ရွာရနံ့ သင်းပျံ့နေဆဲ ကျိုက်ခေါက် ဘုရားပွဲတော်

နွားလှည်းလေးနှင့် မိသားစု ...၊ အဝေးက နောက်ခံ စေတီကြီး ကို တွေ့လိုက်ရတော့ ငယ်ငယ်က ကျိုက်ခေါက် ဘုရားပွဲတော် မြင်ကွင်းကို မျက်စိထဲမှာ မြင်ယောင်လာသည်။ ရန်ကုန်မြို့ကြီးနှင့် ကီလိုမီတာ ၅၀ လောက်သာ ကွာဝေးသည့် သန်လျင် ကျိုက်ခေါက် ဘုရားပွဲတော်ကို အခုအချိန်အထိ နွားလှည်းလေးနှင့် သွားကြသူများ ရှိနေဆဲ ဆိုသည့် သဘောဖြစ်၏။

22_pagoda2ရန်ကုန်နှင့် အနီးပတ်ဝန်းကျင်တဝိုက်တွင် ရွာဘုရားပွဲနှင့် အတူဆုံးဆို၍ ကျိုက်ခေါက်ဘုရားပွဲတော်သာ ရှိတော့မည်ထင်သည်။ တပို့တွဲလပြည့် မတိုင်မီ ၃ ရက်ခန့်က ကျင်းပသည့် ကျိုက်ခေါက်ပွဲတော်က ကျမတို့ ကလေးဘဝတုန်းကလည်း ကလေး မို့လို့၊ လူငယ်အရွယ် ကျပြန်တော့လည်း လူငယ်အရွယ်မို့ နောက်တော့ လူကြီးအရွယ်ထဲ ချဉ်းနင်းဝင်ရောက် လာသည်အထိ နှစ်စဉ် မသွားဖြစ်သည့် နှစ်ဟူ၍ မရှိခဲ့ပါ။

ကလေးတုန်းကတော့ အဖေ့လက်ကိုဆွဲ၍ ပွဲဈေးခင်းထဲ ပတ်ရသည်။ ပွဲဈေးခင်းမှာ ရောင်းသည့် အိုးပုတ်၊ ချိုးရုပ်ကလေးများကို ကလေး ဘာသာဘာဝ ပူဆာသည်။ ဒန်အိုး သေးသေးလေးများကို ကြီးစဉ်ငယ်လိုက် ထပ်စီထားသည်။ ဒန် ရေနွေးကရားအိုး သေးသေးလေးက ကျမကို ထိုနေရာမှ မခွာနိုင်အောင် ပြုစားထားသည်။ ကျမ အစ်ကိုကတော့ အဖေ့လက်ကို အတင်းဆွဲကာ သစ်သားကိုခုတ်၍ ပြုလုပ်ထားသော သေနတ်ဆိုင်သို့ ခြေလှမ်းပြင်သည်။

ကျမ မှတ်မိနေသည့် ကလေးဘဝ မြင်ကွင်းများကတော့ နွားလှည်းဝိုင်းကြီးများပဲ ဖြစ်သည်။ ရွာနီးချုပ်စပ်က လာသည့် နွားလှည်းများဖြင့် ကွင်းပြင်တပြင်လုံး ပြည့်နေသည်။ အိုးခွက်ပန်းကန်များပါ တင်၍ နွားလှည်းဖြင့် ဘုရားပွဲဈေးလာသူ များကို ကျမ အံ့သြရသည်။ သူတို့အတွက် နေစရာ ယာယီတဲကလေးများက ဘုရားခြေရင်း အုတ်နံရံ ဘေးပတ်လည်မှာ အစီအရီ။

ထိုအချိန်က ကျမတို့ကတော့ တောကားကြီးများဟု ခေါ်သည့် တယောက် ငါးမူးပေးရသော လော်လီ ကားကြီးများဖြင့် ပွဲဈေးကို လာကြသည်။ ကားအမိုး ကျူထရံကွက်ကြားမှ လရောင်က ကျမတို့ မျက်နှာများပေါ် ပက်ဖြန်းသည်။ 

“ဘုရားကို … ဘုရားကို” ဆိုသည့် ကားစီးရန် ခေါ်သည့် အသံများကို ယခုထိ ကျမ ကြားယောင်ဆဲ။

