စာပေစိစစ်ရေး မူဝါဒတချို့ ပျော့ပျောင်းလာပြီလား

E-mail Print
ယခုတပတ် တနင်္လာနေ့ထုတ် Weekly Eleven ဂျာနယ်တွင် ပြည်ပ မီဒီယာတခုဖြစ်သည့် ဧရာဝတီ မီဒီယာ၏ အယ်ဒီတာချုပ် ကိုအောင်ဇော်နှင့် အင်တာဗျူး ဖော်ပြခွင့် ရရှိခြင်းသည် စာပေစိစစ်ရေး၏ မူဝါဒတချို့ ပျော့ပျောင်းလာခြင်းကြောင့် ဖြစ်ကြောင်း ပြည်တွင်းစာနယ်ဇင်း အသိုင်းအ၀န်းက သုံးသပ်နေကြသည်။

gt400azကိုအောင်ဇော်နှင့် အင်တာဗျူးကို အောက်တိုဘာ ၃ ရက်နေ့ထုတ် Weekly Elevenဂျာနာတွင် ဆင်ဆာဖြတ်တောက်မှု နည်းပါးစွာ အပြည့်အ၀နီးပါး ဖော်ပြခွင့်ရရှိခဲ့သည်။

“Eleven မီဒီယာမို့ ဖော်ပြခွင့်ရတာက တကြောင်း၊ စာပေစိစစ်ရေးကလည်း ပြည့်ဝတဲ့ သတင်းလွတ်လပ်ခွင့် မဟုတ်ပေမယ့် ပျော့ပျော့ပျောင်းပျောင်းနဲ့ သတင်းတွေကို ကိုင်တွယ်လာတာ တွေ့နေရတယ်” ဟု သတင်းဂျာနယ် တစောင်မှ အယ်ဒီတာ တဦးက ဆိုသည်။

လက်ရှိ Weekly Eleven ဂျာနယ်တွင် ဖော်ပြခွင့်ရခဲ့သည့် ကိုအောင်ဇော်နှင့် အင်တာဗျူးတွင် အစိုးရသစ် မနှစ်သက်သည့် စကားလုံးများ ပါဝင်ခြင်းမရှိဘဲ အကောင်းမြင်ဝါဒဖြင့် ဖြေကြားထားမှုများကြောင့် စာပေစိစစ်ရေးက ဖော်ပြခွင့်ပေးခဲ့ခြင်း ဖြစ်နိုင်ကြောင်း ၎င်းကပြောသည်။

“သူတို့ ဟိုသတင်းဖော်ပြခွင့်မပေး၊ ဒီသတင်းဖော်ပြခွင့်မပေး ပိတ်ထားမယ့်အစား အခုလို ဖော်ပြခွင့်တွေ ပေးတော့ ဘာဖြစ်လဲဗျာ၊ အကြီးကြီး ထင်ထားတဲ့ ကိစ္စက အခု ဖော်ပြခွင့် ရလိုက်တော့ သေးသေးလေး ဖြစ်သွားတာပေါ့” ဟု
စာရေးဆရာကြီး တဦးက ဆိုသည်။

ပုဂ္ဂလိက သတင်းဂျာနယ်များတွင် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခက်သည့် သတင်းများမှ စတင်ပြီး အထိုက်အလျောက် ဖော်ပြခွင့်ရခဲ့ရာမှ ၂၀၁၁ ခုနှစ်တွင် စာပေစိစစ်ရေးသည် သတင်းများကို တည်းဖြတ်ရာတွင် လျှော့ပေါ့ ပေးလာကြောင်း
စီးပွားရေး သတင်းဂျာနယ်တစောင်မှ အယ်ဒီတာ တဦးက ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည် သတင်းတွေ၊ မြစ်ဆုံသတင်းတွေ၊ VOA သတင်းဌာနက ဒေါ်ခင်စိုးဝင်းနဲ့ အင်တာဗျူးတွေ၊ အခု ကိုအောင်ဇော့် အင်တာဗျူး၊ ဒီလို ဖော်ပြနိုင်တဲ့အပြင် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) ရဲ့ ငွေကြေးပြဿနာ သတင်းတွေပါ ခွင့်ပြုလာတယ်။ လုံးလုံး မလွတ်လပ်တောင် တော်တော်များများ လွှတ်ပေးလာတယ်” ဟု ၎င်းက ဆိုသည်။

