ညီလေးရေ …

Thursday, 01 July 2010 19:05 အောက်မေ့ဖွယ်
Print
အိမ်ကလေး ကတော့ အရင်အတိုင်းပဲ ဖြစ်သည်။ အခန်းတွေ ကလည်း အရင်ကအတိုင်း။ သူတို့အိမ်သည် အပေါ်ထပ်တွင် တည်းခိုခန်း ဖွင့်ထားပြီး အောက်ထပ်တွင် ဈေးဆိုင်ခန်းများ ဖွင့်ထားသည်။ အမေက အိမ်ရှေ့ဈေးဆိုင်ခန်းမှာ ထိုင်ခုံပုလေးနှင့် ထိုင်ကာ ဈေးရောင်းမြဲ။

အမေ့ကို သူဘယ်အခန်းမှာ အိပ်ရမလဲမေးတော့ “အရင်အခန်းပဲပေါ့ကွယ်” ဟု ဖြေသည်။ သူပြုံးမိပါသည်။ အမေသည် သူတို့ ညီအစ်ကိုနှစ်ယောက်ကို အိမ်အောက်ခန်းရှိ သူ့အိပ်ခန်းနှင့် တည့်တည့် အခန်းတွင်ထားတတ်သည်။

အမေ့အခန်းနှင့် သူတို့အခန်းကြားတွင် ကြမ်းပြင်သာခြားထားရာ သူတို့အခန်းမှ ၀င်ထွက်သံများကို အမေကကြားနေရသည်။ သို့မှသာ သူ့သားများ၏ အိမ်ပြန်ချိန်ကို သိရမည် တဲ့။

သူအိမ်အပေါ်ထပ် တက်လာပြီး အခန်းပြူတင်းများကို ဖွင့်လိုက်တော့ အလင်းရောင်က စူးစူးရှရှ တိုးဝင်လာသည်။ အခန်းလေးထဲ လှည့်ပတ်ကြည့်တော့ အရာအားလုံးသည် သူအရင်က ရှိခဲ့သည့်အတိုင်းပင်။

စာကြည့်စားပွဲ၊ စာအုပ်စင်၊ နံရံထက်တွင်ကား လေးဖြူပိုစတာ တချပ်။ ထိုပိုစတာကို သူ့ညီလေး ကပ်ထားခဲ့ခြင်း ဖြစ်သည်ကို သူမှတ်မိသည်။ နောက် ရောင်စုံခဲတံဖြင့် ဆွဲထားသော စစ်သူကြီးမဟာဗန္ဓုလပုံ။ ထိုပုံ၏ အောက်ခြေနားတွင် အရိုးခေါင်းခွံနှင့် ခြောက်လုံးပြူးသေနတ်က ပါသေးသည်။ ပန်းချီဆွဲသော အစ်ကိုဖြစ်သူ သူ့ကို အားကျပြီး လိုက်ဆွဲထားသော ညီလေး
လက်ရာပင်။ ဒီပုံကိုတော့ အမေက အမှတ်တရဟု ဆိုကာ သူတို့အခန်းတွင် လာကပ်ထားပေးခြင်းဖြစ်သည်။

အခန်းတံခါးဝတွင် သူတို့ညီအစ်ကိုနှစ်ယောက်၏ အရပ်အတိုင်းအတာပြုသည့် အမှတ်ခြစ်ရာလေးများ ရှိသည်။
နောက်ဆုံး မှတ်သားထားသည်က ညီလေးဖြစ်ပြီး သူ့ထက်ပိုမြင့်သည်။

သူတို့ အရွယ်ရောက်လာသောအခါ သူတို့ ညီအစ်ကို နှစ်ယောက်၏ မတူညီပုံများကို အမေက တခုတ်တရ ပြောတတ်သည်။

ငယ်ငယ်က အဆော့လွန်၍ အမေကရိုက်ရပြီဆိုလျ သူက မပြေးတတ်။ ငို၍သာ ပေခံတတ်သည် တဲ့။ ညီလေးကတော့ ထိုသို့မဟုတ် တချက်နှစ်ချက် ရိုက်မိပြီဆိုလျင် ငိုပြီး ထွက်ပြေးသွားတတ်သည်။ ညီလေးပြန်လာချိန်ဆို အမေက ဒေါသပြေ သွားတတ်သည်။ ဖန်ခွက်၊ ပန်းကန် စသည်တို့ ကျကွဲလျင် ညီလေးသည် တံမြက်စည်းနှင့် အမှိုက်ကော်ကို ပြေးယူကာ ပြာယီးပြာယာ သိမ်းဆည်းတတ်သည်။ အမေက ထိုအမူအရာကို မြင်လျင် ဒေါသပြေကာ အမေ ကိုယ်တိုင်သိမ်းလိုက်ရတော့သည်။

