ဥသြသံ ဆိတ်သုဉ်းနေဆဲ နေ့

Monday, 19 July 2010 12:04 အောက်မေ့ဖွယ်
Print
ငယ်စဉ်က ကျောင်းတွေမှာ အာဇာနည်နေ့ မတိုင်ခင် ကတည်းက ဗိုလ်ချုပ်အောင်ဆန်းနဲ့  အာဇာနည် ခေါင်းဆောင်ကြီးများ အကြောင်း ဟောပြော ကြပါတယ်။ သတင်းစာ တွေကလည်း အာဇာနည်နေ့ အကြို ဆောင်းပါးတွေ၊ ဓာတ်ပုံတွေကို ဝေဝေဆာဆာ ဖော်ပြကြပါတယ်။

အာဇာနည်နေ့ ရောက်တိုင်း ဗိုလ်ချုပ် အောင်ဆန်းရဲ့ ဇနီး ဒေါ်ခင်ကြည်ဟာ အနက်ရောင် ဝတ်စုံကို ဝတ်ပြီး ဗိုလ်ချုပ် အောင်ဆန်း အုတ်ဂူမှာ လွမ်းသူ့ ပန်းခြင်း ချလေ့ရှိပါတယ်။ အာဇာနည် ဗိမ္မာန်မှာ အာဇာနည် မိသားစုဝင်တွေ ဂါဝရ ပြုပြီးနောက်ပိုင်း အများပြည်သူတွေ ဝင်ရောက် အလေးပြု နိုင်ပါတယ်။

အာဇာနည်နေ့မှာ ဘယ်သူမှ မနှိုးဆော်ရဘဲ အိမ်တိုင်းမှာ မိမိအသိစိတ်ဓာတ်နဲ့ အလံတိုင်ဝက် လွှင့်ထူတယ်။ ရပ်ကွက်တွေမှာ သံဃာတော်များကို ဆွမ်းကပ်လှူကြပါတယ်။ ဘတ်စ်ကားတွေမှာ အလံငယ်လေးတွေ တိုင်ဝက် လွှင့်ထူထားပြီး ကား ဘေးနှစ်ဖက်မှာ အာဇာနည်နေ့ ပိုစတာတွေ တွေ့ရပါတယ်။

အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရတဲ့ မနက် ၁၀ နာရီ ၃၇ မိနစ်မှာ မြန်မာ့အသံ ရေဒီယိုကနေ ဥသြဆွဲသံ လွှင့်ပေးပါတယ်။ တချိန်တည်းမှာပဲ တမြို့လုံးမှာရှိတဲ့ စက်ရုံ အလုပ်ရုံတွေ၊ သင်္ဘောတွေကလည်း ဥသြဆွဲကြပါတယ်။ မောင်းနေတဲ့ ကားတွေလည်း ဥသြသံ ကြားတာနဲ့ ကားကိုရပ်ပြီး အလေးပြုကြပါတယ်။ 

ရွှေတိဂုံဘုရားပေါ်တက် ဘုရားဝတ်ပြု၊ အဲဒီကမှတဆင့် အာဇာနည်ကုန်းကို သွားရောက်ပြီး အာဇာနည် ခေါင်းဆောင်ကြီးများကို အလေးပြုလေ့ရှိကြပါတယ်။ ညဘက်မှာ မြန်မာ့အသံက ည ၈း၁၅ နာရီ သတင်း ကြေညာပြီးတဲ့နောက်မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းကို လွှင့်ပေးပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်း ပြီးတာနဲ့ အဆိုတော် ဒေါ်မေလှမြိုင်ရဲ့ အာဇာနည်နေ့အကြောင်း သီချင်းကို ထုတ်လွှင့်ပေးပါတယ်။

အာဇာနည်နေ့ဟာ ၁၉၈၉ ခုနှစ်က စပြီး အရင်နှစ် အာဇာနည်နေ့တွေနဲ့ မတူတော့ဘဲ လုံးဝ ပြောင်းလဲသွားပါတယ်။ 

