အသားတွေ ကင်လိုက်၊ တူးမှာစိုးလို့ ဟိုဘက်ဒီဘက် လှန်လိုက်၊ ထည့်ထားတဲ့ ရေတွေ ခန်းသွားရင် ပြည်ဖြည့်လိုက်၊ အသားတွေ မကပ်အောင် တင်ထားတဲ့ ၀က်ဆီတုံး ကုန်ရင် လဲပေးလိုက်၊ အသားပြုတ် ရေတွေ ဆူရင် ထည့်ထားတဲ့ အသီး အရွက်တွေ အကျက် မလွန်ခင် ခပ်စားလိုက်နဲ့ အေးအေးလူလူ မစားရတာရယ်၊ စားပြီးလို့ အိမ်ပြန်ရင်လည်း အသားကင် ညှော်နံ့တွေ တကိုယ်လုံးစွဲနေလို့ ရေပြန်ချိုးရ တာရယ်ကြောင့် ကျနော်ကတော့ မူကထ ဆိုင်ကို တော်ရုံတန်ရုံ ရောက်ခဲပါတယ်။ ဒါ့အပြင် ကျနော် သွားမစားချင်တဲ့ တခြား အကြောင်းတွေ ကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။
* * * * * *
၁၉၉၂ ခုနှစ်မှာ န၀တ (အဲဒီအချိန်က နအဖ အဖြစ် မပြောင်းသေးဘူး) က ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟို ဌာနချုပ်ဖြစ်တဲ့ “မာနယ်ပလော” ကို အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်တော့ KNU ဌာနချုပ်ကို အဓိက ကာကွယ် ပေး ထားတဲ့ “ထီဖားဝီးကျိုး” လို့  ကရင်လို ခေါ်ပြီး “ခွေးအိပ်တောင်” လို့  မြန်မာမှု ပြုနိုင်တဲ့ “ထီဖားဝီးကျိုးတောင်”ကို အပြင်း အထန် ထိုးစစ်ဆင်ပါတယ် (နော်တ ဘက်ကလည်း ထိုးစစ်ဆင်ပါတယ်။ နော်တ ထိုးစစ်နဲ့ ပတ်သက်တဲ့ တိုက်ပွဲ အတွေ့ အကြုံ တွေကို နအဖ ဘက်က ဗိုလ်မှူးသောင်းဝေဦး ဆိုသူက စာအုပ်ထုတ်ခဲ့ပါသေးတယ်) ထိုးစစ်ဆင်တာမှ ဆွီဒင်နိုင်ငံလုပ် ၈၄ မမ (Carl Gustav recoilless rifle) တင့်ဖျက်လက်နက်တွေ၊ ၁၂၀ မမ မော်တာတွေ၊ ၁၀၇ မမ မော်တာတွေ အပါအ၀င် လေကြောင်းကပါ အကြိမ်ကြိမ်ဗုံးကြဲ တိုက်ခိုက်ခဲ့တာပါ။
KNU သမိုင်းမှာ အဲဒီအချိန်အထိ “ထီဖားဝီးကျိုး” တိုက်ပွဲဟာ အပြင်းထန်ဆုံးလို့ ပြောစမှတ်ပြုရတဲ့အထိပါပဲ။ ထိခိုက်ကျဆုံးမှု အများအပြားလည်း နှစ်ဘက်လုံးမှာ ရှိခဲ့ပါတယ်။
အဲဒီ အချိန်တုန်းကKNU တပ်မဟာ ၆ ဒေသမှာ အခြေစိုက်တဲ့ ကျောင်းသား တပ်မတော် တပ်ရင်း ၂၁၆၊ ကျနော်တို့တပ်ရင်း ၂၀၄/၂၀၅ ပူးပေါင်းတပ်တွေဟာ စစ်ကူအဖြစ် “ထီဖားဝီးကျိုး” ဒေသမှာKNU တပ်တွေ၊ တခြားဒေသက ကျောင်းသား တပ် တွေနဲ့အတူ ပူးပေါင်း တိုက်ပွဲဝင်ခဲ့ ရပါတယ်။ ကျနော်တို့ စတင်တာဝန်ယူရတဲ့ နေရာကတော့ သံလွင်နဲ့ သောင်ရင်းမြစ်ဆုံ အနီး သံလွင်မြစ်ကမ်းဘေးက မယ်လထရွာ အထက်ပိုင်း၊ မယ်လယ်ကျိုး ဆိုတဲ့ တောင်ကုန်းတကုန်းမှာပါ။
န၀တ ဘက်က လက်နက်ကြီးနဲ့ ဘယ်အချိန်ထ ပစ်ပစ်၊ ဘယ်လိုပစ်ပစ်၊ လေယာဉ်နဲ့ ဘယ်လိုဗုံးကြဲကြဲ ကျနော်တို့ ကုန်းပေါ် ပဲ တိုက်ရိုက်ကျလို့ နောင်မှာ “ခံကြီးမောင်ကုန်း” လို့တောင် နာမည် တွင်သွားပါတယ်။ တောင်ကုန်း တခုလုံးလည်း ဗုံးဆန်တွေ၊ လက်နက်ကြီး ကျည် သင့်တဲ့ ဒဏ်တွေကြောင့် သစ်ပင်တွေ၊ ၀ါးရုံတွေ အကုန်ပြောင်သလင်းခါပြီး မြေကြီးတွေ မှာလည်း ချိုင့်တွေ၊ ကျင်းတွေ၊ မီးလောင် မြေတွေနဲ့မို့ တောင်ယာခုတ်၊ မီးရှို့ထားသလားတောင် ထင်ရပါတယ်။