စာပေစိစစ်ရေးသည် သတင်းဂျာနယ်များတွင် ဆင်ဆာဖြတ်ထားသည့် သတင်းများ၊ စာပိုဒ်များ ဖော်ပြမိလျှင် ယခင်က ဂျာနယ်ပိတ် အရေးယူသည့် မူဝါဒအစား ယခုအခါ ခံဝန်လက်မှတ် ထိုးခိုင်းခြင်း၊ နောက်ဆက်တွဲ တင်ခွင့် ပိတ်ခြင်းနှင့်
အချပ်ပို တင်ခွင့် ယာယီပိတ်ခြင်း စသည်ဖြင့် ပျော့ပျောင်းသော အရေးယူမှုများ ပြုလုပ်လာကြောင်း မီဒီယာအသိုင်းအ၀န်းမှ သိရသည်။

“ဟိုးအရင်ထက်စာရင် အများကြီး ဖော်ပြလို့ရလာတယ်။ နောက်တခေါက် လွှတ်တော် ထပ်ခေါ်တဲ့ အခါ စာပေစိစစ်ရေးဆိုတာ မရှိတော့ဘဲ ကိုယ့်သတင်းကိုယ် တာဝန်ယူရတော့မယ် ထင်တယ်” ဟု မြန်မာ့ဓန မဂ္ဂဇင်း အယ်ဒီတာချုပ် ဦးသီဟစောက ပြောသည်။

Eleven မီဒီယာနှင့် ကိုအောင်ဇော် အင်တာဗျူးရာတွင် မင်းတုန်းမင်းလက်ထက် မြန်မာ့အစောဆုံး လွတ်လပ်သည့် စာနယ်ဇင်းဥပဒေ အကြောင်း၊ ပါလီမန် ဒီမိုကရေစီခေတ် စာနယ်ဇင်းလွတ်လပ်ခွင့် အကြောင်းများအပြင် မြစ်ဆုံရေကာတာ ကိစ္စ၊ အမေရိကန်အပါအဝင် အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှု စသည်ဖြင့် ပါဝင်သည်။

ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာချုပ် ကိုအောင်ဇော်ကမူ ၎င်းအနေဖြင့် စာပေစိစစ်ရေးကို တင်ပြီးမှ Eleven မီဒီယာတွင် အင်တာဗျူး ပါလာခြင်းအပေါ် အံ့သြဝမ်းသာမိကြောင်း၊ ထိုထက်ပို၍ စာနယ်ဇင်းလွတ်လပ်ခွင့် ပိုရလာသင့်ပြီဖြစ်ကြောင်း၊ ပြည်တွင်းမှ ပညာရှင်များနှင့် နိုင်ငံရေး အသိုင်းအဝန်းမှ ပုဂ္ဂိုလ်များသည် ပြည်ပမီဒီယာကို အားကိုးနေရသကဲ့သို့ ပြည်ပမှ ၎င်းအပါအဝင် မီဒီယာသမားများ၊ နိုင်ငံရေးအဖွဲ့အစည်း များနှင့် ပညာရှင်များသည်လည်း ပြည်တွင်းမီဒီယာများတွင် ဖော်ပြခွင့် ရစေချင်ကြောင်း ပြောသည်။

“ပြည်တွင်းကလူတွေနဲ့ ပြည်ပက လူတွေ ပိုပြီး နားလည်မှုရလာပြီလို့ ယူဆပါတယ်။ ဒါဟာ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးရဲ့ အစလို့လည်း ထင်ပါတယ်၊ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်တို့သာ ရှိနေရင် ဒီလိုအင်တာဗျူးမျိုး ဘယ်တော့မှ ပါလာမှာ မဟုတ်ဘူး” ဟု သူက ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်