ဘယာနက ဟင်းတခွက်

Saturday, 27 November 2010 16:51 အောက်မေ့ဖွယ်
Print
အစားကောင်း စားရရင် မိတ်တွေတွေကို သတိရ တတ်တယ်လို့ ပြောကြတယ်။ တကယ်က အစားကောင်း မစားရရင် မိတ်ဆွေတွေကို ပိုသတိရ တတ်ပါတယ် ဆိုတာကိုပါ ဆက်ပြောရမယ် ထင်တယ်။

ဘာဖြစ်လို့လဲဆိုတော့ ငရဲခန်းက ဒုက္ခဒိုင်ယာရီတွေကို ပြန်လှန်လှောလိုက်ရင် ငန်တူးနေတဲ့ “ပုံစံငပိ” ပါမယ်။ ရေတမျိုးတည်းနဲ့ ပြုတ်ထားတဲ့ ဟင်းနုနွယ် အရိုးစင်း တာလပေါဆိုတာ ပါမယ်။ စပါးလုံး နိုင်းချင်းနဲ့ ထမင်းမာဂလောက်လည်းပါမယ်။ ဒါပဲလားဆိုတော့ ကြံဖန်ပြီး ဟင်းချက်စားရတဲ့ “ဒုက္ခ” လည်း ပါမယ်။

ဟင်းချက်စားတာကိုများ “ဒုက္ခ” ဆိုတဲ့ စကားလုံးနဲ့ ဘာလို့များ တွဲသုံးတာလဲလို့မေးရင် ဟင်းတအိုးအတွက် ဒေါက်ခတ်တာနဲ့ စိန်ခေါ်၊ တိုက်ပိတ်တာနဲ့ ခြိမ်းခြောက်၊ ဂန်းပိုက်နဲ့ ရွယ်မိုးခံရမယ့်ဘေးကနေ စွန့်စွန့်စားစား လုပ်ရတဲ့ ကိစ္စမဟုတ်လား။ ဒါကြောင့် ဟင်းချက်ရတဲ့ ဒုက္ခလို့ ဒုက္ခနဲ့ ဟင်းချက်တာကို တွဲသုံးလိုက်ရတာပါ။ ဒီလိုဒုက္ခတွေနဲ့ ရင်းရတိုင်း အတူစားအတူသွား နေခဲ့ရတဲ့ ထောင်ပြင်ပက ရက်တွေကို ပြောမဆုံးဘူး။ သတိတရ ပြန်ပြောအဖြစ်ဆုံးထဲမှာ ပါမယ်ထင်တယ်။

ထောင်ဝင်စာ ပုံမှန်မလာတဲ့သူတွေကတော့ ထောင်ကပေးတဲ့ ပုံစံငပိရယ်၊ တာလပေါရယ်ကို စားဝင်အောင် ပြင်ရတာပေါ့။ ပြင်တယ်ဆိုလို့ အထွေအထူးတော့ မဟုတ်ပါဘူး။ ကြံဖန် ရှာလို့ရထားတဲ့ အချိုမှုန့်ကို သင့်ရုံခတ်လိုက်တာပါပဲ။ ဘာပဲဖြစ်ဖြစ် ဒုက္ခတွေကို ဟာသနဲ့ ဆေးချလိုက်တော့ သောကတွေ ရင်ထဲက ကွာကျကုန်ရတာပါပဲ။

ထောင်ဝင်စာ ပုံမှန်မလာနိုင်တဲ့ အခန်းတခန်းမှာ ဟာသပြောတတ်တဲ့သူ တယောက်များရှိရင် သူ့အခန်းထဲကနေ စားသောက်ချိန်ဆို ဒီစကားလေးတွေ ကြားကြရနိုင်တယ်။

“ဟို ငါးမန်းတောင် ဟင်းချို အလယ်ချ၊ ဆိတ်သားခပတ်နဲ့ ငါးသလောက်ပေါင်းက ချန်ထားလို့ မရတော့ဘူး။ ကုန်အောင်စားပစ်”

