အိမ်

ဧရာဝတီ စာမျက်နှာတွင် “အောက်မေ့ဖွယ်” အမည်ဖြင့် ကဏ္ဍသစ် စတင်ဖွင့်လှစ် လိုက်ပါသည်။ စာရေး သူတို့၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး နယ်ပယ်တွင် ကြုံတွေ့ ခဲ့ရသည့် အမှတ်ရဖွယ် ထူးခြားသည့် အဖြစ် အပျက်များကို ရေးသား ပေးပို့ပါရန် ဖိတ်ခေါ် ပါသည်။ အသုံးပြုမည့် စာမူကို အကြောင်း ပြန်ကြားမည် ဖြစ်ပါသည်။ This e-mail address is being protected from spambots. You need JavaScript enabled to view it သို့ စာမူပေးပို့နိုင်ပါသည်။

မြေသား ပေါ်တွင် သစ်သားဖြင့် ဆောက်ထား ပါသည်။ အမိုးအကာ အခင်းတို့၏ ထုသွင်လည်း ဖြစ်ပါသည်။

တူ၊ လွှ၊ ရွေဘော်၊ ဆောက်၊ ချိန်သီး၊ ကျင်တွယ် တို့နှင့် ရိုးရှင်းသည့် နည်းပညာကိုသာ သုံးစွဲထားခြင်းလည်း ဖြစ်သည်။ အမိုးနှင့် နံရံတို့ထိစပ်ရာ မြင်းမိုရ်ပိတ်၊ ဆင့်တန်းနှင့် ကြမ်းခင်းတို့ ထိစပ်ရာတို့သည် သဘာဝနှင့် လျော်စွာ လေသမခွင့်ရနေသည်။ အပူပိုင်းဇုန် သစ်တောထွက် ပစ္စည်းများနှင့် သာမန် အဖြူထည်ဆန်သော အိမ်အိုတလုံးမျှသာ ဖြစ်သည်။

ထိုအိမ်တွင် အလိုရှိတိုင်း ဖွင့်ပိတ် နိုင်သော တံခါးများ ရှိသည်။ ကျနော်က မျှော်လင့်၍၊ ကျနော့် ကိုလည်း ပြန်လည် မျှော်လင့် ရာများ ရှိနေသည်။ အဖွင့်အပိတ် လွတ်လပ်သော တံခါးများနှင့် ထိုမျှော်လင့် ရာရာ များကိုတော့ ကျနော် လေးနက်စွာ လေးနက် နေမိပါသည်။

မိုးစက်၊ လရောင်၊ တေးဂီတနှင့် တခါတရံ ပျင်းရိမှုများ စီးဆင်းရာ တံစက်မြိတ် အောက်နား မှာတော့ အိမ်စိုက် အပင်များ ရှိနေသည်။ အာဖရိက ခရမ်းရောင် တပွင့် နှစ်ပွင့်။ ကန္တာရ ဆူးပင် တပင် နှစ်ပင်၊ လေရှူ မြစ်နှင့် သစ်ကပ်နွယ် တနွယ် နှစ်နွယ်၊ နေရောင် ကျလျင် အရွက် လှသည့် အရိုးမာ ရွက်လှ တရွက် နှစ်ရွက်၊ တစိတ် နှစ်စိတ် ကနေ တခု ယုတ် ကိုးဆယ် မကသည့် စိတ်တွေ၏ ဥဒ္ဓစ္စကို ထိုးစိုက် ထားနိုင်သော မြေပန်းအိုးက တအိုး၊ နှစ်အိုး။ စိတ်မပါဘဲ ရာသီလဲ အချိန်လဲပြီး လဆန်းပက္ခ၊ လဆုတ်ပက၊္ခ စန္ဒမာသ၊ နေ့၊ ည တလကနေ တလ ပြောင်း၍ လဲခဲ့ရပြီ။

သစ်ပင်တွေပေါ်က နေရောင်ခြည်မှာ ခရမ်းရောင်တွေကလည်း များစ ပြုနေပြီ။ ဒါပေမယ့် သစ်ရည်တွေ ကတော့ တက်ဆဲ။ ကျနော်တို့ကိုလည်း အပူဒဏ်တွေကတော့ ဖိစီးဆဲ။ ဒါပေမယ့် ကျနော့်အိမ်မှာ ခပ်စောက်စောက် အိမ်ခေါင်မိုးရှိသည်။ အရိပ်အေးရှိပါသည်။ စိတ်ကျရောဂါကို ကာကွယ်နိုင်သည့် ဖျဉ် ကုလားထိုင်လေးလည်း ရှိပါသည်။