နောက်ပိုင်းတော့ န၀တ ဘက်က “ထီဖားဝီးကျိုး” ကို သိမ်းလိုက်နိုင်ပေမယ့် KNU နဲ့  မဟာမိတ်တပ်တွေက “ထီဖားဝီးကျိုး” တ၀ိုက် ကနေ ခုခံခဲ့ပါတယ်။ ၁၉၉၂ ခုနှစ် ဧပြီလမှာတော့ နအဖ(အဲဒီအချိန်မှာ နအဖ ဖြစ်သွားပြီ)ဘက်က အထူး စစ်ဆင် ရေး အဖွဲ့ မှူး ဗိုလ်ချုပ်မောင်လှ က “တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် ကရင်ပြည်နယ်အတွင်း စစ်ဆင်နေတာတွေ ရပ်စဲလိုက်တယ်”လို့ ကြေညာပြီး ထိုးစစ်ဆင်တာကို ရပ်လိုက်ပါတယ်။ အဲဒီနောက် တပ်မဟာ ၆ နယ်မြေက စစ်ကူလာတဲ့ ကျနော်တို့ တပ်တွေလည်း အကြောင်းကြာင်းကြောင့် ပြည်တော်ပြန်ခွင့် မရဘဲ ကျောင်းသား တပ်မတော် (မကဒတ) ဗဟိုဌာနချုပ် တည်မယ့် “ဒေါင်းဂွင်” လို့ နောင်မှာ ကျော်ကြားလာမယ့် နေရာရဲ့ မြောက်ဘက် မိနစ် ၂၀ ခန့်အကွာ၊ ထိုင်းနိုင်ငံ “မယ့်ကထာ” ဆိုတဲ့ ရွာနဲ့ မျက်နှာချင်းဆိုင် သံလွင်မြစ်ကမ်းပေါ်မှာ ကျနော်တို့ တပ်ရင်း၂၁၆ က စခန်း အသစ် ဆောက်လုပ် အခြေချလိုက်ရပါတော့တယ်။
ကျနော်တို့နဲ့ မနီးမဝေးမှာက တပ်ရင်း ၂၀၄/၂၀၅ အခြေစိုက် ပါတယ်။ အဲဒီအချိန်က ကိုမိုးသီးဇွန် ဦးဆောင်တဲ့ မကဒတ နဲ့ ဒေါက်တာနိုင်အောင် ဦးဆောင်တဲ့ မကဒတ ရယ်ဆိုပြီး ၂ ခြမ်းကွဲနေရာမှာ ကျနော်တို့ က ဒေါက်တာနိုင်အောင် ဦးဆောင်တဲ့ မကဒတ ဘက်ကပေါ့။
မကဒတ ကို တပ်ပေါင်းစု မဟာမိတ်ခေါင်းဆောင်ကြီးတွေရဲ့ ကူညီဖြေရှင်းပေးမှုနဲ့အတူ မကဒတ နှစ်ဘက်စလုံးကလည်း ပေါင်းစည်းချင်တဲ့ စိတ်ဆန္ဒတွေကြောင့် ၁၉၉၆ ခုနှစ်မှာ ငြိမ်းချမ်းစွာ ပြန်လည် ပေါင်းစည်းနိုင်ခဲ့ပါတယ်။ တကယ်တော့ “ဒေါင်းဂွင်” လို့ ကျနော်တို့ ခေါ်နေတဲ့ နေရာဟာ ကရင်ပြည်နယ် ဖာပွန်မြို့ရဲ့အရှေ့ဘက်တည့်တည့် ၂၉ မိုင်လောက် မှာရှိပြီး အင်္ဂလိပ်လက်ထက်ကတည်းက သစ်ထုတ်လုပ်ရေး စခန်းတွေ ရှိတယ်လို့ဆိုတယ်။ မြေပုံပေါ်မှာလည်း “ဒါးကွင်း” (Dakwin)လို့ ဖော်ပြထားတာတွေ့ ရတယ်(တချို့လည်း Dagwin လို့ ရေးကြတယ်)။ ကျောင်းသားတွေ အဲဒီနေရာကို ပြောင်းပြီးမှ “ဒါးကွင်း” ကို “ဒေါင်းဂွင်” လို့ ကိုယ့်ဘာသာ ကင်ပွန်းတပ်လိုက်ရာက “ဒေါင်းဂွင်” လို့ပဲ နာမည် တွင်သွား တော့တယ်။
ကျနော်တို့ တပ်စခန်းတွေ စတင်တည်ဆောက်ခါစက သေနတ်နဲ့ ကျည်ဆန်ကလွဲလို့ ဘာဆိုဘာမှ မရှိပါဘူး။ ကျနော်တို့
တပ်တည်မယ့် နေရာရဲ့ဘေးမှာ သစ်စက်အဟောင်းတလုံး ရှိခဲ့ဖူးတော့ သစ်စက်က အသုံးမလိုလို့ လွှင့်ပစ်ထားတဲ့ သစ်ခွဲ သား (ပကာခြမ်း) တပုံပဲရှိတယ်။ အဲဒီ ပကာခြမ်းတွေကပဲ ကျနော်တို့ တပ်ရင်းရဲ့အဆောက်အဦတွေအတွက် အဓိက အခင်းတွေ၊ အကာတွေ ဖြစ်လာတယ်။ ပြောမယ်ဆိုရင် Ground zero က စရတာပေါ့။
တောရှင်း၊ သစ်ပင်တွေ ခုတ်ထွင်ပြီးမှ မြေနေရာ ပေါ်အောင် အရင်လုပ်ယူရတယ်။ လူတွေကလည်း သိပ်ပင်ပန်းနေပြီ၊ စစ်ပန်းတာလည်း ပါတယ်၊ “ထီဖားဝီးကျိုး” တိုက်ပွဲပြီးရင် တပ်မဟာ ၆ မှာ “မုနော်” အပျိုမတွေ၊ အမိုး၊ အတီးတွေနဲ့ ပြန်လည် ဆုံဆည်းဖို့ ရည်ရွယ်ထားသူတွေလည်း ပြည်တော်မပြန်ရလို့ “ရွှေပြည်တော် မျှော်တိုင်းဝေး” နေတဲ့ ကာလ၊ တပ်စခန်းအသစ်ကိုလည်း “ဂရောင်းဇီးရိုး” ကနေပြန်စ ရ၊ ရိက္ခာကလည်း မရှိ၊ တောထဲက မျှစ်တွေ၊ ၀ ဥတွေပဲ တူးစားရ၊ ငှက်ဖျားကလည်း ပြင်းဆိုတော့ ကျနော်တို့ စိတ်ဓာတ်ကျနေတဲ့ ကာလ၊ ပင်ပန်းဆင်းရဲနေတဲ့ ကာလလို့ ပြောရင်ရတာပေါ့။
