ဇာတ်ညွှန်းအတုနဲ့ လူ

Thursday, 24 June 2010 16:47 အောက်မေ့ဖွယ်
Print
ပါဘလစ်ကာ အမိုးဖွင့် ကားသစ်လေး ပေါ်မှာတော့ ကျနော့် မိသားစု လေးဟာ ပျော်လို့ရွှင်လို့ပါပဲ။ စကားတောင် စုံအောင် မပြောတတ် သေးတဲ့ သားအငယ် လေးနဲ့ သူငယ်တန်း တက်နေတဲ့ သမီးလေးတို့ဟာ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး။ နေလည်းမပူ၊ လမ်းလည်းရှင်းတဲ့ ဒီလို ညချမ်းမျိုးမှာ အမိုးဖွင့် ကားသစ်လေး စီးလာရတာ ဆိုတော့ လေတဖြူးဖြူး တဟူးဟူးနဲ့။



မတွေ့ရတာကြာပြီဖြစ်တဲ့ ကျနော်တို့ မိသားစုလေးဟာ တယောက်ကိုတယောက် အရိပ်တကြည့်ကြည့်နဲ့။ ဒီနေရာမှာ အရိပ် တကြည့်ကြည့်နဲ့ ဆိုတဲ့ အသုံးကို အတိအကျ သုံးတာပါ။ ညဘက် အမိုးဖွင့်ထားတဲ့ ကားနဲ့ လမ်းမီးတိုင်တွေအောက် ဖြတ်မောင်းတဲ့အခါ မီးတိုင်နဲ့ ဝေးဝေး သွားတိုင်း အရိပ်က ကျကျလာပါတယ်။ အဲဒီကျကျလာတဲ့ အရိပ်တွေကိုပါ ကြည့်ကြည့်နေကြတာ ဖြစ်ပါတယ်။ ဘာမှ မသိတတ်သေးတဲ့ သားငယ်လေးရဲ့ အကြည့်ဟာလည်း ဖြူဖြူစင်စင်လေးပါပဲ။ ဒီနေရာမှာ ကျနော့် မိန်းမကလည်း ဖြူဖြူစင်စင်ပဲ။ အောင်ဌေးကျော်တို့ကို ကူညီခဲ့တာပါ။ ကျနော်ပုန်းနေတဲ့ နေရာကို ပြခဲ့တာပါ။ သူ ဘာမှ မသိခဲ့ပါဘူး။ အောင်ဌေးကျော်က လွဲရင် ကားပေါ်မှာ ပါလာတဲ့ လူစိမ်းသုံးယောက်ကိုလည်း ဘယ်သူမှန်း ဘာမှန်းမသိခဲ့ပါဘူး။

ကျနော့်မိသားစု လေးကလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ ဖမ်းပေးသလို ဖြစ်နေတာ၊ ကျနော်ကလည်း မိသားစုနဲ့ လေညင်းခံ၊ ကားလေးစီးရင်း သာတောင့်သာယာ အဖမ်းခံသလို ဖြစ်နေတာဟာ ဘယ်လို ရသ အမျိုးအစားပါလဲ။ အဲဒီတုန်းက ကျနော်တို့ မိသားစု တစုလုံး မသိနိုင်ခဲ့ကြပါဘူး။

အောင်ဌေးကျော် ဆိုတာက သခင်တင်မြရဲ့ မြေးပါ။ ကြည့်မြင့်တိုင် စကားဝါပင်လမ်းမှာ နေပါတယ်။ သူတို့ မြေးအဘိုး နှစ်ယောက်စလုံးကို ခြံအမှတ် ၅၄ မှာ စတွေ့ခဲ့၊ သိခဲ့ကြတာပါ။

