မေတ္တာနဲ့ ခတ်ထားတဲ့ သော့ခလောက်

Thursday, 14 October 2010 18:24 အောက်မေ့ဖွယ်
Print
တချို့သတင်း စကားများက ဘာမှ ရင်ကို ထိခိုက်ခြင်း မရှိသော်လည်း သတင်းစကား တချို့ကျတော့ အတွေးပေါင်းစုံနဲ့ ခံစားမှုများစွာကို ဖြစ်စေပါတယ်။ မမာမာဦး အဖေ ဆုံးပြီဆိုတဲ့ သတင်းစကားကြားတော့ ခံစားမှုပေါင်းများစွာ ရင်ကို လှုပ်နှိုးလိုက်တယ်။ အလားတူ ဖြစ်ရပ်များစွာက စိတ်ထဲမှာ အလျှိုအလျှို ပေါ်လာတယ်။

uzawana interviewတကယ်က မမာမာဦးကို ထောင်ဝင်စာ ပုံမှန်တွေ့နေတာကလည်း ဆုံးသွားတဲ့ အဖေ တယောက်တည်း ဆိုတော့ သေ သွားသူ ဒုက္ခထက် ကျန်ရစ်သူ ဒုက္ခက ပိုကြီးနေတယ်။ နှစ်ပေါင်း ၇၀ ပြစ်ဒဏ်ချခြင်းခံရသူ၊ နေထိုင်ရာမြို့ကနေ ညအိပ် ခရီးရှည် သွားရမယ့်နေရာမှာ ဘယ်ဆွေမျိုးက အချိန်ကုန်ခံပြီး သွားတွေ့ပေးပါ့မလဲ။ သွားပြန်ရင်လည်း ပုံစံ ၁၀၊ အိမ်ထောင်စု စာရင်းဝင် မဟုတ်ရင် ဘယ်ထောင်က ပေးတွေ့မှာလဲ။

တောင်ငူထောင်က ထောင်ပိုင်ကြီး ဦးငွေစံတို့လို လူစိတ်ရှိတဲ့ ထောင်ပိုင်မျိုးသာ ဒီအခက်အခဲကို ကူညီနိုင်မယ်။ စစ် တပ် ကို မျက်နှာလိုမျက်နှာရ လုပ်ချင်တဲ့ ထောင်ပိုင်မျိုးဆို ထောင်ဝင်စာ သွားတွေ့သူကိုတောင် ပြဿနာရှာနိုင်တယ်။ မမာမာဦးအတွက် အခက်အခဲကတော့ တော်တော်ကြီးကို ကြီးမားတယ်။ ထောင်ထဲမှာ နှစ်ရှည်နေရသူတွေရဲ့ စိတ်ပိုင်း ဆိုင်ရာ ကြိုတင်ပြင်ဆင်ထားရမယ့် အထဲမှာ သက်ကြီးရွယ်အို မိဘများရဲ့ ကျန်းမာရေး၊ နာရေးကအစ ကြိုတင် တွေး တော ထားရမယ့် အထဲမှာပါတယ်။ ဖြစ်နိုင်တာတွေကို ကြိုတင် မပြင်ဆင်ထားခဲ့ရင် တကယ်ရင်ဆိုင် တွေ့ကြုံရတဲ့အခါ စိတ်တင် ထိခိုက်တာ မဟုတ်ဘူး။ လူပါ ဘုံးဘုံးလဲသွားတတ်တယ်။ မျှော်လင့်ချက်ကြီးစွာထားတဲ့ ကိစ္စတွေထဲမှာ မိသားစုနဲ့ ပျော်ရွှင်စွာ ပြန်လည်ဆုံတွေ့လိုခြင်းက ထိပ်ဆုံးမှာရှိတယ်။