ရယ်သံ၊ မျက်ရည်၊ ဝန်တိုစိတ်အနည်းအငယ်နှင့် ငွေသားအနည်းငယ်ရှိပါသည်။ ကလေးကစားစရာ၊ ပုံဆွဲကိရိယာနှင့် ဖဲကြိုးဝါ သီချင်းလည်းရှိပါသည်။ ပြုလုပ်တပ်ဆင်ထား သောအပြုံးများ မရှိပါ။ စန္ဒရားနှင့် အမေလည်း မရှိပါ။ စုဘူး၊ ဘောဂဗေဒသင်ခန်းစာ၊ ပါတီဝင် ကတ်ပြားနှင့် အာဏာတို့ မရှိပါ။မော်တော် ကားလည်း မရှိ။ သေနတ်မရှိ။ ကျနော့်အိမ်တွင် ကျနော်လည်းမရှိပါ။

ဗုဒ္ဓ ရုပ်ပွားတော်၊ သမ္မာကျမ်းစာနှင့် ကျောက်ပုံနှိပ် ပန်းချီကားများတော့ ရှိပါသည်။

သူ့သဘောသူဆောင်ရန် အခွင့်အရေး ရတတ်သော်လည်း ကျနော့်သဘောနှင့်သာ ယူဆောင်တတ်ခဲ့သော ဘာသာတရားနှင့် ပုံဆွဲပညာ အထုံလေ့ပါလာသော ကျနော့်မိန်းမလည်း ရှိပါသည်။ ကျနော်တို့ ပေးစွမ်း သမျှထဲက ရွေးနိုင်စွမ်းသော အတတ်နှင့် ကြီးပြင်းလာမည့် ရှစ်ဆယ်ခုနှစ် အလွန်မှာ မွေးသော ကလေးလည်း ရှိပါသည်။

ထိုအမိုးတခုအောက်မှာ ကျောင်းစာနှင့်ဂျယ်လီ၊ သနပ်ခါးနှင့်ထဘီ၊ ဆန်အိုးနှင့် ဗမာငွေ၊ ဘာသာစကားနှင့် လမ်းလျှောက်သင်ဖိနပ်၊ ထိုအရာတို့နှင့်အတူ အမိုးတခုတည်းမှာ ကျနော့်သွေးသားများ နေထိုင်ကြပါသည်။ကျနော်၏ မိန်းမကိုလည်း စိတ်ကြီးဝင်စွာ ကျနော့် နံရိုးတချောင်းနှင့် ပြုလုပ်မထားရပါဘဲ ကျနော့်သွေးသားဟု ထင်မှတ်နေမိပါသည်။

ကျနော်တို့သွေးထဲတွင် ကစီဓာတ်၊ အသားဓာတ်နှင့် သံဓာတ်တို့သာ ပါဝင်သည်ဟု ထင်နေတတ်ကြပါသည်။ကျနော်တို့ သွေးများထဲတွင် အိမ်များလည်း ပါဝင်နေတတ်ပါသည်။ ထိုအိမ်ထဲတွင် သက်စောင့်ဓာတ် များပါရှိ၍ လိုအပ်သော အားကိုလည်း ဖြစ်စေရပါသည်။ ထိုအားကိုဖြစ်စေသော အာဟာရများကို သွယ်ဝိုက်၍ ယဉ်ကျေးမှုဟုလည်း ခေါ်ကြသည် ထင်ပါသည်။

ထိုယဉ်ကျေးမှုနှင့် တအိမ်တည်းသားဖြစ်သော ချိုသာသည့် ရှယ်လီ၊ ပြင်းရှသည့် မာယာကော့ဖ်စကီး၊ ပေါက်ကွဲသည့် ဒိုင်လန် သောမတ်စ်၊ ခိုင်မတ်သည့် ဘီရိုပတ်စ်၊ တရားလည်းရှိ အချစ်လည်းရှိသည့် ရှင်မဟာ ရဋ္ဌသာရ၊ အသက်လည်းရှည် အတ္ထုပ္ပတ္တိလည်းရှည်သည့်  အဘိုးသခင်ကိုယ်တော်မှိုင်း၊ မျက်လုံးအိုပေမယ့် အတွေးမအိုသည့် ဒဂုန်တာရာ၊ အသက်မရှည်ပေမယ့် ဆံပင်ရှည် လက်တံရှည်ခဲ့တဲ့ ဖော်ဝေးနှင့် စာအုပ် ကြိုက်သည့် ငွေပြာရောင် ပိုးကောင်သေးသေးလေးတို့သည် ကျနော့် စာအုပ်စင်မှာ နေကြပါသည်။