အောင်ဌေးကျော် က အသက် ၂၀ ကျော်ကျော် လူငယ်ဆိုတော့ သွက်သွက်လက်လက်ပါပဲ။ ကျနော်နဲ့ လုပ်ဖော်ကိုင်ဖက် ကိုမြင့်ဆန်းက ဆုံးဖြတ်ချက်မြန်တာ၊ အဖြေမြန်တာ၊ အလုပ်တခုကို မြန်မြန် ဆန်ဆန် လုပ်တတ်တာကိုကြိုက်ပါတယ်။ သူလမ်းလျှောက်ရင်ကို ခြေလှမ်း စိပ်စိပ်နဲ့ တော်တော်မြန်ပါတယ်။ နောက်ပြီး သူ့အဖေကလည်း မြဝတီ မဂ္ဂဇင်း အယ်ဒီတာချုပ်ဟောင်း၊ စာရေးဆရာကြီး ဦးဌေးမောင် ဖြစ်ပါတယ်။ သူ့အဖေရဲ့ပတ်ဝန်းကျင်မှာက ထီလာစစ်သူ၊ သိပ္ပံမှူးတင်၊ ဗိုလ်မှူးကြီးဟောင်းတင်မောင်၊ ဗိုလ်မှူးကြီးဟောင်းစောမြင့်တို့နဲ့ ဗိုလ်တထောင် သတင်းစာ အယ်ဒီတာချုပ်ဟောင်း ဗိုလ်မှူးမြသိန်း တို့လည်းရှိပါတယ်။ ဒါပေမယ့် ဆရာကြီး ဦးဌေးမောင်က စာပေ သမား သက်သက်ပါ။ စာရေးဆရာ စစ်စစ်ပါ။ ဖက်ဆစ်တော်လှန်ရေး တုန်းက တိုက်ပွဲဝင်ခဲ့ပေမယ့် နိုင်ငံရေးစကား သိပ်မပြောပါဘူး။ စကား ပြောရင်လည်း လေအေးအေးလေးနဲ့ပါ။ ကျနော်နဲ့ တမေ့တမော အကြာကြီး စကားတွေ ပြောဖူးပါတယ်။ စာအကြောင်း ပေအကြောင်း ဆိုတာကလည်း ခဏလေးနဲ့ ပြောလို့ ကုန်သွားတတ်တာမျိုးမှ မဟုတ်တာ။ အဲဒီတော့ ကိုမြင့်ဆန်းရဲ့ စဉ်းစားပုံထဲမှာ သွက်လက် ဖြတ်လတ်တဲ့ အောင်ဌေးကျော်ကို သူ့အဘိုး သခင်တင်မြရဲ့ အစဉ်အလာနဲ့ တွဲဖက်ရွေးချယ် ခဲ့ပုံရပါတယ်။

အောင်ဌေးကျော်ဟာ ကျနော်တို့ အတွင်းစည်းထဲကို ရောက်လာပါတယ်။ အဲဒီတုန်းက မဟာဝိဇ္ဇာတန်း တက်နေတဲ့ နှုတ်ခမ်းမွေး အထူကြီးနဲ့ ကိုမြင့်အောင်တို့၊ အခု ဆုံးသွားရှာပြီဖြစ်တဲ့ ရေတပ်သား တယောက်တို့ဟာ သူ့အိမ်နီးနားချင်းတွေပါ။ လက်ရုံးရည်ဘက်မှာ သန်တဲ့ သက်ဦးတို့ အဖွဲ့တွေ့နဲ့ ဗဟိုသမဂ္ဂ အုပ်စုတို့လည်း ကြည့်မြင့်တိုင်ဘက်ကပါပဲ။