ထောင်ထဲမှာ ရှိနေတုန်း အပြင်က အဖေ၊ အမေ တဦးဦး ဆုံးသွားတဲ့ အဖြစ်အပျက်မျိုးကို မကြာခဏ ကြုံတွေ့ဖူးတယ်။ ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေထဲမှာ မမေ့ပျောက်နိုင်တဲ့ နာရေးနှစ်ခုကို စိတ်ထဲမှာ စွဲနေတယ်။ ထောင်အပြင်က မိသားစုက ထောင်ထဲကလူ စိတ်ဒဏ်ရာ မရစေချင်လို့ ဖုံးကွယ်ထားတဲ့ ကိစ္စတွေ များစွာရှိမယ်။ အထူးသဖြင့် မိသားစု ထဲက တဦးဦးရဲ့ နာရေးကိစ္စကို ပြောပြမထားဘဲ ဖုံးကွယ်ထားတတ်ကြတယ်။ ဒီဖုံးကွယ်မှုက ကာယကံရှင်ကသာ မသိတာ၊ ကျန်တဲ့သူတွေက အားလုံး သိနေကြတယ်။ အဲဒီတော့ ကာယကံရှင်အတွက် မိသားစုအလိုကျ ဝိုင်းဖုံးကွယ် ပေးထားကြရတာပေါ့။ သူမသိစေချင်လို့ အပြင်ဘက်က ဆုံးသွားသူနဲ့ ပတ်သတ်တဲ့ စကားအရိပ်အရောင်ကိုတောင် မဟမိဖို့ ကြိုးစားကြရတယ်။

အဖြစ်အပျက်တစ်ခုက ၈၈ ခုနှစ်က နာမည်ကြီးသွားတဲ့သူပါ။  BBC နဲ့ဆက်သွယ်ပြီး နေ့စဉ် အဖြစ်အပျက်တွေကို ကြိုးစား ဖော်ထုတ်ပေးနေသူ။ အင်္ဂလိပ် သတင်းထောက် ခရစ္စတိုဖာ ဂါးနက်ကို ကူညီနေတဲ့ BBC ဦးနေမင်းဆိုတာ ၈၈ ကတည်းက နိုင်ငံရေးလောကကို ဝင်လာသူတိုင်း သိကြတယ်။ သူ့ကို လာတွေ့တဲ့ နှမတယောက်ဟာ ထောင်ဝင်စာ တွေ့ပြီး အပြန် ကား မတော်တဆဖြစ်ပြီး လမ်းမှာ ဆုံးသွားတယ်။

ဒီသတင်းကို သူ့အိမ်က ဦးနေမင်းကို ပေးမသိဘူး။ ဆုံးသွားတဲ့ နှမက မကြာခဏ ထောင်ဝင်စာ လာတွေ့တတ်သူ ဆိုတော့ ဦးနေမင်းက အဲဒီ နှမအကြောင်းကို မေးမှာပဲ။ ဒီအတွက် သူ့အိမ်ကလည်း ကြိုတင်ပြင်ဆင်ထားတယ်။ ဆုံးသွားတဲ့နှမ ရှမ်းပြည်ဘက်ကို အလုပ်ပြောင်းသွားရပြီလို့ ဦးနေမင်းကို ပြောထားတယ်။ တခါတခါ ရှမ်းပြည်ထွက် ပစ္စည်းလေးတွေတောင် ထောင်ဝင်စာမှာ ပါလာအောင် အိမ်ကစီစဉ်တယ်။ ရှမ်းပြည်ပြောင်းသွားတဲ့ နှမက ထောင်ထဲ က သူ့အစ်ကိုဆီ စားစရာပို့ပေးတဲ့ သဘောပေါ့။

ဒီလို ပိပိရိရိ အိမ်က လုပ်ထားတော့ အတူနေ ရဲဘော်တွေကလည်း သိသိနဲ့ နေပေးရတာပေါ့။ သူ့နှမက အမှတ်တရ ပေးလိုက်တဲ့ ပစ္စည်းတွေ၊ စားစရာတွေကို ရဲဘော်တွေကို ညီမက ပေးလိုက်တာဆိုတဲ့ စကားနဲ့ ဝေငှတိုင်း လက်ခံယူရ သူတွေရဲ့ ရင်ထဲမှာ စိတ်မကောင်းခြင်း တွေနဲ့ လက်ခံရတယ်။ သူကတော့ သူ့ညီမရဲ့ အမှတ်တရ ပစ္စည်းဆိုပြီး ကြည်နူးနေချိန်မှာ အဖြစ်မှန်သိနေတဲ့ ကျန်ရဲဘော်တွေကတော့ မချိတင်ကဲ ခံစားရတယ်။ သောကဖြစ်ရမယ့်သူက ပိတိဖြစ်ပြီး သောကနဲ့ မဆိုင်သူက ရင်နင့်ရတဲ့ အဖြစ်အပျက်ပါ။

အပြင်က လူတွေကလည်း သူ့ကို ထောင်ဝင်စာတွေ့ပြီး အပြန်မှာ ဒီလို မတော်တဆ ဖြစ်တယ်ဆိုရင်  ကာယကံရှင် ဦးနေမင်း ပိုခံစားရမယ်လို့ တွက်တယ်။ ဒါနဲ့ပဲ ထောင်ဝင်စာလာတိုင်း ဦးနေမင်းဆီ ရှမ်းပြည်ရောက်ညီမရဲ့ လက်ဆောင်ပစ္စည်းတွေ ပါလာစမြဲပဲ။ လက်ဆောင်တွေပါတိုင်း သူကတော့ ပျော်လို့။ ဦးပဉ္ဇင်းတို့မှာသာ ...