အဲဒီနှစ်က အာဇာနည်နေ့မှာ ကျနော်တို့ အုပ်စုဟာ ရွှေဂုံတိုင်လမ်းဆုံ အုတ်လမ်းဘက်ဆီကို သွားကြပါတယ်။ အားလုံးဟာ မပြေးရုံတမယ် ခပ်သွက်သွက် လျှောက်နေကြပါတယ်။ အုပ်စုထဲက တယောက်ရဲ့ လက်ထဲမှာလည်း ပန်းခွေ ခပ်ကြီးကြီး တခု ကိုင်ဆောင်ထားပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးချိန် ဥသြဆွဲချိန်အမီ အုတ်လမ်း မီးပွိုင့်မှာ ပိတ်ဆို့ထားတဲ့ သံဆူးကြိုးပေါ်မှာ ပန်းခွေချ အလေးပြုဖို့ ဖြစ်ပါတယ်။ စစ်သားတွေက အာဇာနည်ကုန်း သွားရာလမ်းတွေကို ပိတ်ထားကြပါတယ်။ ကျနော်တို့လည်း အုတ်လမ်း မီးပွိုင့် ရောက်တာနဲ့ တပြိုင်နက် ဥသြဆွဲသံ ပေါ်ထွက်လာပါတယ်။ ကျနော်တို့ထဲက ပန်းခွေ ကိုင်ထားတဲ့ အတာ (ခေါ်) တာရာ (စတီရီယိုအဆိုတော်) က ပန်းခွေကို  သံဆူးကြိုးပေါ် တင်လိုက်ပြီး ကျနော်တို့ အားလုံး ဗိုလ်ချုပ်အောင်ဆန်းနဲ့  အာဇာနည် ခေါင်းဆောင်ကြီးများကို အလေးပြုကြပါတယ်။ လမ်းကို ပိတ်ဆို့ စောင့်နေတဲ့ စစ်သားတွေလည်း ကြောင်ပြီးတော့ ကြည့်နေကြပါတယ်။ ဘာမှ တုံ့ပြန်မှုတော့ မလုပ်ပါဘူး။

ကျနော်တို့လည်း အလေးပြုပြီးပြီမို့ ရွှေဂုံတိုင်ကနေ မြို့ထဲကို သွားတဲ့ အချိန်မှာပဲ ရွှေဂုံတိုင် လမ်းဆုံကနေ ဗဟန်း ရေခဲဆိုင် ဘက်ကို ကျောင်းသား လူငယ်တွေ တန်းစီပြီး ချီတက်နေကြတာကို တွေ့ရပါတယ်။ ကျနော်တို့အားလုံး   အဲဒီအုပ်စုနဲ့အတူ လိုက်ပြီး ချီတက်ခဲ့ကြပါတယ်။  ဗဟန်း ရေခဲဆိုင်ရှေ့ ကြက်လျှာစွန်း လမ်းခွလည်း ရောက်ရော စစ်တပ်နဲ့ ရင်ဆိုင်တိုးပါတော့တယ်။ စစ်တပ်က   လမ်းကို ပိတ်ထားပြီး ရှေ့ဆက်မသွားဖို့၊ လူစုခွဲဖို့ ပြောပါတယ်။ ရှေ့ဆုံးက ကိုကိုကြီး (၈၈မျိုးဆက်ကျောင်းသား၊ ယခုအကျဉ်းကျ) က ကိုင်ထားတဲ့ လော်စပီကာငယ်ကို နောက်ကို ပြန်လှည့်ပြီး အားလုံးထိုင်ကြဖို့ ပြောပါတယ်။ စစ်တပ်က လမ်း မဖွင့်ပေးမခြင်း ကျနော်တို့ ထိုင်သပိတ် လုပ်ကြမယ်ပေါ့။ စစ်တပ်နဲ့လည်း ညှိပြီး လမ်းဖွင့်ပေးဖို့၊ အာဇာနည်ခေါင်းဆောင်တွေကို ငြိမ်းငြိမ်း ချမ်းချမ်း အလေးပြုဖို့ သွားမှာ ဖြစ်တယ်လို့ ပြောဆို ဆွေးနွေးဖို့ သဘောထားကြပါတယ်။ ကျနော်တို့ အားလုံး လမ်းပေါ်မှာ ထိုင်နေကြပါပြီ။

အဲဒီအချိန်မှာပဲ စစ်တပ်က အချိန် ၁၅ မိနစ်ပေးမယ်၊ လူစုခွဲကြဆိုပြီး အော်ဟစ်ပြောဆိုပါတယ်။ ၅ မိနစ်လောက် အကြာမှာ စစ်တပ်က ရှေ့ကိုတက်လာပြီးတော့ ရိုက်ပါတော့တယ်။   ကျနော်တို့လည်း ပြေးရပါတော့တယ်။ ကျနော်တို့အုပ်စုက ကိုဘိုလေး၊ မခင်ခင်ဦးနဲ့ တခြားသူတွေက ပန်းချီပန်းပုကျောင်း အုတ်တံတိုင်းကို ကျော်ပြီး ပြေးကြပါတယ်။  လူစု ကွဲသွားကြပါတယ်။ ကျနော်လည်း လူအုပ်ကြီးနဲ့ ပြေးရင်း ပလက်ဖောင်းပေါ် လဲကျ သွားပါတယ်။ ကျနော့် ကျောပေါ်ကနေ လူတွေ ဖြတ်ပြီး ပြေးကြပါတယ်။ စစ်သားတွေ ရောက်လာပြီး ကျနော့် ခေါင်းနဲ့ ကျောပေါ်ကို ရာဘာတုတ်နဲ့ ရိုက်ကြပါတယ်။   အချက်ပေါင်း များစွာ ရိုက်နှက်ပြီးမှ သူတို့ ထွက်သွားပါတယ်။ ကျနော်လည်း ခဏလောက် မှောက်လျက်ကြီး ငြိမ်နေလိုက်တယ်။ အသံတွေ မကြားရတော့တဲ့ အခါမှာ ခေါင်းထောင်ပြီး လှည့်ကြည့်လိုက်တော့ လဲနေတဲ့သူတွေကို စစ်ကားပေါ် စပြီး တင်နေတာကို တွေ့ရပါတယ်။   ကျောင်းသားတွေကို ဖမ်းပြီး တင်ထားတဲ့ စစ်ကား တစီး ဖြတ်သွားတာကိုလည်း တွေ့လိုက်ရပါတယ်။ စစ်ကားပေါ်မှာ ကျနော်တို့အုပ်စုက ကိုမြင့်နိုင် ပါသွားတာကို မြင်လိုက်ရပါတယ်။ ကိုမြင့်နိုင်က  အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇာတ်နဲ့ အမျိုးတော်ပါတယ်။