အခု အသက် ၈၄ နှစ်ရှိပြီဖြစ်တဲ့ သခင်တင်မြဟာ သူ့ထက် အသက်ထက်ဝက်ငယ်တဲ့ အမျိုးသမီးတယောက်နဲ့ အိမ်ထောင်ပြုထားပါတယ်။ ဂျာနယ်တွေထဲမှာလည်း ပေါ်ပြူလာဖြစ်နေတဲ့ နိုင်ငံကျော်ကြီး တယောက်ပေါ့။ သူရေးတဲ့ စာအုပ်တွေကလည်း ကျော်ကြားပါတယ်။ “ဘုံဘဝမှာဖြင့်” စာအုပ်ဆိုရင် အကြိမ်ကြိမ်ပြန်ထုတ်နေရပြီး မဖတ်မဖြစ်ထဲက ပါပဲ။ ကျနော်တို့ မသိတဲ့ အချက်အလက်တွေ အများကြီး ပါပြီး စူးစမ်းသင့်တဲ့ အကြောင်းချင်းရာ တွေပါ။ ကျနော်ကတော့ “ဘုံဘဝမှာဖြင့်” ကိုလည်း ဖတ်ပါတယ်။ အလေးအနက်ထားပြီး “သခင်ဖေဌေး၏ သခင်ဖေဌေး” ကိုလည်း ဖတ်ခဲ့ပါတယ်။ သူတို့ နှစ်ယောက်စလုံး ဟာ အလံနီကွန်မြူနစ်ကြီးတွေ ဖြစ်တာကြောင့်ရော နိုင်ငံရေးဖြတ်သန်းတဲ့ ခေတ်ကာလကြောင့်ပါ ဂရုပြု သတိထားမိခဲ့တာပါ။ အဲဒီလို တူညီချက်တွေရှိသလို မတူတာတွေလည်း ရှိပါတယ်။  သခင်တင်မြဟာ လူဂုဏ်တန်တွေနေတဲ့ ဗိုလ်ချုပ်ရွာမှာ တိုက်အကြီးကြီးနဲ့ နေတဲ့သူဖြစ်ပါတယ်။ သူ့တိုက်ကို ကျနော်တို့ ရောက်ဖူးပါတယ်။ နောက်ပြီးတော့ မဆလ အကြီးကြီးလည်း လုပ်ခဲ့ဖူးတဲ့သူပါ။ စစ်အစိုးရက ညဥ့်အိပ်ညဥ့်နေ ခေါ်ယူ မေးမြန်း ဆွေးနွေးခံရတဲ့ ပုဂ္ဂိုလ်ကြီး မျိုးပါ။ ဒါလည်း သူကိုယ်တိုင် ပြောပြလို့ ကျနော်တို့ အဖွဲ့တွေ သိကြရတာဖြစ်ပါတယ်။

သခင်ဖေဌေးကတော့ အသေခံပြီး တိုက်ပွဲဝင်သွားတဲ့ သံမဏိသူရဲကောင်းကြီးပါ။ ကိုကိုးကျွန်း အစာငတ်ခံ ဆန္ဒပြပွဲတွေမှာ ရက်ရှည်လများ အလျှော့မပေးခဲ့သူပါ။ ကိုကိုးကျွန်းကနေ ဆေးရုံကို ရဟတ်ယာဉ်နဲ့ ပို့ရတဲ့အထိ ခိုင်မာပြတ်သားခဲ့ပါတယ်။ မသေခင် တပည့်တပမ်းတွေ တောင်းဆိုလို့ ဒီစာအုပ်ကို ရေးခဲ့တာပါ။ သမိုင်းဆိုတာကလည်း အချက်အလက်မှန်ဖို့၊ အထောက်အထားရှိဖို့၊ သက်သေပြနိုင်ဖို့၊ အတည်ပြုဖို့ လိုမယ် မဟုတ်ပါလား။

ကျနော်တို့ အဖွဲ့တွေ အိန္ဒိယနယ်စပ် ထွက်ဖို့ပြင်ကြပါတယ်။ လိုက်ချင်တဲ့ သူတွေကလည်း လာရောက် ဆက်သွယ်ကြပါတယ်။ အဲဒီ အထဲမှာ အောင်ဌေးကျော်လည်း ပါလာပါတယ်။ လင်မ်ခွန်းစခန်းမှာ နေနေရင်း အောင်ဌေးကျော် အူအတက်ပေါက်ပါတယ်။ ဒီရောဂါ မျိုးက ချက်ချင်းမခွဲရင် သေတတ်ပါတယ်။ စခန်းမှာ ဆရာဝန်တွေလည်းရှိတော့ မဏိပူရ် ဆေးရုံကလေးကို ရအောင်ပို့နိုင်ခဲ့ပါတယ်။ ခွဲစိပ်နိုင်ခဲ့ပါတယ်။ မိဝေး၊ ဘဝေး၊ ရေဝေး၊ မြေဝေးမှာ ကျနော်တို့အားလုံး အချင်းချင်းပြန်လည် စောင့်ရှောက်ရင်းနေကြရ တာပါ။ အောင်ဌေးကျော်ကို ကျနော်တို့ ကယ်နိုင်ခဲ့ကြပါတယ်။