ရဲဘော်တချို့လည်း နောက်ပိုင်းမှာ တပ်မဟာ ၆ ကို သူ့နည်းသူ့ဟန်နဲ့ ပြန်သွားကြပါတယ်။ ကျနော်တို့တပ်တွေ တည်ဆောက်ပြီးခါစ တပ်မဟာ ၆ မှာ ကျန်ခဲ့တဲ့ မိသားစုဝင်တွေနဲ့ အရှေ့တောင်တိုင်း စစ်ဒေသ ကော်မတီတွေ (အဲဒီတုန်းက ဗဟိုနဲ့ တပ်တွေကြားမှာ စစ်ဒေသကော်မတီ ဆိုတာရှိပြီး အဲဒီ စစ်ဒေသ ကော်မတီတွေကပဲ သက်ဆိုင်ရာ တပ်ရင်းတွေကို ဦးဆောင်ကွပ်ကဲပါတယ်)ရောက်လာပါတယ်။ လက်ရှိဖြစ်နေတဲ့ ကျနော်တို့ အခြေအနေတွေကို ရိပ်စား မိဟန်တူတဲ့ စစ်ဒေသကော်မတီဝင်တွေက တပ်ရင်း ၂၀၄/ ၂၀၅ နဲ့ ကျနော်တို့ တပ်ရင်း ၂၁၆ ကြားမှာ စစ်ဒေသရုံးဖွင့်ပြီး တပ်မဟာ ၆ က ပြောင်းလာတဲ့ တပ်တွေကို စစ်ရေး၊ နိုင်ငံရေး မွမ်းမံ သင်တန်းပေးဖို့ စီစဉ်ပါတယ်။
အဲဒီအချိန်က စစ်ဒေသကော်မတီ ဥက္ကဋ္ဌ ဆရာတင်ရွှေ (ကွယ်လွန်) နဲ့ အတွင်းရေးမှူး ကိုစိုးပိုင်(ဆွီဒင်တွင် အခြေချနေ) တို့ 
စီစဉ်တဲ့ စစ်ရေး၊ နိုင်ငံရေး မွမ်းမံ သင်တန်းဖွင့်ပြီးလို့ ရက်ပိုင်းအကြာမှာ (၁၉၉၃ ခုနှစ်ထဲမှာ) နအဖ က စောထာ ဒေသကို စတင် ထိုးစစ်ဆင်ပါတယ်။ စောထာ ကတော့ ကျနော်တို့ တပ်တွေ လက်ရှိအခြေစိုက်ထားတဲ့ နေရာရဲ့ မြောက်ဘက်၊ သံလွင်ကို ဆန်တက်သွားရပြီး ကရင်နဲ့ ကရင်နီနယ်စပ်အနီးမှာ တည်ရှိပါတယ်။
မှောင်ခို ကုန်သွယ်ရေးလမ်းကြောင်းရှိပြီး အထူးသဖြင့် မြန်မာပြည်ဘက်က နွားတွေ၊ ကျွဲတွေကို ကုန်သည်တွေက ထိုင်းနိုင်ငံ ဘက်မှာ လာရောက် ရောင်းချပါတယ်။ စောထာ တိုက်ပွဲ စဖြစ်တော့ ဒေသခံ ကျောင်းသား တပ်တွေဖြစ်တဲ့ ကိုသိမ်းဆန်း ဦးဆောင်တဲ့တပ်ရင်း ၂၀၉ နဲ့ ကိုဆန်းလင်း (နောက်ပိုင်းမှာ တာဝန်ထမ်းဆောင်ရင်း နအဖ က ဖမ်းမိသွားပြီး သူတို့ နှိပ်စက်
တဲ့ ဒဏ်နဲ့ပဲ ကျဆုံးသွားတယ်လို့ သိရပါတယ်) ဦးဆောင်တဲ့ တပ်ရင်း ၂၁၀ က တပ်တွေ အရင်ဆုံး KNUတပ်တွေကို သွား ကူ ပါတယ်။ နောက်ပိုင်းမှာ နအဖ ထိုးစစ်က ပိုပြင်းလာလို့ သင်တန်းတက်နေတဲ့ ကျနော်တို့လည်း သင်တန်းကို ရပ်ပြီး စစ်ကူဖို့ ပြင်ရပါတော့တယ်။
တပ်မှာ ရိက္ခာနဲ့ မွေးမြူရေး တာဝန်ခံ ဘကြီးလှခင်၊ တပ်ရေးနဲ့ တချို့ အိမ်ထောင်သည်တွေက လွဲလို့ ကျနော်တို့ အကုန်လုံး စောထာ သွားဖို့ ပြင်ရပါတယ်။ ကျနော်တို့ စစ်ကြောင်းကို ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA) က ဗိုလ်မှူး ရောဘတ်ဇံ (KNU ဥက္ကဋ္ဌကြီး မန်းဘဇံရဲ့သား) က စစ်ကြောင်းမှူး အဖြစ်ဦးဆောင်ပါတယ်။ ဗိုလ်မှူးရောဘတ်ဇံက တပ်မဟာ ၆ အခြေစိုက် ကျနော်တို့ ကျောင်းသားတပ်တွေကို “ထီဖားဝီးကျိုး” မှာ ကတည်းက “ကီးဒို” စစ်ကြောင်းမှူးအဖြစ် တာဝန်ယူခဲ့ ဖူးတော့ ဒီတကြိမ်မှာလည်း သူ့ စစ်ကြောင်းမှာ ကျနော်တို့ကို ပြန်ခေါ်ခဲ့တာဖြစ်တယ်။ ကျနော်တို့ တပ်ရင်း ၂၁၆ နဲ့ ၂၀၄/ ၂၀၅ ကိုတော့ ကိုဉာဏ်ထွန်း က ဦးဆောင်ပါတယ်။