လဲကျနေသူတွေကို စစ်ကားပေါ် ဆွဲတင်နေတာ ကျနော်နဲ့ တော်တော်နီးလာပါပြီ။ အဲဒါနဲ့ ကျနော်လည်း ထပြေးပါတော့တယ်။ ပြေးနေတုန်း ရှေ့ကသွားနေတဲ့ စစ်သား နှစ်ယောက်က လှည့်ပြီး ရိုက်တာကို ခံရပါသေးတယ်။ ကျနော်လည်း ပန်းချီပန်းပုကျောင်း တဘက်ခြမ်းမှာရှိတဲ့ ကုန်းမြင့်ပေါ်က ဘုန်းကြီးကျောင်းဝင်းပေါ်ကို တက်ပြီး ပြေးပါတယ်။ ကျနော့်ကို ဦးပဉ္ဇင်းတပါးက တွဲခေါ်သွားပါတယ်။ နောက်တော့ ကျောင်းကို စစ်သားတွေ ဝိုင်းထားတယ်လို့ ဦးပဉ္ဇင်းက ပြောပါတယ်။ ချက်ခြင်း မထွက်ဖို့၊ ခဏစောင့်ဖို့ ပြောပါတယ်။ ကျနော် ဘုန်းကြီးကျောင်းမှာ တနာရီလောက် နေပါတယ်။

စုရပ်ကို ကျနော် ပြန်ရောက်တော့ လူစုံနေပါပြီ။ ကျနော် တို့အုပ်စုက မစန္ဒာမင်း ခေါ် ရွှီးနဲ့  ကိုမြင့်နိုင်တို့ ၂ ယောက် အဖမ်းခံရပါတယ်။ ကိုမြင့်နိုင်က နောက် ၂ ရက်လောက် နေတော့ ပြန်လွတ်လာပေမယ့် မစန္ဒာမင်းကတော့ ထောင်ကျသွားပါတယ်။ အဖမ်းခံရပြီး ထောင်ကျသွားတဲ့ တခြား အဖွဲ့အစည်းက ကျောင်းသား လူငယ်တွေလည်း အများကြီးပါပဲ။ စစ်သားတယောက်က လှံစွပ်နဲ့ ထိုးလို့ ကျနော်တို့ အုပ်စုထဲက ဘောကြီး ခေါ် ကျော်စိုးနိုင်  လက်မှာ ဒဏ်ရာရပါတယ်။

ဒါတွေကတော့ ၁၉၈၉ အာဇာနည်နေ့မှာ ကြုံတွေ့ခဲ့ရတာတွေ  ပါပဲ။ အဲဒီနှစ်ကစပြီး ယခုချိန်ထိ ဇူလိုင် ၁၉ ရက်နေ့ ရောက်တိုင်း အာဇာနည် ခေါင်းဆောင်ကြီးများရဲ့ ကျဆုံးချိန် ဥသြဆွဲသံကို မကြားကြရတော့ပါဘူး။ အိမ်တွေမှာလည်း အလံတိုင်ဝက် လွှင့်ထူတာကို တချို့ မြို့နယ်တွေမှာ အာဏာပိုင်တို့က ပြဿနာရှာ အရေးယူတယ် လို့တောင် ကြားနေရပါတယ်။ ကျောင်းတွေမှာလည်း အာဇာနည်နေ့ ဟောပြောပွဲတွေ မလုပ်တော့ပါဘူး။

တပ်မတော်ကို တည်ထောင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်ကြီးများရဲ့သမိုင်းကို ဖျောက်ဖျက်ဖို့ ကြိုးစားနေတာကို ဝမ်းနည်းဖွယ်ရာ တွေ့ရပါတယ်။