သူ ဆိုလျင် အပျက်အစီးများကြား ကြောင်တောင်တောင်နှင့် ရပ်နေတတ်သဖြင့် အနည်းဆုံး ခေါင်းတချက်လောက်တော့ အခေါက်ခံရ တတ်ကြောင်း အမေက ပြောပြသည်။ ညီလေးက လူလည်လေးဟု အမေက ပြောပါသည်။

သူတို့ မြို့ကလေးဘေးတွင် စီးဆင်းနေသော မြစ်သည် ရာသီဥတု မမှန်သောကြောင့် ရေကြောင်းပြောင်းသွားရာ သင်္ဘော ဆိပ်သည်လည်း မြို့နှင့်ဝေးသွားတော့သည်။ သူတို့ ငယ်ငယ်ကဆို သင်္ဘောက မြို့ထဲဆိပ်တွင် ဆိုက်သည်။ အခု သူ ပြန်လာသော အခါ မြို့နှင့် အဝေးတွင် ဆိုက်ရသည်။ မြို့ကို နီးနီးလေး မြင်နေရသော်လည်း ရောက်ဖို့မူ သောင်ခုံကြီးကို ကွေ့ဝိုက်၍ ခုတ်မောင်းနေရသဖြင့် အချိန်အကြာကြီးကြာတတ်သည်။ မြို့ကလေးသည်လည်း နယ်စပ် ကုန်သွယ်ရေးစခန်း ဖွင့်လိုက်သည်မှ အစပြု၍ စည်ပင်လာလေသည်။

မြို့ကလေး ဖွံဖြိုးလာသည်နှင့်အတူ လူဝင်လူထွက် များလာသည်။ ပြူတင်းတံခါး ဖွင့်လိုက်လျင် လေကောင်းလေသန့် ရသကဲ့သို့ ပိုးမွှားများလည်း ပါလာတတ်ပါသည်။

လူငယ်များစွာသည် တရားမ၀င် ပစ္စည်းများ မှောင်ခိုသယ်ခြင်းနှင့် အတူ မူးယစ်ဆေး၏ ကျေးကျွန်ဘ၀ကို ရောက်သွားကြသည်မှာ ရာသီဥတုမမှန်၍ မြစ်ကြောင်းပြောင်းလဲသွားသည် ထက်ပင် ပို၍မြန်ဆန်ပါသည်။ သူ့ ညီလေးသည်လည်း ထိုလူငယ်များစွာထဲမှ တယောက် ဖြစ်သွားသည်။

ကျောက်စိမ်းစသော တွင်းထွက်များ၊ ကျွန်းသစ်၊ ကျွန်းသား ပန်းပုရုပ်၊ လိပ်စသော သစ်တောထွက်ပစ္စည်းများကို တဘက်နိုင်ငံသို့ ပို့ပြီး ကန့်သတ် ကုန်ပစ္စည်းများကို ပြန်လည်တင်သွင်းလာခြင်းဖြင့် ညီလေးတို့လို ကျောင်းထွက်ပြီး အလုပ်လက်မဲ့ ဖြစ်နေသူများစွာ အတွက် ငွေဝင်လမ်းဖြောင့်နေခဲ့သည်။ တမြို့လုံးမှ လူငယ်များစွာသည် ထိုရေစီးကြောင်းကြီးတွင် သဲသဲမဲမဲဝင်ရောက် ကူးခတ် ကြသည်။

တောတောင်ထဲတွင် လမ်းဟု ခေါ်နိုင်ရုံသာဖြစ်သော လမ်းတွင် ချောက်များ၊ လျှိုများ၊ ကမ်းပါးများကို ဖြတ်ရင်း ငွေရှာကြသည်။
လမ်းတလျှောက်ရှိ စစ်ဆေးမေးမြန်းမှုများကို တောင်းပန်တိုးလျှိုးရင်း၊ တံစိုးလက်ဆောင်ပေးရင်း ဖြတ်ကျော်ကြရသည်။ ထိုရေစီးကြောင်းသည် သူ့အတိုင်းစီးမသွား။ လှိုင်းများထစေလျက် သူ့လမ်းကြောင်းတလျှောက် ရှိသမျှအရာအားလုံးကို တိုက်တွန်းဖြိုဖျက် သွားသည်။ ကမ်းပါးတို့ကို လှိုင်းပုတ်သောကြောင့် ပဲ့ကျသွားသောဘ၀များက တ၀ုန်းဝုန်း။