စောထာ ကို ထွက်မယ့် မနက်မှာ ကျွဲလှေ (မြန်မာပြည်ဘက်က နွားတွေ၊ ကျွဲတွေသယ်ဖို့ လုပ်ထားတဲ့ သံလွင်မြစ်တွင်းသွား စက်လှေကြီး) ကြီးနဲ့ ဗိုလ်မှူးရောဘတ်ဇံနဲ့ သူ့ တပ်တွေ ရောက်လာပါတယ်။ ကျနော်တို့ ကျောင်းသားတပ်တွေ တက်ပြီးတဲ့ နောက် စောထာဘက်ကို ကျွဲလှေကြီး စထွက်တယ်။ လှေဦးမှာ အနီရောင် ခွပ်ဒေါင်းအလံကို လွှင့်ထူထားတာမို့ နေရောင် အောက်မှာ တလက်လက်တောက်နေတဲ့ ခွပ်ဒေါင်းအလံဟာ အားလုံးရဲ့ တိုက်ပွဲဝင် စိတ်ဓာတ်ကို တက်ကြွနိုးထစေပါတယ်။
ဗိုလ်မှူး ရောဘတ်ဇံ ကလည်း တော်လှန်ရေးသီချင်းတွေ ဆိုခိုင်းတာမို့ “ကျောင်းသားတပ်မတော်” အပါအ၀င် ရသမျှ သီချင်း တွေကို သံပြိုင်သီဆိုသံ ကလည်း ကြားရသူအတွက် ကြက်သီးဖျန်းဖျန်းထစေပါတယ်။ သံလွင်မြစ်ကမ်းဘေး ၀ဲယာမှာ (ထိုင်းဘက်ကမ်းမှာလည်း ကရင်ရွာတွေရှိတယ်)ရှိတဲ့ ကရင်ရွာသားတွေကလည်း ကျနော်တို့ကို လှိုက်လှိုက်လှဲလှဲ နှုတ် ဆက် နေတယ်။ စောထာတိုက်ပွဲ တလျှောက် အဲဒီဒေသက ကရင်ရွာသားတွေ ပို့ပေးတဲ့ ထမင်းထုပ်တွေနဲ့ပဲ ကျနော်တို့ အသက်ဆက်ခဲ့ရတယ်။ ကျနော် လှေထဲကို ဝေ့၀ဲကြည့်မိတဲ့အခါ အားလုံးရဲ့ မျက်နှာဟာ တိုက်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်နေတဲ့ ပုံစံမျိုးနဲ့ တည်ငြိမ်ရဲရင့်နေတယ်။ မှတ်မိသလောက် တပ်ရင်း ၂၀၄/ ၂၀၅ က ဇော်မင်းသူတို့ အုပ်စုပါတယ်၊ ဇာဇာ (သူ့ နာမည်ရင်း ကိုတော့ မမှတ်မိတော့ဘူး၊ ဇာဇာ လို့ပဲ ခေါ်ကြတယ်) သူက ပဲခူးဘက်က၊ အခုခေတ်ပေါ် စကားလုံးနဲ့ ဆိုရင် “လိင်တူချစ်သူ” တယောက်၊ တိုက်ပွဲတွေမှာ ရဲရဲဝံ့ဝံ့ တိုက်တတ်သူ၊ နောက်ပိုင်းမှာ သူများသတ်လို့ မထင်မရှား သေသွား တယ်လို့ သိရတယ်။ ဇာဇာ ဆိုတဲ့ နာမည်က ပျော့တယ်ဆိုပြီး ဗိုလ်မှူးရောဘတ်ဇံ ကပဲ “ရဲဇာနည်” လို့ နောက်ပိုင်းမှာ နာမည်ပြောင်းပေးခဲ့တယ်။
ကျောင်းသားဗဟို က ဆေးမှူးအဖြစ် ကိုအေးလွင် (ယခု မကဒတ ဗဟိုကော်မတီဝင်) ကိုထည့်ပေးလိုက်တယ်။ ကျနော်တို့
တပ်ရင်းမှာတော့ လူပျိုရဲဘော်တွေအပြင် အိမ်ထောင်သည်ထဲက ကိုမြင့်သိန်း တယောက်ပါလာတယ်။ တကယ်တော့ ကိုမြင့်သိန်းက ကျနော်တို့ တပ်ရင်းက မဟုတ်ဘူး။ သူက ဆရာ ဦးရီထွန်းတို့၊ ဆရာ ဦးစိုးထွဋ်တို့ရဲ့ဝမ်ခစခန်း၊ တပ်ရင်း ၂၁၁ က။ ကျနော်တို့ စခန်းက ဦးတင်မောင်လွင် (ယခု အမေရိကားတွင်နေသူ) ရဲ့တူမ မချို (ယခုဆွီဒင်တွင် အခြေချ)နဲ့ အကြောင်းပါပြီး ဆံထုံးနောက် သျှောင်ပါ ကျနော်တို့  စခန်းရောက်ခဲ့သူ။ ကိုမြင့်သိန်းက ဘားအံဘက်က ကရင် အမျိုးသား၊ လူပုံက ဗလကောင်းကောင်း အရပ်နည်းနည်းပုတယ်၊ အမြဲတန်းပြုံးနေပြီး သူများကို ကူညီတတ်လို့ လူချစ်လူခင် ပေါတယ်။ လက်သမားအလုပ်လည်း ကျွမ်းကျင်တယ်။ ကိုမြင့်သိန်း စောထာကို စစ်ကူသွားတော့ သူ့ သားလေး စစ်နိုင်(ယခု ဒေါ်ချိုနဲ့ အတူ ဆွီဒင် တွင်နေထိုင်) က လသားပဲ ရှိသေးတယ်။
