သူ့ရဲဘော်တွေ ညက အဖမ်းခံလိုက်ရပြီ။ ကိုဝေလင်း (နှင်းခါးမိုး) က အရင်ဆုံး၊ နောက်တော့ ကိုအောင်သူ၊ နောက်တော့ ကိုဝင်းနိုင်ဦး။ ဖမ်းမယ့် ဆီးမယ့်လူတွေ ညတုန်းက သူ့ဆီရောက်မလာတဲ့ ရင်းမြစ်ကို သူသိပါတယ်။ သူ့ရဲဘော်တွေ ပေးလိုက်တဲ့ ည တညပါပဲ။ ဒီမနက်မှာတော့ သူ ၀ရမ်းပြေး ဖြစ်ဖူးသွားပါပြီ။
ကိုယ်တခု အ၀တ် တထည်နဲ့ အိမ်က ထွက်ခဲ့ ရပါတယ်။ ချိန်းထား ပြီးသား ကိုပြုံးဆီကို ရောက်အောင် သွားရမယ်။ ကိုပြုံးက အခုတော့ အင်္ဂလန်မှာ။ ကဗျာဆရာ မြေချစ်သူရဲ့ ညီ ကိုပြုံးဆိုတဲ့ လူက လူပုံ အနေ အေးသလောက် ဘာကိုမှ မမှုတဲ့ အမျိုးအစား ထဲက ဖြစ်တယ်။ ဒီလို နေ့မျိုးမှာ သူ့အတွက် ဒီလိုလူမျိုးက မရှိမဖြစ် ပါဘဲ။ သူတို့ နှစ်ယောက် ထွက်ခဲ့ကြပါတယ်။ ရန်ကုန်မြို့ရဲ့ အရှေ့ပိုင်း ရေကျော် ဈေးနားကို သူတို့ ရောက်လာ ကြတယ်။ အဲဒီမှာ ဒယ်ဒီကြီးလို့ လူငယ်တွေ ခေါ်ကြတဲ့ သူတို့ရဲ့ အရေးတကြီး ဆက်သားကြီး ရှိတယ်။ သူက သင်္ကြန် သံချပ်သမား ကြီးပေါ့။ နောက်ဆုံး အခြေအနေ အဖြစ်အပျက်ကို စာတစောင်ရေးပေးခဲ့တယ်။ ကိုပြုံးနဲ့ ဒယ်ဒီကြီးကို ၃၈ လမ်းဈေးထဲက ဆိုင်တဆိုင်မှာ ချိန်း၊ သူနဲ့ ကိုပြုံးနဲ့က ဥက္ကလာ ဘုရားနားက လမ်းဆုံမှာ ချိန်းပြီး လူခွဲခဲ့ကြတယ်။
တနေ့လယ်လုံး ဆက်စရာရှိတာတွေဆက် ဖြတ်စရာရှိတာတွေဖြတ်နေရတယ်။ ဦးထုပ်ဆောင်းလေ့မရှိတဲ့ သူလည်း အဲဒီ အချိန်ကစပြီး ဦးထုပ်ဆောင်းတတ်လာတယ်။ ဦးထုပ်ဆိုတာ အသုံးဝင်တဲ့ ပစ္စည်းတခုပါကလား။ ပွတ်ရှကင်ရဲ့ ဇာတ်ကောင် တယောက်ကတော့ သူ့ကို သေနတ်နဲ့ ပစ်ဖို့ ချိန်နေတဲ့ အချိန်မှာတောင် ဦးထုပ်ထဲက ဘယ်ရီသီးတွေကို အစားမပျက်ဘူး။ ဘယ်လိုရုရှား ဇာတ်လိုက်ပါလိမ့်။ သိပ်အေးတဲ့ နိုင်ငံက သိပ်သွေးအေးတဲ့ လူလား၊ သေချင်းတရားထက် ကြီးမားတဲ့ စိတ်ပြင်းအား ရှိနေလို့လား၊ ဆုံးရှုံးတွယ်တာစရာ ဘာမှ မရှိလို့လား။ ၀တ္ထုထဲက လူမျှသာလား။
