အဆိုပါ ကားများသည် ယခုလလယ်ခန့်က မဲဆောက် - မြဝတီ အကြား သောင်ရင်းမြစ်ရေ ကြီးသည့်ဒဏ် အကြီးအကျယ် ခံခဲ့ရသေးသည်။

၎င်း ဂျပန်တပတ်ရစ် ကားများကို ထိုင်းဘက်တွင် ရပ်နားခွင့်သက်တမ်း ၃ လပေးထားပြီး သက်တမ်း ကုန်ဆုံးပါက ထိုင်းအကောက်ခွန်ကို တလရပ်နားခွင့်အတွက် ကားတစီး ဘတ် ၁၂၀၀၀ ပေးရမည်ဖြစ်သည်။

“သက်တမ်း ကုန်တော့မယ့် ကားတွေကို မြန်မာဘက်က အရင် DKBA ၉၉၉ စခန်းဟောင်းဖြစ်တဲ့ ရွှေကုက္ကိုလ် ဘက်ကို ရွှေ့နေကြတယ်။ အခု အဲဒီနေရာကို ကား ၃၀၀ လောက် ရောက်နေပြီ” ဟု ကားကုန်သည်က ဆိုသည်။

ရွှေကုက္ကိုလ် စခန်းသည် ယခင် DKBA (တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်) ၉၉၉ ဗျူဟာမှူး၊ လက်ရှိ DKBA မှ အသွင်ပြောင်းလိုက်သည့် နယ်ခြားစောင့်တပ်၏ အကြံပေးအဖွဲ့ဝင် စောချစ်သူ၏ အခြေစိုက်နေရာ ဖြစ်ပြီး မကြာခင်က ဆောက်လုပ်ပြီးစီးခဲ့သည့် ဧက ၃၀ ခန့်အကျယ်ရှိ ဂျပန်တပတ်ရစ် ကားများ လက်ခံရာ ကားရပ်နားစခန်း ဖွင့်လှစ်ထားသော နေရာဖြစ်သည်။ ၎င်းနေရာသည် မြ၀တီမြို့မှ ၁၀ မိုင်ကျော်ခန့် အကွာအဝေးတွင် တည်ရှိသည်။

ယခုလဆန်းမှ စတင်ကာ နေပြည်တော်အမိန့်ဖြင့် မဲဆောက်ဘက်မှ ဂျပန် တပတ်ရစ်ကားများ တရားမ၀င် တင်သွင်းခွင့် ပိတ်ပင်လိုက်သဖြင့် ထိုင်းဘက်ခြမ်းတွင် မြန်မာဘက်ပို့မည့် ကားအစီးရေ ၂၀၀၀ ကျော် သောင်တင်နေခြင်း ဖြစ်သည်။

မြန်မာဘက်က ကားတင်သွင်းခွင့် ပြန်မဖွင့်ပါက ကားတချို့ကို မြန်မာဘက်ခြမ်းသို့ သွားရောက် ပို့ဆောင်ပြီး ကျန်ကားတချို့ကို ဘန်ကောက်မှတဆင့် သင်္ဘောဖြင့် ရန်ကုန်သို့ တင်ပို့ရန် ကားကုမ္ပဏီများက စီစဉ်နေသည်ဟု ထိုင်းကားကုန်သည် တဦးက ဆိုသည်။

“မရတဲ့အဆုံး တချို့ကားတွေကို မြန်မာဘက် သွားဝှက်ထားရမယ့် နည်းကိုသုံးရမယ်။ မြန်မာဘက်မှာ အခကြေးငွေနဲ့ ကားလက်ခံပေးမယ့် နေရာတွေရှိတယ်။ ကျန်တဲ့ ကားတွေကိုတော့ ရေကြောင်းကနေ မြန်မာပြည်ကို အမြန်ဆုံး ပို့ဖို့ လုပ်နေကြတယ်။ ထိုင်းဘက်မှာက အခွန်က များတယ်။ ရေရှည်မှာမလွယ်ဘူး” ဟု သူက ပြောသည်။

ထိုင်းနယ်စပ်သို့ ဂျပန်တပတ်ရစ်ကား တင်သွင်းခွင့်ကို ထိုင်းအကောက်ခွန် ဌာနက အမျိုးအစား ၂ မျိုး သတ်မှတ်ပေးထားသည်ဟု သိရသည်။

ဂျပန်မှတဆင့် ထိုင်းနယ်စပ် မဲဆောက်သို့ တပတ်ရစ်ကားများ တင်သွင်းရာတွင် ကွန်တိန်နာများဖြင့် တင်သွင်းခွင့် ပြုသည့် ကားများကို ထိုင်းသို့ရောက်ပြီး ၂၅ ရက်အတွင်း အိမ်နီးခြင်းနိုင်ငံသို့ တဆင့် တင်ပို့ရမည်ဖြစ်ကာ ရက် ကျော်လွန်ပါက ဒဏ်ကြေးပေးဆောင်ရမည် ဖြစ်သည်။

ဂျပန်မှတဆင့် ကွန်တိန်နာဖြင့် မဟုတ်ဘဲ တင်သွင်းလာသည့် တပတ်ရစ်ကားများကိုမူ ထိုင်းသို့ ရောက်ပြီးနောက် အိမ်နီးချင်း နိုင်ငံများသို့ မပို့ဆောင်မီ ရပ်နားချိန်ကာလ ၁ နှစ် ပေးထားသည့်အပြင်၊ သတ်မှတ်ရက် မကုန်ဆုံးမီ ၎င်းကား များကို ဘန်ကောက်မှတဆင့် လုပ်ငန်းလိုင်စင်တွင် ပါရှိသော အိမ်နီးချင်းနိုင်ငံသို့ ရေကြောင်း လမ်းဖြင့် တင်ပို့ခွင့် ပြုထားသည်။

ရပ်နားခွင့် သက်တမ်း ကုန်သည့် ကားများကို အခွန်လျှော့ပေါ့ခွင့် ပေးရန်အတွက် ယခုလ ၁၉ ရက်နေ့က ထိုင်းနှင့်မြန်မာ ကားလုပ်ငန်းရှင် ၄၀ ခန့်တို့ မဲဆောက်ရှိ ထိုင်းအကောက်ခွန် ဌာနတွင် သွားရောက် အရေးဆိုခဲ့ကြ သော်လည်း ပြန်ကြားချက် မရရှိသေးသည့်အတွက် ယခုကဲ့သို့ ကားများ ပြောင်းရွှေ့ရခြင်း ဖြစ်သည်ဟု ကားကုန်သည်များက ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်