ကျနော်တို့ စီးလာတဲ့ ကျွဲလှေကြီး လမ်းတလျှောက်မှာရှိတဲ့ သေ့မူထ၊ ကျောက်ညှပ်၊ မယ်ညူထ စတဲ့ သံလွင်မြစ် ကမ်းဘေး က နွားကုန်သည်တွေ အရောင်းအ၀ယ်လုပ်ကြတဲ့ ရွာကြီးတွေနဲ့ ဝဲကြီး (နအဖ ရဲ့ ရေအားလျှပ်စစ် ထုတ်ယူမယ့် စီမံကိန်း နေရာ) ကို ဖြတ်သွားပြီး နောက်ဆုံး စစ်ဖြစ်နေတဲ့ စောထာ ကို ရောက်လာပါတယ်။ ဒီ တကြိမ်မှာတော့ ကျနော်တို့ စစ်ကြောင်း တကြောင်းလုံး တနေရာတည်းမှာ စခန်းချပြီး ခုခံရတာ မဟုတ်ပါဘူး။ တိုက်ပွဲဖြစ်နေတဲ့ နေရာတွေမှာ တပ်စိတ် အလိုက် သွားကူရတဲ့ သဘောပါ။ စစ်ကြောင်းကနေ ပထမဆုံး ခွဲထွက်ပြီး တောင်ကုန်းတကုန်း ကို သွားတာဝန်ယူရတာက ကိုညီပု (ညီညီဝင်း) ဦးဆောင်တဲ့ ကျနော်တို့ တပ်စိတ်ပေါ့။
နောက်ပိုင်းတော့ တပ်ရင်း ၂၀၄/ ၂၀၅ နဲ့ ကျနော်တို့ တပ်ရင်း ၂၁၆ က အင်အားတွေ ပြန်ပေါင်းလိုက်ပြီး နအဖ တပ်တွေ ထိုးစစ်ဆင်နေတဲ့ နေရာအနီးက တောင်ကုန်းတကုန်း (ဖိုးသာခွားလေးတောင်ကြောရဲ့ အရှေ့ဘက်မှာရှိ)ကို သွားကူဖို့ ဖြစ်လာပါတယ်။ အဲဒီ တောင်ကုန်းကို KNLA က ဗိုလ်တာမလာ ဦးဆောင်တဲ့တပ်က နေရာယူ ခုခံနေတာပါ။ ရန်သူက အဲဒီနေရာ ဘက်ကို သဲသဲ မဲမဲတိုက်နေလို့ ကျနော်တို့ကို အင်အားဖြည့်တဲ့ အနေနဲ့ ဗိုလ်တာမလာ တို့နဲ့ သွားပေါင်းခိုင်းတာ ဖြစ်ပါတယ်။
ဗိုလ်တာမလာတို့ နေတဲ့ တောင်ကုန်းကို မတက်ခင် အဲဒီတောင်ခြေနားမှာ ကျနော်တို့တပ်တွေကို စုရပ်အနေနဲ့ ပြန်ပေါင်း ဆုံစေပါတယ်။ နောက်ပြီး တိုက်ပွဲဝင်ရတော့မှာရယ်၊ အားလုံးလည်း ပင်ပန်းနွမ်းနယ်နေတာရယ်ကြောင့် စစ်ကြောင်းမှူးက ကျနော်တို့ကို ၀က်တကောင် ပေါ်ကျွေးပါတယ်။ ညကြီးမည်းမည်းမှာ ကျနော်တို့ တပ်စိတ်အလိုက် ကိုယ်ရတဲ့ ၀က်သားဝေစု ကို ဟန်းကောတွေနဲ့ ဖြစ်သလို ချက်ပြုတ် စားရတာပေါ့။ ဆီမပါ၊ ပြားမပါ ရေလုံပြုတ် ချက်စားရတာ ဖြစ်ပေမယ့် ရတောင့်ရခဲ အသားဟင်း တခွက်အတွက် ကျနော်တို့ စိတ်လှုပ်ရှား တက်ကြွနေကြတယ်။ မီးဖို အလင်းရောင်အောက်မှာ ကျနော်တို့ အားလုံးဟာ ညစာကို မြိန်ရည် ယှက်ရည် စားဖို့ အလုပ်ရှုပ်နေ တော့တာပေါ့။
အဲဒီအချိန်မှာ မီးဖိုထဲကို ၀က်သားဖတ်တွေ ထည့်ကင်လိုက် ကျက်မကျက် ဆွဲယူကြည့်လိုက်၊ မီးခဲတွေပေါ် ၀က်ဆီတွေ ကျလို့ မီးထတောက်တဲ့အခါ ၀က်သားတွေ တူးမှာစိုးလို့ ကမန်းကတန်းဆွဲယူလိုက်၊ လက်ကို မီးဟပ်လို့ အပူ သက်သာ အောင် ပါးစပ်နဲ့ မှုတ်လိုက်၊ လက်ကိုခါလိုက်နဲ့ အလုပ်ရှုပ်နေတဲ့ ကိုမြင့်သိန်းကို မီးဖိုအလင်းရောင်အောက်မှာ တွေ့လိုက်ရ တယ်။ သူ့ တယောက်တည်း အလုပ်ရှုပ်နေတာကိုကြည့်ပြီး သဘောကျနေတုန်း ကျနော်တို့ တပ်စိတ်က ဟင်းကျက်ပြီ ဆိုလို့ ဖက်ရွက်တွေပေါ် ထမင်းတွေ ခူးထည့်လိုက်တယ်။ သာမန်အားဖြင့် ဟင်းချေး (ဂျီး) များသူ၊ ဇီဇာကြောင်သူ ကျနော်တောင် ဟန်းကောထဲ လှမ်းနှိုက်လို့ အဆီတုံးပဲ ပါပါ၊ အခေါက်ပဲပါပါ၊ ၀က်မွေး ကြမ်းကြမ်းတွေ ထိုးထိုး ထောင်ထောင်နဲ့ပဲ ပါပါ၊ လက်ထဲပါသမျှ ၀က်သားတုံးနဲ့ ဆွေမျိုးမေ့နေတဲ့ အချိန်ပေါ့။