နောက်တယောက်က ဦးနေမင်းနဲ့ မခြားပါဘဲ။ အားလုံးဝိုင်း ဖုံးကွယ်ပေးရတဲ့ နာရေးကိစ္စ တခုပါ။ ထောင်ကျသူတိုင်းရဲ့ စိတ်မှာတော့ တော်တော်များများက စိတ်ကို ကြိုတင်ပြင်ဆင်ထားပြီးသားပါ။ ဒါပေမယ့် အပြင်ကလူများက ထောင်ကျနေတဲ့ တဒုက္ခအပြင် စိတ်သောကရောက်တဲ့ နောက်ထပ် ဒုက္ခတခု မဖြစ်စေချင်တဲ့ တကယ့်စေတနာနဲ့ ဖုံးကွယ်ထားကြတာပါ။ အိမ်ကလူတွေက မသိစေချင်တော့ အထဲက ရဲဘော်တွေကလည်း ဝိုင်းဖုံးကွယ်ပေးထားရတယ်။ တကယ်တော့ အားလုံးရဲ့ လူသားဆန်တဲ့ စေတနာတွေကို တွေ့နေရပါတယ်။

သူကတော့ ၄၈၂၈ အတွဲထဲက ကိုရဲဝင်းပါ။ ကိုရဲဝင်းရဲ့အဖေက အရာရှိဟောင်းဆိုတော့ အစိုးရကိစ္စတွေ သတင်းကိစ္စတွေ သူများထက် ပြောတတ်ဆိုတတ်တယ်။ သူ့အဖေဆီက သတင်းစကားတွေကိုလည်း ရဲဘော်အားလုံးက စောင့်မျှော်ကြတယ်။ သူ့ရဲ့ နာမည်က “ဦးကိုး” မို့လို့ ကိုဂျင်မီက ချစ်စနိုးနဲ့ “မစ္စတာနိုင်း” ဆီက ဘာသတင်းထူးလဲလို့ မေးလေ့ရှိတယ်။ ကျန်းမာရေးအရ ခွဲစိတ်ကုသ ခံထားရတာမို့ သူ့ရဲ့ အစာအိမ် အပြင်ထုတ်ထားရတယ်။ ဒီအဘရဲ့ မေတ္တာကို တွေ့ရတော့ မိဘမေတ္တာဆိုတာ ကြီးမားကြောင်း သဘောပေါက်ရတယ်။

မိခင်ကြီးအကြောင်းကို ကိုရဲဝင်း မသိအောင် ဖုံးကွယ်ပေးထားတယ်။ တကယ်က သူ့မိခင်ကြီးက အပြင်လောကမှာ ဆုံးနေပြီ။ ဒီသတင်းကို ကိုရဲဝင်းထံ မရောက်ဖို့ မျိုးစုံတားဆီးထားတယ်။ လူတအုပ်ကြီး ထောင်ဝင်စာ လာတွေ့တယ်။ အဖော်တွေကပါ ဦးကိုးရဲ့အလိုကျ ကိုရဲဝင်း မသိအောင် နှုတ်ဆိတ်နေကြတယ်။ ကျန်တဲ့ ရဲဘော်တွေ အားလုံးကတော့ သိနေကြပြီလေ။ မိသားစုအလိုကျ ကိုရဲဝင်းမသိအောင် စကားလုံးတွေ အစမထွက်အောင် ထိန်းပေးကြတာပေါ့။

ကိုရဲဝင်းဆိုတာက ထောင်နှစ်ခါကျတဲ့သူ။ ဗိုလ်ချုပ်ကျော်ဇော အပြင်ထွက်တဲ့ကိစ္စ စီစဉ်ကူညီပေးခဲ့လို့။ ပထမတကြိမ်ကလည်း ထောင်တခါကျခဲ့သေးတယ်။ သူ့ဆီက ထောင်တွင်း အတွေ့အကြုံတွေကို နားထောင်ရစဉ်က သူပြောတဲ့စကားတွေကို မှတ်မိနေတယ်။