အောင်ဌေးကျော်လိုပဲ နောက်တယောက်က မြင့်ကြွယ်ပါ။ အသက် ၂၀ ကျော်ကျော် လူငယ်တယောက်ပါပဲ။ သူ့ကိုတော့ ခေါ်ချိုချိုကျော်ငြိမ်း ဘေးမှာ စတွေ့ခဲ့တာပါ။ ကျနော်တို့အဖွဲ့တွေကို ဒေါ်ချိုချိုကျော်ငြိမ်းက သူ့ခြံထဲက လုံးချင်း အိမ်ကလေးတလုံးမှာ နေခွင့်ပေးထားပါတယ်။ ရွှေတိဂုံဘုရားခြေရင်း အုတ်လမ်းမကြီးကို မျက်နှာပြုထားတဲ့ အဲဒီခြံကြီးထဲမှာ သူတို့နေတဲ့ တိုက်တလုံး အလုပ်ရုံ ဂိုဒေါင်ကြီးတခုနဲ့ ကျနော်တို့ ယာယီနေနေတဲ့ လုံးချင်းအိမ်ကလေး တလုံးရှိပါတယ်။ မြင့်ကြွယ်ကတော့ ကျနော်တို့နဲ့ အတူတူ မနေပါဘူး။ ခြံထဲ ဝင်လိုက် ထွက်လိုက်နဲ့ လူယုံလက်ရင်း လိုပါပဲ။ ထူးခြားတာ တခုက ဝန်ကြီး ဦးကျော်ငြိမ်းရဲ့ စာအုပ်တွေပါပဲ။ အင်္ဂလိပ် စာအုပ်မျိုးစုံ အများအပြား ကျန်ရှိနေသေးတာကို တွေ့ခဲ့ရပါတယ်။

ကျနော့်ရဲဘော်တွေ အဖမ်းအဆီးခံခဲ့ရပါတယ်။ ABSDF (INLAND) ရဲ့ အလုပ်တွေ လုပ်နေရင်း နောက်ပိုင်း ရှောင်တိမ်း ပုန်းအောင်းနေရတဲ့ အချိန်မှာ ဒေါ်ချိုချိုကျော်ငြိမ်းနဲ့ အဆက်အသွယ် ပြန်လုပ်ကြည့်ပါတယ်။ အဆက်အသွယ် တချို့ ပြန်ရှာဖို့နဲ့ သတင်းတချို့ လိုချင်လို့ပါ။ သူတို့အလွှာ ရပ်ဝန်းဆိုတာက ဂျွန်ထင်အောင်လို လူမျိုးလည်း ပါတယ်။ ဂျွန်ထင်အောင် ဆိုတဲ့လူကြီးက အမေရိကန် သံရုံးမှာ မြန်မာလူမျိုးထဲက ရာထူးအကြီးဆုံးပေါ့။ ဗင်းဆင့် လှသောင်း ဆိုတဲ့ စိန့်ပေါကျောင်းဆရာဟောင်း ဦးလှသောင်းဟာလည်း သံရုံး ဝန်ထမ်းပါပဲ။ သူတို့ရပ်ကွက်က သတင်းတွေထဲမှာ ဘယ်ဗိုလ်ချုပ်ရဲ့သားနဲ့ ဘယ်ဗိုလ်ချုပ်ရဲ့သမီး ခွာပြဲသွားပြီ ဆိုတာက အစ ဘယ်ဝန်ကြီး ပြုတ်ခါနီးပြီဆိုတာ အထိ ခန့်မှန်းသတင်းတွေလည်း စုံပါတယ်။