ကျနော် ကိုမြင့်သိန်းတို့ တပ်စိတ်ဘက် လှမ်းကြည့်လိုက်တော့ သူ့ကို ပြာအလူးလူး၊ မီးအကျွမ်းကျွမ်း ဖြစ်နေတဲ့ ၀က်သားကင်နဲ့ ခေါင်းမဖော်နိုင် ဖြစ်နေတာ တွေ့ ရတယ်။
နောက်နေ့ မနက်စောစောကျတော့ ကျနော်တို့ ဗိုလ်တာမလာတို့ ရှိရာတောင်ကုန်းပေါ် တက်ခဲ့တယ်။ တောင်ကုန်းက သိပ်မမြင့်ပါဘူး။ အပေါ်မှာလည်း နေရာကကျဉ်းတယ်။ ရန်သူလာတိုက်တဲ့ ထိပ်တိုက်နေရာကလည်း တပ်စိတ်တစိတ်စာပဲ နေရာယူနိုင်တဲ့အတွက် တပ်စိတ်အလိုက် အလှည့်ကျ သွား တာဝန်ယူရတယ်။ တောင်ကုန်း ပတ်ပတ်လည် ဆက်သွယ်ရေး မြောင်းတွေ တူး၊ ကတုတ် ကျင်းတွေဆောက်ပြီး ကျနော်တို့ နေရာယူထားလိုက်တယ်။ ကျနော်နဲ့ ကတုတ်ကျင်း တခုတည်း နေရတာက ဆေးမှူးအေးလွင်၊ ဘေးမှာက ကိုမြင့်သိန်း၊ ကိုမြင့်သိန်းက ဗလကောင်းကောင်းဆိုတော့ AK စက်လတ် (PK machine gun အမျိုးအစား) ကိုင်တယ်။ ကျန်တဲ့ ကတုတ်တွေမှာက မှတ်မိသလောက် လှသိန်း၊ စိန်ဦး၊ ဘောကြီးထွန်းထွန်း၊ အေးထွန်း၊ ဇော်လှိုင်ဦး၊ မြတ်ခိုင်၊ ကိုညီပု၊ ကိုဝင်းနိုင်ငြိမ်း၊ ကွန်စိုး၊ အောင်ဝင်းကြည်၊ ကိုရွှေထွန်း စသဖြင့် နေရာယူ ထားကြ တယ်။ ပြီးတော့ တပ်ရင်း ၂၀၄/ ၂၀၅ က အဖွဲ့ တွေ။ တိုက်ပွဲတွေက စောထာဒေသမှာ နေ့စဉ်ဖြစ်နေတော့ လက်နက်ငယ် ပစ်သံ၊ လက်နက်ကြီးပေါက်ကွဲသံတွေ အမြဲကြားနေရတယ်။ နေ့ ကင်း၊ ညကင်းချပြီး သတိနဲ့ စောင့်ကြည့် နေရတဲ့ ကာလ ပေါ့။ ကျနော်တို့ နေရာယူထားတဲ့ ကုန်းကိုလည်း ရန်သူဘက်က လက်နက်ကြီးနဲ့ လှမ်းလှမ်း ပစ်နေတယ်။ ဗိုလ်တာမလာတို့ အဖွဲ့ ကလည်း ၈၂ မမ recoilless rifle နဲ့ ပြန် ပြန်ပစ်နေတယ်။
တရက်ကျတော့ ကျနော်တို့ဘက်ကို ရန်သူလာတိုက်တော့မယ် ဆိုတဲ့ စက်သတင်းရလို့ ကျနော်တို့ အဆင်သင့်ပြင်ထား ကြတယ်။ အဲဒီအချိန် ထိပ်တိုက်နေရာမှာ တပ်ရင်း ၂၀၄/ ၂၀၅ က ဇာဇာတို့အဖွဲ့ နဲ့ ဗိုလ်တာမလာဆီက ကရင် ရဲဘော်တွေ တာဝန်ကျနေတဲ့ အချိန်ပေါ့။ ရထားတဲ့ သတင်းအတိုင်းပဲ နအဖ တပ်က လာတိုက်ပါတယ်။ ထိပ်တိုက်ဘက်မှာ နှစ်ဘက် အပြန်အလှန်ပစ်ခတ်နေတဲ့ လက်နက်ငယ်သံတွေ ဆူညံနေတယ်။
“တောက်...ဖုန်း” ဆိုတဲ့ ကာဘိုင် (Carbine) ပစ်သံကိုလည်း မကြာ၊ မကြာ ကြားနေရတယ်။ တိုက်ပွဲအတွေ့အကြုံ ရှိသူ တွေရဲ့ အဆိုအရ အဲဒီ ကာဘိုင်သံ “တောက် … ဖုန်း” ကို ဒီဘက်က လူတွေတော်တော် သတိထားရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နအဖ တပ်မှာ အတွေ့ အကြုံရှိပြီး လက်ဖြောင့်တဲ့ တပ်ကြပ်တွေ၊ တပ်ကြပ်ကြီးတွေကိုပဲ ကာဘိုင်ပေးကိုင်ပြီး သူတို့ကလည်း ရမ်းမပစ်ဘဲ ပစ်မှတ်ကို သေချာ စောင့်ပြီးမှ ချိန်ရွယ် ပစ်ခတ်တတ်တယ်လို့ ဆိုတယ်။ ရန်သူဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်တွေ ကျနော်တို့ ကုန်းပေါ်မှာ ပေါက်ကွဲနေတယ်။