ဟင်းတခွက်ရဖို့ စီမံရတဲ့ အတားအဆီးတွေက များလှတယ်။ အပြင်လောကမှာတော့ ဟင်းတစ်ခွက်စီမံရတာကို အနုပညာမြောက်တဲ့ ကိစ္စလို့ပြောကြတယ်။ အလှအပ အပြင်အဆင်အထိ မရောက်ခင် ဟင်းတပွဲတည်း ပါဝင်ရမယ့် ရသမြောက် ဟင်းလျာထဲက အငန် အပေါ့၊ အချို အဆိမ့်၊ အချဉ် အစပ် ညီညွတ်မျှတမှုကို အနုပညာလို့ ပြောကြတာကိုး။

ကိုယ်ကလည်း အားကျမခံ ပြောလိုက်ချင်တယ်။ ထောင်ထဲက ဟင်းတခွက်မှာ ဘယာနက ရသ၊ ၀ီရ ရသတွေ ရောပြွမ်းထားတဲ့ စိတ်ခံစားမှုကနေ ပေါက်ဖွားလာတာမို့ ထောင်ထဲက ဟင်းတခွက်မှာလည်း အနုပညာတွေ ပါပါတယ်လို့ ပြောလိုက်ချင်တယ်။

ထောင်ထဲ စရောက်ခါစကတော့ ချက်ဟင်းပူပူနွေးနွေးလေးတွေကို တခါတခါစားရတတ်တယ်။ ကိုယ်ကလည်း ရောက်စဆိုတော့ ဘယ်လို ပြုလုပ်ဖန်တီးလာခဲ့ကြတယ်ဆိုတာ သဘောမပေါက်ဘူး၊ မသိဘူးလေ။ တကယ်က သူတို့တွေရဲ့ ကြိုးစားထားချက်မှာ ဟင်းတခွက်အတွက် သတ္တိတွေမွေးပြီး ချက်ခဲ့ရတယ်ဆိုတာ နောက်မှတဖြည်းဖြည်း သိလာရတယ်။ ဟင်းချက်နေတုန်းမိခဲ့ရင် ဒေါက်အခတ်ခံရနိုင်တယ်၊ တိုက်အပိတ် ခံရနိုင်တယ်။ အဆင်မသင့်ရင် အရိုက်ခံရနိုင်သေးတယ်။ပလစတစ်တထပ် အဝတ်စုတ်တထပ် ပတ်ထားတဲ့လောင်စာနဲ့ သူတို့ချက်ခဲ့ကြမှန်း နောက်မှသိရတယ်။ တယောက်ကချက်နေတုန်း နောက်တယောက်က ကင်းစောင့်ပေါ့။ များသောအားဖြင့်တော့ ထောင်ဝင်စာ ပုံမှန်မလာနိုင်သူတွေက ဒီလိုစွန့်စားခန်းကို နေ့စဉ်ပြုလုပ်ကြရတာ။

ဦးဇင်းတို့ ထောင်ထဲရောက်ခါစ ရက်တွေမှာ 10-D လို့ ခေါ်ကြတဲ့ ကျောင်းသားတွေကအများစု။ ဒီကျောင်းသားတွေက လူသစ်ဖြစ်တဲ့ဦးဇင်းတို့ကို ဂရုတစိုက် ကူညီကြတယ်။ ဦးဇင်းတို့က ချးစ်စနိုးနဲ့ အရှည်လေးလို့ခေါ်တဲ့ အောင်မျိုးကျော်ကို ဦးဇင်းတို့တဖွဲ့လုံးက ကျေးဇူးတင်ကြတယ်။ သူက နေ့စဉ်ဒိုင်ခံ ဟင်းတခွက် ဖန်တီးပေးတယ်။ သူ့အိမ်က အလျှံပယ် ပုံမှန်လာနေပေမယ့် ထောင်ဝင်စာ မလာသူတွေရယ်၊ လူသစ်တွေရယ်ကို ထောင်စကားနဲ့ပြောရရင် ဒေါက်နဲ့ရင်း၊ တိုက်နဲ့ရင်းပြီး သူချက်ကျွေးတယ်။