“ကျနော်တို့ ဟိုတခါ ထောင်ကျတုန်းက သူငယ်ချင်းတယောက် သူ့ရည်းစား မင်္ဂလာဆောင်တဲ့ သတင်းစာ ဖြတ်ပိုင်းလေးကို ရတော့ တော်တော် ခံစားသွားရတယ်”

ဒါက သူပြောပြတဲ့ စကားပါ။ အဲဒီအချိန် ဦးပဉ္ဇင်းတို့ ထောင်ထဲမှာ သတင်းစကားတွေ အားလုံး ပိတ်ဆို့ တားဆီးခြင်း ခံထားရတဲ့အချိန်လေ။

အကျဉ်းသားအားလုံးရဲ့ သတင်းစကားရဖို့ ပြတင်းပေါက်ဟာ ဆေးလိပ်ဖင်စီခံ လေးပါ။ အစီခံကို ပတ်ထားတဲ့ သတင်းစာ အပိုင်းလေးတွေဟာ အပြင်လောကကို ကြည့်ဖို့ အပေါက်လေးတခုပေါ့။ ဦးပဉ္ဇင်းတို့ရဲ့ ပြတင်းတံခါးလေး ကနေ ကိုရဲဝင်းအမေရဲ့ နာရေးသတင်းလေးများ ဝင်လာခဲ့ရင် ဖုံးထားသမျှ အားလုံးပေါ်ပြီ။ သူကလည်း သူ့အမေနဲ့ ပတ်သက်သမျှ မကြာခဏ ပြောပြတတ်တော့ ကြားရသူတွေ ရင်ထဲဘယ်ချိပါ့မလဲ။  သူကတော့ အမေ အိပ်ရာထဲ လဲနေတယ်ပဲ သိသွားတယ်။ အိမ်ကိုလည်း အမေအကြောင်း မကြာခဏ မေးနေတဲ့ပုံပဲ။ သူမေးတိုင်း ထောင်ဝင်စာလာ တွေ့တဲ့ အဖေက ဖုံးကွယ်နေရတာပေါ့။ ဒါပေမယ့် ကိုရဲဝင်းအမေရဲ့ နာရေးကိစ္စ ကိုရဲဝင်း လွတ်တဲ့အထိ သိမသွားဘူး။
သူများအကြောင်းတွေကိုသာ တွေးနေ ရေးနေတယ်။ ဦးပဉ္ဇင်းရော ဘယ်လိုတွေ ရင်ဆိုင်ခဲ့သေးလဲ မေးရင် ဖြေရမယ့် စကားက ဦးပဉ္ဇင်းလည်း ထူးမခြားနား ကြုံခဲ့ရပါတယ်လို့ ပြောရမှာပါ။

ဒီလိုနာရေးကိစ္စ ပြောရမယ့်သူတွေစာရင်းမှာ ဦးပဉ္ဇင်းလည်း ပါနေတာကိုး။ ဦးပဉ္ဇင်းနဲ့ ဦးပဉ္ဇင်းအဖေအကြောင်းက တရွာလုံး ပြောစမှတ်တွင်မယ့်အဖြစ်တွေ ရှိခဲ့တယ်။ အဖေနဲ့သား အယူအဆ မတူတာတပိုင်း။ ဘယ်လောက်ပဲ အယူအဆ ကွဲလွဲနေပါစေ။ သားဒုက္ခရောက်တော့ ကသောကမျော တရားရုံးကို ရောက်လာတယ်။ ၁၄ ရက်တခါ သူကိုယ်တိုင်လာတယ်။ လိုအပ်တာတွေကို ဂရုတစိုက် လုပ်ပေးတယ်။၁၀ နှစ်ကာလအတွင်းမှာ သူမလာနိုင်ရင်တောင် အစ်မတွေ ညီမတွေကို ရက်တိတိကျကျ သွားအောင် လွှတ်ပေးတယ်။ ၂၀၀၃ ခုနှစ် မိုးတွင်းမှာ အဖေမလာတာ ရက်တော်တော် ကြာသွားတယ်။ ခါတိုင်းလိုပဲ အာဂန္တုဖျား တခုခုလို့ပဲ ထင်နေတာ။

ဦးပဉ္ဇင်းထံ မရောက်စေလိုတဲ့ သတင်းစကားကို သူတို့ လုံအောင် မပိတ်ဆို့နိုင်ခဲ့ဘူး။ အဖေဆုံးပြီး နောက်သုံးလ လောက် အကြာမှာ ဦးပဉ္ဇင်းထံ သတင်းစကားက ရောက်လာပြီ။