စာအုပ်စင်သည် သူတို့နေရပ်ဆိုလျှင် သူတို့အိမ်သည် ကျနော့် အိမ်ထဲမှာ ရှိနေပါသည်။ ပင့်ကူ၊ ပုရွက်၊ နဂျယ်အိမ်တို့သည်လည်း အိမ်ထဲမှ အိမ်များပင် ဖြစ်ကြပါသည်။ ပိုးကောင်ငယ်လေးများ ယဉ်ကျေးမှု သည်လည်း သူတို့အိမ်များနှင့် ဆက်စပ် နေနိုင်ပါသည်။

ကျနော့်အိမ်သို့ စာပေ၊ နိုင်ငံရေး၊ အချစ်နှင့် အရက်တို့လာရောက် လည်ပတ်သောအခါ အိမ်ရှင် ပီသစွာ လက်ခံရပါ လိမ့်မည်။အရက်ကို အရက်လိုသောက်၍ အချစ်ကိုအချစ်လို ချစ်ရပါလိမ့်မည်။ နိုင်ငံရေးကို ပြဇာတ်လို ကသော၊ စာပေကို ကြွေးကြော်သံလို တိုင်တည်သော ဧည့်သည်များကိုတော့ ကျနော့် အိမ်ဖြစ်ကြောင်း သတိပေးရပါလိမ့်မည်။ ကျနော်သည် ပိုးကောင်ငယ်မဟုတ်၊ သိပ်ယဉ်ကျေးလွန်းသူ မဟုတ်ပါ။

ကြီးမားသော ဒါမှမဟုတ်၊ ကြီးမားသည်ဟု သရုပ်ဆောင်ထားသော ကိုယ်ထည်များအတွက် ကျနော့် ဧည့်ခန်း၏အတွင်း ဟင်းလင်းခွင်နှင့် ဆံ့မည်မထင်ပါ။ ကျနော့်အိမ်က သေးတာလည်းပါသည်။ ၁၇ ရာစု ဗာဆိုင်း နန်းတော်ကြီးလို လေးထောင့်မားမား ထုနှင့် ထည်နှင့် လည်းမဟုတ်ပါ။ ထို့ကြောင့် သူရဲကောင်းကြီး များအတွက် အနေကျုံ့နိုင်ပါသည်။ ကောင်းကင်ဘုံကို ထိုးထွက်နေသည့် အမိုးချွန်များနှင့် ဂေါသစ် လက်ရာလည်း မဟုတ်ပါ။ ထို့ကြောင့် စင်းလုံးချော သူတော်စင်များအတွက် ခေါင်းမော့နေရန် အခက်အခဲ ရှိပါသည်။ မိုးမျှော်တိုက်များလိုလည်း အထပ်မများပါ။ ထို့ကြောင့် နောက်လိုက် သင်းပင်းများသူများ နေရာစေ့ငှမည် မထင်ပါ။

ကျနော့်အိမ်သည် အရသာရှိချင်သော သမီးလေး၏ ရယ်မောသံမျှဖြင့် လုံလောက်သော၊ တယောက်နှင့် တယောက် အဖြောင့်တိုင်းတာနိုင်သော အကျယ်အဝန်းမျှသာရှိသည့် သာမန်အိမ်ငယ်ဖြစ်ပါသည်။

အကြောင်းအရာပါ အိမ်သည် ကျနော့်တွင် နှစ်ဆောင်နှစ်လုံး ဖြစ်နေ၊ ရှိနေပါသည်။ အိမ်တလုံးသည် ပြင်ပတွင်ရှိနေ၍ အိမ်တလုံးမှာ ကျနော်နှင့်အတူရှိနေပါသည်။

(၁၉၉၄ စက်တင်ဘာလထုတ် ရွှေဝတ်မှုန် မဂ္ဂဇင်း အတွဲ၊ ၅၊ အမှတ်-၃ မှ ပြန်လည်ဖော်ပြထားပါသည်။)
(မြန်မာသစ်မဂ္ဂဇင်း အမှတ်(၂) နိုဝင်ဘာ ၂၀၀၈ မှ ထပ်မံဖော်ပြထားသည်ကို ကူးယူပေးပို့ပါသည်။)
 
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်