ဗိုလ် တာမလာနဲ့ ကိုဉာဏ်လည်း စကားပြောစက် ကိုယ်စီနဲ့ တိုက်ပွဲကို ထိန်းနေတယ်။ ကျနော်တို့လည်း ဘယ်အချိန် နအဖ တပ်သားတွေ ကိုယ့်ရှေ့က ပေါ်လာမလဲဆိုပြီး ကတုတ်တွေထဲကနေ စောင့်နေတုန်း ထိပ်တိုက်ဘက်ကနေ စက်လတ်သမား လိုတယ်လို့ လှမ်းခေါ်လို့ AK စက်လတ်ကိုင်တဲ့ ကိုမြင့်သိန်း လိုက်သွားတယ်။ မကြာပါဘူး ကိုမြင့်သိန်းရဲ့ စက်လတ် ပစ်သံ တ၀ုန်းဝုန်း ကြားနေရတယ်။ “တောက်...ဖုန်း” သံတွေလည်း ကျိုးကြား၊ ကျိုးကြား ကြားနေရတယ်။
ခဏနေတော့ ထိပ်တိုက်ဘက်မှာ သေနတ်သံတွေစဲသွားတယ်။ ထုံးစံအတိုင်း တိုက်ပွဲပြီးသွားတဲ့အချိန် လူစစ်၊ ကျည်စစ်၊ စစ်တဲ့အချိန် ... ထိပ်တိုက်ဘက်ကနေ ဇာဇာ ပြေးလာပြီး “ကိုမြင့်သိန်း မရှိတော့ဘူး”လို့ ငိုသံပါကြီးနဲ့ အော်ပြောတော့ ကျနော်တို့ အဲဒီနေရာကို ပြေးသွားကြတယ်။ ဟုတ်တယ် ကိုမြင့်သိန်း သူပစ်နေတဲ့ စက်လတ်နဲ့အတူ ကတုတ်ထဲမှာ ငြိမ် သက်နေတယ်။ သူ့ တကိုယ်လုံး စစ်ဆေးကြည့်တော့ ကာဘိုင်ကျည်က ကိုမြင့်သိန်းရဲ့ ဘယ်ဘက်ရင်အုံ(နှလုံး) ကို ဖောက်ပြီး ညာဘက်ခါးစပ်ကနေ ပြန်ထွက်သွားတယ်။ သူ့ ဘယ်ဘက်ရင်အုံက အိပ်ကပ်ထဲမှာ မာမာလေးတခုစမ်းမိလို့  ဖွင့်ကြည့်မိတော့ ဓာတ်ဆီမီးခြစ်လေး။ ကျည်က အဲဒီမီးခြစ်ကိုလည်း ဖောက် သွားတယ်။ အဲဒီတိုက်ပွဲမှာ ကရင် ရဲဘော် နှစ်ယောက်လည်း ကျသွားတယ်။ ခဏနေတော့ ကိုဉာဏ်ထွန်း က ကိုမြင့်သိန်း ရုပ်အလောင်းကို နောက်တန်းပြန်ပို့ ဖို့ 
ကျနော့်ကို တာဝန်ပေးတယ်။
ကိုမြင့်သိန်း ရုပ်အလောင်းကို ကျနော်တို့ သံလွင် ကမ်းနားအထိ ပုခက်နဲ့ ထမ်းခဲ့ကြတယ်။ နှစ်နာရီလောက် လမ်းလျှောက် ရမယ်ထင်တယ်။ ကျနော်နဲ့ အတူ ဗဟိုကို ပြန်မယ့် ဆက်သွယ်ရေးတပ်ဖွဲ့ က တာကြီး (သူက တပ်ရင်း ၂၁၀ က အသက် အငယ်ဆုံး ရဲဘော်လေး၊ နာမည်ရင်းက ကျော်စွာအောင်၊ နောက်ပိုင်း မှာ မကဒတ တောင်ပိုင်းမှာ တာဝန် ထမ်းဆောင်ရင်း ကျဆုံးသွားတယ်) နဲ့ တပ်ရင်း ၂၀၄/ ၂၀၅ က ကျန်းမာရေး မကောင်းလို့ နောက်တန်းပြန်နားမယ့် ရဲဘော်တယောက် (အမည်မမှတ်မိတော့) ပါလာတယ်။
သံလွင်ကမ်းနားရောက်တော့ ကရင်ရဲဘော်တွေကို အကျိုးအကြောင်းပြော၊ စက်လှေ အကူအညီတောင်းပြီး “ဒေါင်းဂွင်” ဘက် ပြန်ခဲ့တယ်။ ဒါပေမယ့် စက်လှေက KNLA က ဗိုလ်မှူး လောဝါဒီ (ကွယ်လွန်) ဗျူဟာ ထိုင်နေတဲ့ သံလွင်ကမ်းဘေးက ရွာ (ထီးထာရွာ ဖြစ်မည်ဟုထင်) အထိပဲရောက်တယ်။ အဲဒီနေရာရောက်တော့ မှောင်နေပြီ။ ကျနော်နဲ့ တာကြီးက ဗိုလ်မှူး လောဝါဒီကို အကျိုးအကြောင်းရှင်းပြပြီး ဒေါင်းဂွင်ဘက် ပို့ပေးဖို့ စက်လှေ အကူအညီတောင်းတော့ သူက “ညလည်း မိုး ချုပ်နေပြီ၊ ဆက်ထွက်ရင် ၀ဲကြီးကို ဖြတ်ရမယ်၊ အန္တရာယ် များတယ်၊ မနက်မှပဲ သွားပါ” လို့ပြောတယ်။
ဟုတ်တော့လည်း ဟုတ်တယ် ၀ဲကြီးဆိုတာက ထိုင်း - မြန်မာနယ်စပ် အဖြစ်နဲ့ သံလွင်မြစ်စီးဆင်းနေတဲ့ အပိုင်းမှာ ၀ဲတွေ ကလည်း များ၊ ကျောက်ဆောင်တွေလည်းပေါ၊ ရေစီးကလည်းကြမ်းတာမို့ တော်ရုံတန်ရုံ လှေသမားတွေတောင် နေ့ဘက်ကို ကြိုးစားပန်းစား မောင်းရတဲ့နေရာ။ ဒါကြောင့်လည်း နအဖ ဘက်က ရေအားလျှပ်စစ်ထုတ်ဖို့ ရွေးလိုက်တာဖြစ်မယ်။ ဘယ်လိုမှ မတတ်နိုင်တဲ့ အဆုံး ကျနော်တို့ ညအိပ်ဖို့ ဆုံးဖြတ်လိုက်တယ်။