ဦးဇင်းတို့ သာယာဝတီထောင်ရောက်တော့ လူသစ်တွေကို အထူးတင်းကျပ်ထားတယ်။ ထောင်ပြောင်းခါစဆိုတော့ အိမ်တွေကလည်း မသိကြသေးဘူး။ စားရေး အခက်အခဲကို ပထမဦးဆုံး ကြိုးစားဖြေရှင်းကြည့်သူက ဒေါက်တာထွန်းသူ။ ဆရာက အင်းစိန်ထောင်မှာလည်း အနေကြာခဲ့သူဆိုတော့ လျှို့ဝှက်ဟင်းချက်နည်းတွေကို တတ်ထားပြီးသား။ ဒီတော့ နေ့လည်ထောင်ပိတ်ချိန်မှာ သူစွန့်စားမှုတခုကို ပြုလုပ်တယ်။ ပေးထားတဲ့ ထောင်ပုံစံ ဒန်ပန်းကန်ပြားက ဟင်းချက်ဖို့ ဒယ်အိုးပေါ့။

ထောင်တွေမှာ နေ့လည် ၁၂ နာရီထိုးကနေ ၂ နာရီအထိ ထောင်ပိတ်ထားတယ်။ ၀န်ထမ်းတွေက အပြင်ထွက်သွားတယ်။ အကျဉ်းသားတွေကို တိုက်ခန်းတွေထဲထည့်ပြီး သော့ပြန်ခတ်ထားတယ်။ အင်းစိန်ထောင်မှာ အမြဲဆင်းလို့ခေါ်ပြီး သာယာဝတီထောင်မှာတော့ ဘာယာလို့ခေါ်တဲ့ အကျဉ်းသားတွေသာ အခန်းထဲ ထည့်မပိတ်ဘဲ အပြင်မှာ ၁၂ -၂ နာရီအတွင်း နေခွင့်ရတယ်။ သူတို့က သန့်ရှင်းရေး လုပ်ရတယ်။ ၅ (ည) တွေအတွက် ဝေယျာဝစ္စ လုပ်ပေးရတယ်။ တကယ်က သူတို့ကို အဲဒီအလုပ်တွေအပြင် နိုင်ငံရေးအကျဉ်းသားတွေ လုပ်သမျှ သတင်းပို့ဖို့ သူတို့ကိုထားတာ။ တခြားထောင်တွေထက် သာယာဝတီထောင်က ချွန်တွန်းလုပ်သူ ပိုပေါတယ်။ ထောင်အခေါ် “အပ်” တွေတဲ့။ ငချွန်တွေပေါ့။ သူတို့ထဲက တယောက်က ကိုထွန်းသူ ဟင်းချက်တာကို ချက်ခြင်းသတင်းပို့တယ်။ တာဝန်ကျ ၀န်ထမ်းက ရုံးတင်မယ် ဘာညာပြောတော့ အားလုံးက ၀ိုင်းပြီး ရုံးမတင်ဖို့ ပြောကြတယ်။ ဒါနဲ့ သူ့ကို ရုံးမတင်ဖြစ်လိုက်ဘူး။

မီးဖိုဖို့ ကိစ္စက ငချွန်တွေကို မတွေ့အောင် လုပ်ဖို့မလွယ်ဘူး။ ဒီတော့ ချက်ဟင်း မစားရတော့ဘူး။ လူဆိုတာ လိုအပ်ချက်တွေကို ကြံဖန် ကျော်ဖြတ်တတ်ခဲ့ကြတာ မဟုတ်လား။ အခု နည်းလမ်းအသစ် တခုရတယ်။ အဲဒါကတော့ တိုက်ရှေ့မှာ ရှိနေတဲ့ ချဉ်ပေါင်ရွက်တွေကို ခူးတယ်။ ပလတ်စတစ်အိတ်ထဲ ချဉ်ပေါင်ရွက်တွေကိုထည့်၊ သံစည်ပိုင်းပြတ်ထဲ ထည့်ယူလာတဲ့ တာလပေါဟင်းရည်ပူထဲကို ခုနချဉ်ပေါင်ရွက်အိတ် ထည့်လိုက်တော့ ချဉ်ပေါင်ရွက်တွေအကုန်လုံး ပြုတ်လိုက်သလို ဖြစ်သွားတယ်။ အဲဒီ ချဉ်ပေါင်ရွက်တွေကို ဇွန်းနဲ့ချေတယ်။ လိုအပ်တဲ့ ငပိထည့်တယ်။ အချိုမှုန့်ခပ်တယ်။ ငါးခြောက်ကြော်၊ ငပိကြော်လေးကို ချဉ်ပေါင်ရွက်မွှေထဲ လိုသလောက် ထည့်လိုက်ပြီး တာလပေါဟင်းရည်နဲ့ ရောလိုက်တော့ စားကောင်းတဲ့ ချဉ်ပေါင်ရွက် ချဉ်ဟင်းတခွက်ရသွားတယ်။