ပွဲဈေးခင်းအတွင်း လှည်းဝိုင်းကြီး တည်ရှိရာ ကွင်းဆုံးတွင်တော့ ရုပ်သေးစင်ကလေးရှိသည်။ အဖေပြောပြတာကတော့ ပွဲမကြည့်နိုင်သူ၊ နွားလှည်းများ စောင့်နေရသူတို့အတွက် ဂေါပကအဖွဲ့က နှစ်စဉ် ထည့်ပေးထားသည့် ဗလာရုပ်သေးစင် ...ဟူ၏။

ကျမ မှတ်မိသလောက် ၂၀၀၇ ခုနှစ် ကျမ ထိုင်းနိုင်ငံသို့ ထွက်မလာခင်အထိ ထို ရုပ်သေးစင်ကလေး ရှိသေးသည်။ သို့သော် … နေရာကတော့ အရင်လို ကွင်းပြင်ကျယ်ကြီးမှာ မဟုတ်တော့၊ ဘုရားတောင်ဘက်မုခ် ဘေးက မျက်လှည့်ရုံကလေးနှင့် သနပ်ခါး ဆိုင်များကြားမှာ သေးသေးကွေးကွေး ဖြစ်သွားသည်။ နွားလှည်းဝိုင်းကြီးကလည်း တနှစ်ထက် တနှစ် သေးငယ် လာသည်။ နွားလှည်းများနေရာမှာ ထော်လာဂျီနှင့် ဆိုင်ကယ်တို့ နေရာယူကုန်ပြီ။

ဆိုင်ကယ်သံ တတီတီက ဘုရားပွဲဈေးအနှံ့ ဖုံးလွှမ်းနေသည်ဟု ယခုနှစ်ပွဲဈေး သွားခဲ့သူတဦးက ပြောသည်။ သို့သော်လည်း ရုပ်သေးစင်ကလေးနှင့် နွားလှည်းဝိုင်းအနည်းငယ်ကတော့ ရှိနေဆဲဖြစ်သည်ဟု သိရသည်။

ကျိုက်ခေါက်ဘုရားပွဲ အချိန်ဆိုလျှင် စပါးနှင့် ပဲပေါ်သည့်အချိန်ဖြစ်သည်။ စပါးနှင့်ပဲ စိုက် တောင်သူတို့ အလုပ်ဖြစ်၊ ငွေစကြေးစ ရွှင်ချိန်။ နွားလှည်းနေရာတွင် ထော်လာဂျီ ပြောင်းချင်သာ ပြောင်းသွားမည်၊ ရွာနီးချုပ်စပ်က အလှူဒါန ပြုလိုသူတို့အတွက် ကျိုက်ခေါက်ဘုရားပွဲက တနှစ်ထက်တနှစ် စည်မြဲ။ မနှစ်ကဆို လပြည့်ညတွင် ညောင်သုံးပင်ဟုခေါ်သည့် ခရစ်ယာန် သင်္ချိုင်းနေရာနားက ဘုရားအထိ လမ်းလျှောက်ကြရသည်ဟု ဆိုသည်။ ကားသွား၍ မရအောင် လမ်းပိတ်သည်ဟု သိရသည်။ ထိုနေရာကနေ ဘုရားအထိ ၃ မိုင်လောက်တော့ အနည်းကလေး ဝေးသည်။

အရင်ကတော့ ကျိုက်ခေါက်ဘုရားပွဲဟေ့ ဆိုလျှင် ကျမတို့ သန်လျင်မြို့ပေါ်က လူများနှင့် ရွာနီးချုပ်စပ်၊ သုံးခွ၊ ကျောက်တန်း၊ ခရမ်း သွားသည့် လမ်းပေါ်ရှိ ရွာများအတွက် ကိုယ်ပိုင် ဘုရားပွဲလို ဖြစ်နေသည်။ ရန်ကုန် သန်လျင်က သင်္ဘောနှင့် ကူးရသည်ကိုး။ အခုတော့ တံတားပေါ်က အချိန်မရွေး ဖြတ်သွားရုံ။ ထို့ကြောင့် ကျိုက်ခေါက် ဘုရားပွဲက ရန်ကုန်သား များအတွက်ပါ ဖြစ်လာသည်။