ခဏနေတော့ ဗိုလ်မှူးလောဝါဒီရဲ့ ရဲဘော်တချို့ရောက်လာပြီး ကျနော်တို့စားဖို့ ၀က်သားတတွဲလာပေးတယ်။ ၀က်သားတွဲ ကြည့်ပြီး ကိုမြင့်သိန်း နောက်ဆုံးစားသွားရတဲ့ “၀က်သားကင်” နဲ့ သူ့ ဟန်ပန် တွေပဲ မျက်စိထဲပေါ်နေလို့ စားချင်စိတ်ကို မရှိဘူး။ သိပ်မကြာပါဘူး ကျနော်တို့ စက်လှေရှိရာကို ဖယောင်းတိုင်တွေ၊ ချိုချဉ် ထုတ်တွေ၊ ဂစ်တာတွေ ကိုင်ပြီး လူတွေ တဖွဲဖွဲ ရောက်လာတယ်။ နောက်မှသိလိုက်ရတာက ကျနော်တို့ လှေမှာ တိုက်ပွဲကျသွားတဲ့ ကျောင်းသား ရဲဘော် တယောက်ပါလာတာ သိသွားတဲ့ ရွာသားတွေက သူတို့ တတ်နိုင်သလောက် အသုဘ အခမ်းအနားလေး လာလုပ် ပေးကြ တာ။ တညလုံး အဖွဲ့ လိုက် ဓမ္မသီချင်းတွေဆိုလိုက်၊ ချိုချဉ်တွေ၊ နေကြာစိတွေနဲ့ ဧည့်ခံရင်း ကျနော်တို့နဲ့ မိုးလင်းတဲ့အထိ စကားတွေပြောလိုက်နဲ့ ပေါ့။
နောက်နေ့ မနက်စောစောဘဲ ဗိုလ်မှူးလောဝါဒီ စီစဉ်ပေးတဲ့လှေနဲ့ ကျနော်တို့ ဒေါင်းဂွင်ဘက် ခရီးဆက်ခဲ့ကြတယ်။ ကျနော့် စိတ်တွေလည်း လေးလံလို့၊ စောထာကို အသွားတုန်းက လှေပေါ်မှာ တက်ကြွမှုမျိုး အခုအပြန်ခရီးမှာ လုံးလုံး မရှိတော့ဘူး။ ကျနော်တို့ ကြိုးစားဖြတ်သန်းနေတဲ့ လှေအောက်က အားပြင်းပြင်းနဲ့ ဝေ့၀ဲစုပ်ယူနေတဲ့ ၀ဲတွေ၊ ခက်ထန်တဲ့ ရေစီးကြောင်း တွေ၊ ကျောက်ဆောင် ကြမ်းကြီးတွေနဲ့အပြိုင် ကျနော့်ရင်တွေလည်း ဗလောင်ဆူလို့၊ လှိုင်းတွေထန်လို့။ အထူးသဖြင့် လင် ယောက်ျား ရှေ့တန်းကပြန်လာမှာကို လသားအရွယ် ကလေးလေး ပွေ့ချီရင်း ရင်ခုန်စွာ စောင့်ကြိုနေမယ့် မချိုကို အမြဲတန်း ပြုံးနေတဲ့ မျက်နှာနဲ့ တက်ကြွလန်းဆန်းမှုတွေ ချုပ်ငြိမ်းသွားတဲ့ ကိုမြင့်သိန်းရဲ့ခန္ဓာကိုယ်ကြီးကိုပဲ ပေးအပ်ရမယ့် အဖြစ်ကိုပိုလို့ ၀န်လေးနေမိတော့တယ်။
* * * * * *
“ဟော စားတော့လေ၊ တူးကုန်ပြီထင်တယ်” ဆိုတဲ့ အသံကြားမှ ကျနော့်ရှေ့က မူကထ အိုးကို ကြည့်မိတယ်။ အင်း ... အသားတွေက တူးပြီး ညှော်နံ့တောင် ထွက်နေတာပဲ။ တူးနေတဲ့ အသားဖတ်တွေကို တူနဲ့ဆွဲယူပြီး အချဉ်ခွက်ထဲ ပစ် ထည့်လိုက်တယ်။ နောက်တော့ ကျနော် ဆိုင်ထဲကထွက်လာပြီး လေကောင်းလေသန့်ရတဲ့ နေရာမှာ အသက်ကို တ၀ကြီးရှုလိုက်တယ်။ အသားကင်ညှော်နံ့တော့ မရတော့ဘူး။ ဒါပေမယ့် အတွေးထဲမှာ ကိုမြင့်သိန်းက ရှိနေဆဲပဲ။
မှတ်ချက်။ ။ ဒီအကြောင်း တွေးလိုက်ရင် ရုပ်ရှင်ကားတကား ပြန်ကြည့်ရသလို မျက်စိထဲမှာ အဖြစ်အပျက်တွေက အစီအရီ ပြန်ပေါ်လာပေမယ့် ဖြစ်ပျက်တဲ့ အချိန်ကာလ အတိအကျ၊ နေရာဒေသနဲ့ တချို့လူနာမည်တွေ မမှတ်မိတော့ဘူး။ နောက်ပြီး တောထဲမှာနေတုန်းက ရေးခဲ့တဲ့ မှတ်စုတွေ၊ ဒိုင်ယာရီတွေကလည်း ပျက်စီး၊ ပျောက်ဆုံးသွားပြန်တော့၊ ဒီအဖြစ်အပျက်ထဲမှာပါတဲ့ အချက်အလက် တချို့ကို ဦးဌေးအောင်၊ ကိုစိုင်းမြင့်သူ၊ ကိုအေးလွင်နဲ့ ကိုဉာဏ်ထွန်းတို့က အစဖော် ပြောပြပေးတဲ့ အတွက် ကျေးဇူးတင်ရှိပါတယ်။
< Prev | Next > |
---|