ကိုရွှေထီးရောက်နေတယ် တွေ့ မလား ဆက်သွယ်ပေးမယ် ဆိုတဲ့နောက်ပိုင်း ကျနော် ဒေါ်ချိုချိုကျော်ငြိမ်းနဲ့ လူကိုယ်တိုင်တွေ့ ဖို့ အဆင်မပြေ တော့ပါဘူး။ ကျနော့်ကိုယ်စား ကဗျာဆရာလှသန်းကိုပဲ လွှတ်ရပါတော့တယ်။ ဟိုဘက်ကလည်း ကြည့်မြင်တိုင်က ကိုရာမကို ကိုယ်စားလှယ် ထားလာပါတယ်။ အခုတော့ ထောင်က လွတ်ပြီးတဲ့နောက် ကိုရာမလည်း ကွယ်လွန်ရှာပါပြီ။ ကျနော်တို့ အသွားအလာတွေ သတိထားပြုပြင် လိုက်ပေမယ့် ဒေါ်ချိုချိုကျော်ငြိမ်းဘေးက မြင့်ကြွယ်ကတော့ ကျနော် ပြည်တွင်းမှာ ရှိနေတာကို သိသွားပါပြီ။

နိုင်ငံရေးမှာ ဝိဇ္ဇာနည်းကျတဲ့ ပညာကိုလည်း မလေ့လာ မလိုက်စား၊ နစ်နစ်နာနာ ခံစားချက်ကလည်း မရှိ၊ မဟာဂန္ဓာရုံ ဆရာတော်ကြီး ပြောသလို လူမှာ စိတ်ကောင်းရှိဖို့က အဓိကပဲဆိုတာလည်း နားမလည်၊ သူတို့ဘဝ ဖြတ်သန်းမှုထဲကို မူးယစ်ဆေးဝါးတို့၊ ဖြတ်လမ်း ငွေရှာနည်းတို့ အလွယ်တကူ မွှေနှောက်ခွင့် ပေးလိုက်တဲ့ အောင်ဌေးကျော်နဲ့ မြင့်ကြွယ်တို့ဟာ အခိုင်းခံ စစ်ကျွန်၊ ဖော်ကောင် ဖြစ်သွားကြပါတယ်။

နေနွယ်ကို ဖမ်းမိရင် ငွေ ၆ သိန်းရမယ်။ အနည်းဆုံး တယောက် ၃ သိန်းစီ။ အဲဒီတုန်းက ဆိုင်ကယ်ဝယ်စီးလို့ ရတယ်။ ဘိန်းစား အကြီးစား လုပ်လို့ ရတယ်။ အဲဒီလောက်မြင့်မြတ်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့ကြတာပါ။ ရွှေဉာဏ်တော် စူးရောက်ခဲ့ကြတာပါ။ သူတို့ နှစ်ယောက်နဲ့ ထောက်လှမ်းရေး ၇ နဲ့ ပူးပေါင်းပြီး ဇာတ်တိုက်ကြ၊ အစီစဉ် ရေးဆွဲကြပါတယ်။

မြင့်ကြွယ်က ကိုလှသန်းတို့ နေတဲ့နေရာကို ရှာပါတယ်။ အောင်ဌေးကျော်က ကျနော့်မိန်းမကို ဇာတ်လမ်းပမာနဲ့ ယုတ္တိရှိရှိ လိမ်ပါတယ်။ သူ့ ကိုယ်သူလည်း သခင်တင်မြမြေးပါ။ ကျနော် အင်မတန် စိတ်ချရတဲ့သူပါ။ ကျနော်တို့ ကယ်ခဲ့လို့ သူ အသက်မသေခဲ့တာပါ။ ဗိုက်မှာလည်း ခွဲစိပ်ထားတဲ့ ချုပ်ရိုးရာကြီး ရှိပါတယ်။ သက်သေပြနိုင်ပါတယ်ဆိုပြီး ချဉ်းကပ်တာပါ။