သူကကော ဘယ်လိုလူလဲ။ ခုမှ သတိထားမိတယ်။ ကိုယ့်ကိုယ်ကို မေးခွန်း မထုတ်မိတာ အတော်ကြာနေပြီပဲ။ သူက နည်းနည်းကြောက်တတ်တယ်။ ကြောက်စရာကောင်းတဲ့ အလုပ်တွေကိုလည်း ကြောက်ကြောက်နဲ့ လုပ်တတ်တယ်။ သူ့မှာ ကလေးတယောက်ပဲ ရှိတဲ့အချိန်က ရွှေထည်ပစ္စည်း အနည်းငယ်နဲ့၊ ကလေးတယောက်နဲ့၊ ကိုယ်ဝန်ကြီးနဲ့ မိန်းမသားတယောက်ကို ထားပစ်ခဲ့ဖူးတယ်။ သံကြီး တမန်ကြီး အိန္ဒိယကြီးတွေရဲ့ စကားကိုယုံစားပြီး အိန္ဒိယဘက်ကို ထွက်ခဲ့တယ်။ ကျနော်တို့ နိုင်ငံက ဒီမိုကရေစီ နိုင်ငံပါဆိုတဲ့ အပြောမှာ လွတ်မြောက်နယ်မြေ အိပ်မက်မက်ခဲ့တယ်။ အိန္ဒိယကြီးတွေ ကိုယ်တိုင်က ဗျူရိုကရေစီနဲ့ တရုတ်ကြောက်စိတ်က မလွတ်မြောက်နိုင်သေးတာပဲ တွေ့ခဲ့ရတယ်။ နောင် အိန္ဒိယရဲ့ သံတမန် သင်တန်းတွေမှာ လေ့လာဖို့ ဆရာကြီး မင်းသုဝဏ်ရဲ့ “ဘကြီးအောင်ညာတယ်” ဇာတ်လမ်းကို အူရဒူ ဘာသာ၊ တမီလ်ဘာသာ၊ ဟိန္ဒီ ဘာသာတို့နဲ့ အိန္ဒိယမှုပြုဖို့ လိုမယ် ထင်ပါရဲ့။
ကလေးနှစ်ယောက်ရတဲ့ အချိန်မှာတော့ ဆံပင်တိုတိုညှပ်၊ ဦးထုပ်ဆောင်း၊ မျက်မှန်ဖြုတ် ကျောပိုးအိတ်တလုံးလွယ်ပြီး အန်ဒါဂရောင်း ခဲ့ရပါပြီ။
အဲဒီနေ့က နေလုံးကြီးကလည်း သူ့အလုပ်နဲ့သူ၊ သူကလည်း သူ့အလုပ်နဲ့သူ၊ အချိန်ကုန်လို့ ကုန်မှန်းမသိလောက်အောင်ပါပဲ။ မွန်းတည့်၊ မွန်းတိမ်း၊ မွန်းလွဲ။ နာရီထဲကို ဗြုံးဆို အချိန် ၃ နာရီရောက်လာပါရော။ အချိန်ဆိုတာကြီးက နာရီထဲမှာ ရှိတာလား နေသွားလမ်းကြောင်းထဲမှာ ရှိတာလားတွေ ဘာတွေ ရှည်ဝေး ကွေ့ပတ်နေလို့ မရတော့ပါဘူး။ သုံးနာရီဆိုတာ အပူရှိန်လျော့စ
ပြုပါပြီ။ နေချိုပြီ၊ ညနေရောက်ပြီ။ တိတိကျကျ ပြောရရင် မူကြိုကျောင်းလေး လွှတ်ချိန်ရောက်ပါပြီ။ သမီးလေး အဖေလာကြိုမှာကို မျှော်နေပါပြီ။ ဘယ်လိုလုပ် ကြမလဲ။ အဖေလာမကြိုနိုင်တာကို ဘယ်သူမှလည်း သေသေချာချာ မသိကြသေးဘူး။ သူဘယ်လို ဝေခွဲရမှန်းမသိနိုင်ဘူး ဖြစ်နေပါသေးတယ်။ နောက်ဆုံးတော့ အဖေစိတ်က အနိုင်ရသွားခဲ့ပါတယ်။ သမီးလေးကို သတိထားပြီး သွားကြိုဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မျက်နှာ စိမ်းတွေ၊ စောင့်ဖမ်းမယ့် သူတွေ ရောက်နေရင်ကော။ ကိုယ်က ဦးအောင်၊ မြင်အောင် လုပ်ရမှာပဲ။ သူ့ ငါမသိ၊ ငါ့ သူမသိ၊ ၅၀ ရာခိုင်နှုန်း စီပဲဥစ္စာ။ ကြိုနေကြ မိဘတွေချင်း မျက်မှန်းတန်းပြီး သားပဲလေ။ ဆိုက်ကား အဆင်သင့် ကြို ငှားထားပြီး သမီးလေးကို သုတ်ခနဲ ပွေ့ချီလိုက်ရတယ်။ နောက်ဘယ်လောက် ကြာအောင် သမီးလေးကို မပွေ့ချီဘဲ နေရတော့မှာလဲ ဆိုတဲ့ အတွေးကိုလည်း ဖယ်ထုတ်လိုက်ရသေးတယ်။
သစ္စာလမ်းမကြီး ပေါ်မှာပဲ ကျောင်းကော၊ အိမ်ကောရှိတာဆိုတော့ သော့ခတ်ထားတဲ့ သူ့အိမ်ရှေ့က ဖြတ်ခဲ့ရတယ်။ မျက်နှာစိမ်းတွေက ကျောင်းက မစောင့်ဘဲ အိမ်ရှေ့လမ်းဆုံ ရပ်ထားတဲ့ ကားပေါ်က စောင့်နေကြ လေရဲ့။ ကားထဲမှာ လူပြပေးဖို့ ခေါ်ထုတ်လာတဲ့ ကို ဝေလင်းနဲ့ ကို အောင်သူ။ ကားထဲကို မမြင်ရနိုင်ပေမယ့် ဆိုက်ကားပေါ်က သားအဖကိုတော့ မြင်ရပါတယ်။ ဒါပေမယ့် သူတို့ မမြင်အောင် ကြည့်ခဲ့ပါတယ်။ နောင်ပြန်ဆုံ ကြတဲ့အခါမှာတော့ “ အဲဒီနေ့က အစ်ကိုတို့ သားအဖကို ကျနော်တို့ တွေ့သားပဲ ” တဲ့။
မြင်သာ ဘုရားလမ်းဆုံးမှာ ကို ပြုံးနဲ့ ပြန်ဆုံမိပြီ။ ၃၈ လမ်းဈေး ဒယ်ဒီကြီး ကိစ္စလည်း သိရပြီ။ ကလေး အမေနဲ့ အဘွားကို အခေါ်လွှတ်ပြီး ကလေးကိုလည်း အပ်ပြီးပြီ။ သမီးလေးနဲ့ နှုတ်ဆက်ခန်းကတော့ ရပ်ကွက်အတွင်းက မြေနီလမ်း ကလေးတခုပေါ်မှာပါ။ အိမ်ဆိုင်လေး တဆိုင်က သူကြိုက်တဲ့ ပီကေတွေ၊ သကြားလုံးတွေ လက်တဆုပ်စာ ၀ယ်ပေးပြီး ထားခဲ့ရတာပါပဲ။
ဒီညကို ဘယ်လိုဖြတ်မလဲ၊ ကျော်မလဲ။ လမ်းကြိုလမ်းကြားတွေထဲ စဉ်းစဉ်းစားစား လျှောက်ရင်း ၅ ရပ်ကွက် အစွန်က ချောင်ကျကျ ဘုံဆိုင်လေး တဆိုင်မှာ ၀င်ထိုင် အချိန်ဖြုန်းရဦးမယ်။ သူများ ရပ်ကွက်မှာ လူစိမ်းတယောက် လိုဖြစ်နေတုန်း အသိ ပန်းချီ ဒီဇိုင်နာ တယောက် ၀င်လာလို့ ဟန်ကျသွားတယ်။ တေးသံသွင်း လုပ်ငန်းတခုလည်း လုပ်နေဆဲသူမို့ ပြောစရာတွေက ညအိပ်ချိန် အထိ အဆင်ပြေသွားတယ်။