ဒီလိုနဲ့ ပြုတ်စားခဲ့ရတဲ့ရက်တွေ မနည်းဘူး။ အဆာကောင်းကောင်းနဲ့ ရောလိုက်တော့လည်း စားဖြစ်တဲ့ ဟင်းတခွက်တော့ ဖြစ်သွားတာပဲ။ ၀န်ထမ်းတွေ၊ ဘာယာတွေဆိုတာကလည်း စားရေး၊ သောက်ရေး ပြည့်စုံကြတာမဟုတ်ဘူး။ ထောင်ပိုင်၊ထောင်မှူးတွေက ခိုင်းလို့သာ အစပထမက တင်းကျပ်ထားပေမယ့် နောက်ပိုင်းမှာ ရှိတဲ့ဟင်းတွေ ကျွေးမွေး၊ ပါလာတဲ့ မုန့်တွေ ဝေငှရင်း ရင်းနှီးသွားကြတယ်။ ဟမ်းကောချိုင့်ထဲ ဟင်းချက်စရာအစုံထည့် ဖိုကြီးက ပြာပူထဲ နှစ်နာရီ၊ သုံးနာရီ သွားမြှုပ်ထားရင် ဟင်းတခွက်တော့ ဖြစ်လာတယ်။ ဒါတွေက ဘာယာတွေကို စည်းရုံးပြီး လုပ်ခိုင်းရတာပေါ့။

ပါလာတဲ့ ပစ္စည်းတွေကို ဟင်းချက်စရာပစ္စည်းဖြစ်အောင် ကြံဖန်ကြရတယ်။ သကြားတို့၊ ထန်းလျက်တို့ဆိုရင် အချိုမှုန့်အစား သုံးဖို့ စီစဉ်ရတယ်။ မာရီဘီစကွတ်တို့၊ ရွှေကျီးမုန့်ကြွပ်တို့လို ဟာမျိုးကိုတောင် ဟင်းချက်စရာထဲ ထည့်လို့ရတဲ့အထိ လုပ်ဖြစ်လာတယ်။ အန္တရာယ်ပေးမယ့် အနီးကပ်ကလူတွေကို စည်းရုံးလိုက်နိုင်တော့ ကိုယ့်အခန်းထဲမှာကိုယ် ချက်လို့ရတဲ့အထိ ဖြစ်လာတယ်။ တရားဝင်တော့ မဟုတ်ဘူးပေါ့။ အရာရှိတဦးဦးတွေ့ရင် ပြစ်ဒဏ်ကျခံရနိုင်တယ်။ အပြင်က မုန့်ဟင်းခါးခြောက်တွေကို သွင်းတယ်။ ဟင်းကိုတော့ ပါလာတဲ့ ငါးကြော် (ဒါမှမဟုတ်) ငပိကြော် တမျိုးမျိုးနဲ့ မုန့်ဟင်းခါးဟင်းဖြစ်အောင် ဖန်တီးတယ်။

ထောင်ဝင်းထဲမှာ စပါးလင်တွေက ပေါများတယ်။ စပါးလင်ကို ပါးပါးလှီး၊ ထောင်း၊ ငါးကြော်ကို ထောင်းပြီးတော့ မာရီဘီစကွတ် ဒါမှမဟုတ် ရွှေကျီးမုန့်ကြွပ် တခုခုကို အမှုန့်ဖြစ်အောင်လုပ်ထားတာကို ရေနဲ့ဖျော်ပြီး ရောကျိုလိုက်တော့ မုန့်ဟင်းခါးဟင်းက ရွှေကြည်နံ့လေးကိုမွှေးလို့။ ဟင်းချခါနီး ထန်းလျက်ခဲလေး တခဲနှစ်ခဲလောက်များ ထည့်လိုက်ရင် ဖျာပုံတင်တင်အေးတို့၊ ခင်ထွေးရီတို့တောင် အရှုံးပေးသွားရမယ့် ဟင်းတခွက်ရတယ်။