မကြာခင် ရောက်လာတဲ့ ထောင်ဝင်စာမှာ မသိသလိုနဲ့ ...
“အဖေနေကောင်းလား”
ဒီစကားကို မေးလိုက်တယ်။

သူတို့မျက်နှာကိုလည်း သေသေချာချာ သတိထား ကြည့်နေလိုက်တယ်။ အဲဒီအချိန် အတော်ဆုံး သရုပ်ဆောင်ရွေးရင် ဦးပဉ္ဇင်းအစ်မကြီး ရမှာသေချာတယ်။ မျက်နှာတချက် မပျက်ဘူး။ မလာခင်ကတည်းက တော်တော် ပြင်ဆင်ထားပုံရတယ်။

“အဖေ နေမကောင်းတာ သက်သာလာပါပြီ။ ဦးပဉ္ဇင်းကို ကျန်းမာရေး ဂရုစိုက်တဲ့ မှာလိုက်တယ်”

ဒီတော့ ဦးပဉ္ဇင်းလည်း မနေနိုင်တော့ဘူး။ သိထားတာတွေ ပြောပြလိုက်တယ်။

“အဖေဆုံးတာ ငါသိပြီးပါပြီ။ ငါက ကြုံတွေ့နိုင်တာတွေကို ကြိုတွေးထားပြီးသားပါ”

ကိုယ့်ကိုယ်ကိုယ် ခံနိုင်ရည်ရှိတဲ့ပုံနဲ့ ဦးပဉ္ဇင်းကပြောတော့ အမကြီး ရှိုက်ကြီးတငင် ငိုတယ်။ ပြီးတော့

“အစ်မကြီးတို့ မောင်လေးကို မပြောဖို့ တိုင်ပင်ထားကြတာ။ အပြင်ကလူထက် အထဲကလူက ပိုခံစားရမယ်လေ။ ဒါကြောင့် မပြောတာပါ”

သူကဆက်ပြီး အဖေဆုံးခါနီး အဖြစ်အပျက်တွေကို ပြောပြတယ်။

“အဖေဆုံးခါနီးတော့ သတိမရတချက် ရတချက် အချိန်မှာ အဖေတရားမှတ် တရားမှတ်လို့ သတိပေးတော့ သူသိကြောင်း အမူအယာပြတယ်။ အခုပြောနေတာ ဘယ်သူလဲ သိလားဆိုတော့၊ ငါသိပါတယ် ဦးပဉ္ဇင်းပါတဲ့”

အစ်မကြီးက ပြောရင်း ပိုရှိုက်သံ ထွက်လာတယ်။ ဦးပဉ္ဇင်းလည်း ကိုယ့်ကိုယ်ကိုယ် တော်တော် ပြင်ဆင်ထားပြီ မှတ်တာ၊ ရင်ထဲဆို့လာမှ မျက်လုံးတွေလည်း ဝေဝါးနေတာ သတိပြုမိတော့တယ်။ အဖေ နောက်ဆုံးအချိန်မှာ ဘယ်သူ့ကို တွေ့ချင်နေမှန်း သိသာတယ်။ အဖေရဲ့နောက်ဆုံးစိတ်ကူးထဲ အတွေးထဲမှာ အနီးနား ဘယ်သူရှိစေချင်မှန်း သူ့စကားတွေ ပြနေတယ်။ ဒီလိုသောကတွေကို မခံစားစေချင်လို့ အပြင်ကလူတွေက သတင်း စကားတွေကို လျှို့ဝှက်ထားကြတာကိုး။

ဦးပဉ္ဇင်း စိတ်မကောင်းဘူး။ ထောင်ကျနေသူ တဦးရဲ့ အပြင်ဘက်က ဆွေမျိုးသားချင်း တဦးဦးရဲ့ နာရေးဆို ပိုစိတ်ထိခိုက် ခံစားရတယ်။ မိသားစုဝင် တဦးဦးရဲ့ ထောင်ထဲကလူကို မသိစေချင်တာကိုလည်း ကိုယ်ချင်းစာတယ်။ သူတို့ နှုတ်ကို ပိတ်ထားစေတဲ့ အကြောင်းရင်းကလည်း ခိုင်ခိုင်လုံလုံ ရှိနေတာကိုး။

အရှင်ဇဝနသည် နိုင်ငံရေး အကျဉ်းသားဟောင်း ဖြစ်ပြီး သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော် များ အဖွဲ့၊ မဲဆောက်ရုံး ၏ တာဝန်ခံ လည်းဖြစ်ပါသည်။