ဆုံးဖြတ်ချက်ကတော့ သစ္စာလမ်းကျယ်၊ ကိုယ့်အိမ်နားက ငယ်သူငယ်ချင်း ရပ်ကွက်လူကြီးအိမ်ကို ဒီည အတွက် ရွေးလိုက်ပါတယ်။ မိုးစွေ နေတုန်း ထီးတချောင်း ကွယ်ပြီး အိမ်ထဲ ၀င်နိုင်ခဲ့ပါတယ်။
ကိုယ့်ဇာတ်ကိုယ် ပြန်ကြည့်ရတဲ့ အဖြစ် စတာက သန်းခေါင်ယံ အချိန်မတော်ကြီးမှာပါ။ တဒုံးဒုံး အသံတွေကြားလို့ သူငယ်ချင်း အိမ်အပေါ်ထပ်ကနေ မီးမဖွင့်ဘဲ ချောင်းကြည့်ကြတာပါ။ သော့ခတ်ထားတဲ့ သူ့အိမ်ရှေ့တံခါးကို ဖွင့်မရလို့ သစ်သားနံရံတွေကို ရိုက်ဖွင့်နေကြတာပါ။ သူ့အိမ်နားတ၀ိုက်မှာ လက်နှိပ်ဓာတ်မီးရောင်တွေလည်း မြင်နေရတယ်။ TE.11 စစ်ကားကြီး ၂ စီး ကိုလည်းတွေ့ရတယ်။ ခဏနေတော့ သူ့မိန်းမနဲ့ လသားအရွယ် သူ့သားငယ်ကို ထီးတချောင်းနဲ့ မိုးစွေစွေထဲမှာ ခေါ်လာတာ မြင်နေရတယ်။ အိမ်ထဲခေါ်သွားပြီး ခဏနေတော့ လမ်းပေါ်က စစ်ကားအနား ခေါ်လာပါတယ်။ အသံတွေလည်း ကြားနေရပါပြီ။
“ မိန်းမဆိုပြီး လျှော့ပေးမယ် မထင်နဲ့ ”
“ အသား အနာခံချင်လို့လား ”
“ ကျဉ်စက်နဲ့ တို့တာခံဖူးလို့လား ”
သူဘယ်လိုကြည့်ရမှာလဲ၊ ဘယ်လိုကြားရမှာလဲ၊ ဘယ်လိုလက်ခံ၊ ဘယ်လိုတုံ့ပြန်ရမှာလဲ။ ခံစားစိတ်နဲ့ ဆင်ခြင်ဉာဏ်ဟာ အပြန်အလှန် မီးနဲ့ရှို့နေသလိုမျိုး ပူလောင်လာတယ်။ သူ တခုခု ဆုံးဖြတ်ရတော့မယ်။
“ သိမှ မသိတာကို ရှိတဲ့နေရာ ဘယ်လိုလုပ်ပြောရမှာလဲ ”
“ မယုံရင်လည်း မတတ်နိုင်တော့ဘူး ”
“ကျွန်မ ဘက်ကတော့ ပြောစရာ ဒါအကုန်ပဲ ”
ကြေးစားတစု ခေါင်းချင်းဆိုင်လိုက်ကြတယ်။ သူ့မိန်းမနဲ့ ကလေးကို ကားနောက်ခန်းပေါ် တက်ခိုင်းလိုက်တယ်။ ကားက မြင့်တော့ ကလေးတဖက်နဲ့ သူ ဘယ်လိုတက်သွားတယ် မသိဘူး။ နောက်ခန်းမှာ ထိုင်နေရတယ်။
ဟိုဘက်မှာက ကလေးနဲ့၊ မိန်းမနဲ့ နှစ်ယောက် ဒီဘက်မှာက သူတယောက်ပဲ။ ကလေးနဲ့ ဆိုင်တဲ့ ကိစ္စလည်း မဟုတ်ဘူး။ သူထွက်တွေ့ဖို့ ရွေးလိုက်တယ်။ သူ့သူငယ်ချင်းနဲ့ မိန်းမကတားတယ်။ ဒါ ဆိုက်ကိုဖြစ်နိုင်တယ်၊ ပရိယာယ်ဖြစ်နိုင်တယ်။ ကားက ထွက်သေးတာ မဟုတ်ဘူး။ ကားပေါ် စစ်သားတွေ ပြန်မတင်သေးဘူး။ အဲဒီတုန်းမှာ အိမ်ငှား ကလေးအမေတယောက် ကလေးခြုံတဲ့ စောင်လေး တထည်လာပေးပြီး ပြန်သွားတယ်။ ၀ိုင်းပြီး ကြည့်နေကြတယ်။ အဲဒီ အချိန်မှာ တိတ်ဆိတ် အေးစက်နေတာပဲ။ ထင်မထားဘဲ ခွေးအူသံတွေလည်းကြားရတယ်။ မိုးကလည်းစွေနေဆဲပဲ။