ဇာတ်လမ်းပမာကတော့ ကျနော်နဲ့ ပြည်တွင်းမှာ အလုပ်လုပ်ဖို့ သူရိန်နဲ့ ဇော်ထက် ပြန်ရောက်နေတယ်။ အဆက်အသွယ် လမ်းကြောင်း အားလုံးလည်း ပါလာတယ်။ အပြန်ခရီး တောတွင်းမှာ သူရိန် ငှက်ဖျားမိထားတယ်။ ငှက်ဖျားပိုးက ခေါင်းထဲ ရောက်စပြုနေပြီ။ ရောဂါ မဆိုးခင် ကိုနေနွယ်နဲ့ မြန်မြန်တွေ့ မှဖြစ်မယ်။ အခု လောလောဆယ် ဂျွန်ထင်အောင်က စောင့်ရှောက်ထားတယ်။ မြန်မြန်တွေ့ ပြီးရင် အားလုံး အဆင်ပြေသွားမယ်။ အဲဒီလို ဇာတ်ညွှန်းကိုပြပြီး ရိုက်ညွှန်းအစစ်ကိုတော့ သူတို့ ကိုင်ထား၊ ဝှက်ထားပါတယ်။

ကျနော့်မိန်းမ စဉ်းစားပုံကလည်း သူ ယဉ်ပါးပြီးသား နာမည်တွေဖြစ်နေတယ်။ သခင်တင်မြ၊ ဂျွန်ထင်အောင်၊ ဒေါ်ချိုချိုကျော်ငြိမ်း စသည်ဖြင့်ပေါ့။ သူရိန်တို့ကလည်း ကျနော့်အိမ်မှာ နေသွားဖူးတာဆိုတော့ သနားနေတယ်။ အဆက်အသွယ်တွေ ဆိုတာကလည်း ကျနော့်အတွက် အရေးကြီးနိုင်တယ်။ အဲဒီိလို စဉ်းစားရင်း နောက်ဆုံးတော့ ပါဘလစ်ကာ အမိုးဖွင့် ကားသစ်လေးတစီးနဲ့ ကျနော့်ဆီ ည ၁၀ နာရီ ကျော်ကျော်လောက်မှာ ရောက်ချလာတာပါပဲ။

ကားပေါ်မှာ ကျနော့်သမီးနဲ့ သား အငယ်လေးတောင် ပါလိုက်သေးတယ်။ ကားပေါ်မှာ ပါလာတဲ့ ထောက်လှမ်းရေးတွေ ကိုတော့ အောင်ဌေးကျော်က လွဲပြီး ဘယ်သူမှ မသိခဲ့သေးပါဘူး။

ရှုခင်းသာက ထွက်လာပြီး ဖမ်းလာပြီလို့ ရေးရင်လည်း ရနေပါပြီ။ မိန်းမနဲ့ ကလေးတွေကို တောင်ဥက္ကလာပ နေအိမ်မှာ ချခဲ့ပါတယ်။ လက်တပြပြနဲ့ ဘာမှမသိဘဲ ကျန်ရစ်ခဲ့ကြပါတယ်။ လောကဇာတ်ခုံ အဖုံဖုံ အလီလီပါပဲ။

ရိုက်ညွှန်းအစစ်နဲ့ အရိုက်ခံရဖို့ ကျနော်ကတော့ ပါသွားခဲ့ပါပြီ။

“ဖာတလုံးခေါင်းကျား” ဇာတ်ထုပ်ထဲက တွေ့ ရှိသူကြီး အော်ဟစ်ခဲ့သလို “ဟယ် အသင်လောက … ငါ သိလိုက်ရပြီတကား” 

ဟုတ်ပါတယ်။ မသိရင်၊ အသိနောက်ကျရင် ခံရတတ်တယ် ဆိုတာကိုလည်း သိလိုက်ရပါပြီ တကား။    ။