ညီလေး၏ သတင်းများသည် အပေါင်းအသင်းများသော သူ့ထံ ရောက်လာသည်။ ညီလေးကို ကျွဲသမားများ (ဘိန်းမဲသုံးသူများ) နှင့် တွေ့လိုက်တယ်။ ညီလေး မြင်း (WY စိတ်ကြွရူးသွပ်ဆေး) စီးပြန်ပြီ။ လူငယ်သဘာဝ စူးစမ်းစိတ်က ညီလေးကို ၀င်္ကပါထဲ ဆွဲခေါ် သွားတော့သည်။ ညီလေး၏ မျက်ဝန်းအကြည့်များတွင် လူငယ်တယောက်၏ ယုံကြည်မှု အားမာန်၊ စိတ်အား ထက်သန်မှုများ တခုမှ မမြင်ရတော့။

မိဘဆွေမျိုးများ၏ ဆုံးမစကားများကို တားမြစ်ချုပ်ချယ်သည်ဟု ညီလေး ထင်လာသည်။ ညီလေးသည် ရုန်းထွက်ဖို့ရန် မကြိုးစားတော့။ သူ့အသံ၊ သူ့အကြည့်များနှင့် မဆုံအောင် ရှောင်လွှဲလာသည်။ ၀င်္ကပါထဲ လှည့်လည်နေရင်း သူ့ကို အော်ခေါ်နေကြသော အသံများကို ဥပေက္ခာပြုထားလိုက်တော့သည်။ သူသည် အိပ်မက် များထဲတွင်သာ မွေ့လျော် သွားလေပြီ။

သားတို့အိမ်ပြန်ချိန်ကို အမြဲနားစွင့်တတ်သော အမေသည် ညီလေး ခြေသံကို အချိန်နောက်ကျမှ ကြားလျင် ဆူပူမာန်မဲတော့သည်။ ထိုအခါ ညီငယ်လေးခြေသံသည် မကြားတချက် ကြားတချက်ဖြစ်လာရသည်။ အမေသည် ကြောင်းကျိုးပြကာ ဆုံးမသည်။
ညီလေးခြေသံအပြင် သူ့သူငယ်ချင်းများ၏ ခြေသံများပါ အမေကြားလာရသည်။

အမေသည် မျက်ရည်ခံထိုး အသနားခံသည်။ ညီလေး၏ ခြေသံများသည် တဖြည်းဖြည်း ပါးလျလာရာမှ လုံးဝ တိတ်ဆိတ် သွားတော့သည်။ ညီလေး အိမ်မှ ထွက်သွားပါတော့သည်။

ယခု သူ အိမ်ပြန်လာခဲ့သည်။ သူတို့ ညီအစ်ကိုနှစ်ဦး အိပ်စက်ရာ အိပ်ခန်းလေးထဲ လှဲလျောင်းရင်း ညီလေးအကြောင်း တွေးနေမိပါသည်။ ပြူတင်းပေါက်မှ ငေးမိလျင် တိမ်အုပ်စုလေးများ တရွေ့ရွေ့ဖြတ်သွားသည်ကို မြင်နေရသည်။

“ဟေ ... ညီလေးရေ ယုံကြည်ချက်နဲ့ အသက်ရှင်ခြင်းဟာ အကောင်းဆုံးပါ။ ကမ္ဘာမြေကြီးအား မင်းအတွက်နဲ့ သက်သက်
ဝန်ပိုမလေးဖို့ရာ ... ... ... ယုံကြည်ပါအမှန်တရား၊ အရိုးသားဆုံးလှုပ်ရှား …. …. ဒုက္ခနဲ့ရင်ဆိုင်လာရင် မတုန်လှုပ်ဘူးမဟုတ်လား”
အဆိုတော် ထူးအိမ်သင်၏ တိုးဖွဖွ သီချင်းသံကို ညီလေး ကြားပါစ။ သူကတော့ ညီလေးကို ကြားစေချင်ပါသည်။ အမေကတော့ ဒီနေ့အထိ သူ့သားငယ်လေး ခြေသံကို နားစွင့်နေဆဲ ဖြစ်သည်။

“တိမ်တွေရေ ... သားတစ်ယောက်အတွက် အိမ်ပြန်ချိန်ဟာ ဘယ်သောအခါမှ နောက်မကျဘူးဆိုတာ ညီလေးကို ပြောပေးပါ” ဟုသာ မှာကြားလိုက် ချင်ပါတော့သည်။