စက္ကန့်တိုင်း၊ ခဏ ငယ်တိုင်းဟာ လေးလံနေတယ်။ ပို၍ လေးလံလာနေတယ်။ ကိုယ့်ဇာတ်ကိုယ် ထဲထဲ နစ်နစ်မြင်နေရတယ်။ သူနဲ့ သူ့မိန်းမ ငယ်ငယ်က ကြည့်ခဲ့ဖူးတဲ့ ဇာတ်ကား တကားကိုလည်း ပြန်မြင်ယောင်နေတယ်။
ပင်လယ်စင်ရော်တကောင် ပင်လယ် အကျဉ်းစခန်း သံဆူးကြိုးမှာ ငြိပြီး သွေးထွက်နေတဲ့ တောင်ပံတွေနဲ့ … ရုန်းထွက်နေတဲ့ မွန်တပ်ခ်ျ၊ မင်းသား အိုမာရှရစ်က နိုင်ငံရေး အကျဉ်းသား၊ မင်းသမီးက ဖလော်ရီဒါဘဂွတ်ကင် ထင်တယ်၊ မသေချာဘူး။ သေချာတာက ဒီ အမျိုးသမီးမျက်နှာ ခွန်အားရှိတယ်။ ပင်လယ်ကို ဖြတ်ပြီး ထောင်ဝင်စာ လာတွေ့တယ်။ ဟိုက ဘာမှ မမှတ်မိတော့ဘူး။ ကားနာမည်က Brainwash။ ဒီကားကြည့်ရတာ သိပ် လေးလံတယ်။ ပင်လယ်ထဲ ကျောက်တုံးကြီးကြီး ဖြည်းဖြည်းချင်းချလိုက်သလိုမျိုး။ ပင်လယ်ကြမ်းပြင် အထိ တဖြည်းဖြည်းချင်း နစ်ဆင်းနေတာ။ ဒါပေမယ့် ဒီကားက တခါကြည့်ဖူးရင် Brainwash လုပ်လို့တောင်မရနိုင်တဲ့ ကားမျိုးပါပဲ။
မိန်းမသား တယောက်နဲ့ စစ်ကားနှစ်စီးစာ ကြေးစားတွေရဲ့ အားပြိုင်ပွဲဟာ နိဂုံး ပိုင်းကို ရောက်ပါပြီ။ သူ့မိန်းမ ကလေးချီပြီး ကားပေါ်က ဖြည်းဖြည်းချင်း ဆင်းနေပြီ။ ထီးလေးဖွင့်ဆောင်း၊ စောင်ကလေးခြုံပြီး ရေစွက်စွက် မိုးစွေစွေထဲမှာ စစ်ကားကြီး ခေါင်းပိုင်းကို ကျော်ပြီး လျှောက်သွားနေပါပြီ။ မှောင်ကြီး မည်းမည်းထဲမှာ၊ ခွေးအူသံတွေကြားမှာ မထင်မှတ်ဘဲ စစ်ကား ရှေ့မီးကြီးတွေ လင်းလာပါတယ်။ ခွေးအူသံတွေ မိုးစက်တွေနဲ့ ရောနေတဲ့ အဖြူမွဲမွဲ မီးရောင် အလင်းတန်းဟာ သားအမိနှစ်ယောက် အပြန်လမ်းကို ထိုးပေးထားပါတယ်။ ဟိုးအဝေးကြီး မမြင်ရတော့တဲ့ အထိပါပဲ။ အရုပ်အရောင်နဲ့ အရိပ်လေး အဖြစ် မြင်နေရတာဟာ အလင်းနဲ့ အမှောင်ရှိနေလို့လား။ အလင်းနဲ့ အမှောင် မရှိတော့ရင် မမြင်ရတော့ဘူးလား။
< Prev | Next > |
---|