ထောင်ထဲမှာ ခိုးပြီးချက်စားရပေမယ့် အကောင်းဆုံးဖြစ်အောင် ကြံဖန်ပြီး ဖန်တီးကြတယ်။ တောင်ယာတွေ ကိုယ့်ဖာသာကိုယ် စိုက်ခွင့်ရတော့ သီးနှံမျိုးစုံကို စိုက်ကြတယ်။ အလျှံပယ်ကို စားရတယ်။ ကိုက်လန်တို့၊ နိုကိုဥတို့ဆိုတာ အပြင်လောကမှာ ရှားပါးပစ္စည်းဖြစ်ပေမယ့် ထောင်ထဲမှာတော့ ပေါများတယ်။ တနေ့တာ ပုံစံထဲက ပိုနေတဲ့ ပန်းဂေါ်ဖီလိုဟာမျိုးကို ရှမ်းချဉ်လို ထည့်တယ်။ အမှုန့်ဖြစ်အောင် ထောင်းထားတဲ့ ထန်းလျက်နဲ့ သမအောင်မွှေပြီး ကော်ဘူးထဲမှာထည့် နေလှန်းထားလိုက်ရင် သုံးရက်လေးရက်လောက်ဆို စားကောင်းတဲ့ ရှမ်းချဉ်ကိုရတယ်။ ဒါကို အစိမ်းမစားချင်ရင် ကြော်ပြီးတော့ ဖြစ်ဖြစ်၊ ဟင်းချိုဖြစ်ဖြစ်လုပ်ရင် အပြင်ဟော်တယ်တွေမှာ ဈေးကြီးပေးစားရတဲ့ ကြံမဆိုင်ဟင်းချို၊ ကြံမဆိုင်ကြော် စားရတယ်။ မစားနိုင်တော့တဲ့ ချဉ်ဖတ်တွေကို အခြောက်လှမ်းထားလိုက်လျှင် စွန်တန်ခြောက်ကို ရတယ်။ ဒီစွန်တန်ခြောက်တွေကို သေချာ သိမ်းထားပြီး လိုအပ်တဲ့အခါ ရေနွေးနဲ့ ရောကျိုပြီး စွန်တန်ဟင်းချိုတခွက်ကို ရပြန်တယ်။

အချိန်ကာလနဲ့ အခြေအနေတွေက အခက်အခဲတွေကြားက ကျော်ဖြတ်နည်းတွေကို သင်ပေးခဲ့တယ်။ အခက်အခဲဆိုတာ ဘယ်လောက်ရှိနေပါစေ၊ ကျော်ဖြတ်ရမယ့် နည်းလမ်းတွေကတော့ တခုမဟုတ်တခု ရှိပြီးသားပါ။ ထောင်လို အန္တရာယ်တွေနဲ့ လက်တလုံးလောက်နီးတဲ့ နေရာမှာတောင် ဖြတ်ကျော်နည်းတွေကို ရှာကြံလို့ရရင် အပြင်လောကက အခက်အခဲဆိုတာကို ဖြတ်ကျော်နည်းတွေက အမြောက်အမြားရှိမှာပါ။ အပြင်လောကက လောကဓံနဲ့ အခက်အခဲတခုခု ကြုံတိုင်း ထောင်ထဲက အန္တရာယ်တွေနဲ့ ကြောက်ကြောက်လန့်လန့်ကြားထဲက မဖြစ်ဖြစ်အောင် ချက်စားခဲ့ရတဲ့ ဟင်းတခွက်ကို သတိရနေတုန်းပဲ။

အရှင်ဇဝနသည် နိုင်ငံရေး အကျဉ်းသားဟောင်း ဖြစ်ပြီး သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့၊ မဲဆောက်ရုံး၏ တာဝန်ခံလည်း ဖြစ်ပါသည်။