ကျမတို့ အထက်တန်း ကျောင်းသူဘဝက ကျိုက်ခေါက်ဘုရားပွဲအချိန်ဆိုလျှင် ဘယ်လောက်ပဲ စာမေးပွဲနှင့် နီးနီး တခန်းလုံး ကျောင်းပြေးပြီး နေ့ခင်းကတည်းက သွားနေကြသည်။ တခန်းလုံးပျောက်သွားတော့ ဆရာ၊ ဆရာမများလည်း နည်းနည်းပါးပါး ဆူရုံကလွဲလို့ မပြောသာ။ တခါတလေ ဆရာ၊ ဆရာမများနှင့်အတူ ရွှေသင်္ကန်း သွားကပ်လှူကြသည်။ သူငယ်ချင်းများ တပျော် တပါး တောလမ်း (တကယ်တော့ တောလမ်းမဟုတ်ပါ ဖုန်းဆိုးမြေဟု ပြောနိုင်သည်။ ယခု အောင်ချမ်းသာ မြို့သစ်ဖြစ်ပြီး စည်ကားနေသည့် နေရာ) က ဆီးသီးပင်တွေမှာ ခူးစားပြီး ကျိုက်ခေါက်ဘုရားပွဲကို လမ်းလျှောက်သွားကြသည်။ ကျောင်းသူ ကျောင်းသားများ ဆိုတော့ ပိုက်ဆံက မပေါလှ။ ငါးမူး လည်း ငါးမူး … ကားမစီးဘဲ မုန့်ဝယ်စားကြသည်။ ထိုစဉ်တုန်းကတော့ ၇ မိုင်၊ ၈ မိုင်လောက် ခရီးကို ဝေးသည်မထင်။

ဘုရားပွဲဈေးက အခုလောက် မစည်သော်လည်း ကျမတို့အမြင် တော်တော်တော့ စည်သည်။ မျက်လှည့်ပွဲများ၊ မိုးကြိုးငှက်ငယ် ကလေးများ ပဒေသာကပွဲ၊ ကမ္ဘာ့အထူးဆန်းဆုံး လူသား၊ ခေါင်း ၃ လုံးနှင့် ခြေနှစ်ချောင်းပါသည့် သတ္တဝါ စသည်ဖြင့် ပွဲရုံကလေးများကို ပြင်ပမှ ငေးကြသည်။ မိုးဝင်း၊ တင်မိုးဝင်း၊ ပုလင်းစိန်၊ ဖန်ခွက်စိန်၊ အမြည်းစိန် စသည့် ဇာတ်ရုံကြီးများထဲသို့ ဝင်ကြည့်ကြသည်။ ကတ္တီပါ ကားလိပ်ကြီးများ၊ ဆိုင်းဝိုင်းကြီးများက ခန်းနားစွာ ငြိမ်သက်နေကြသည်။ နေ့ခင်းဘက်ဆိုတော့ ဇာတ်သမားများ အိပ်နေကြ၍ ဖြစ်မည်။ ကျမသူငယ်ချင်း တယောက်လောက်က “အနောက်ကို ဝင်ကြည့်ကြရအောင်” ဟု စလိုက်လျှင်လည်း မရဲတရဲ တန်းစီပြီး ဇာတ်စင်နောက် မြင်ကွင်းကို လျှောက်ကြည့်ကြသည်။

မှတ်မှတ်ရရ တင်မိုးဝင်း ဇာတ်နောက်ဖေးကို ကျမတို့ သူငယ်ချင်းတသိုက် ဝင်ကြည့်ဖူးသည်။ နေ့လယ်ခင်း ဇာတ်သမားများ အိပ်ရာထခါစ … အများစုက အိပ်မှုံစုံမွှား။ ညဘက် မီးရောင်အောက်မှာ လှနေကြမည့် မင်းသမီးများက မိတ်ကပ် တဝက်တပျက်ဖြင့် အတော်လေး ရုပ်ဆိုးကြသည်။ ထိုစဉ်က လူရွှင်တော် ဦးမိုးဒီနှင့် ဦးမော့စ်တို့အတွဲက တင်မိုးဝင်း ဇာတ်ထဲမှာ ကနေကြစဉ်ဖြစ်သည်။ သူတို့နှစ်ယောက်ကို ဇာတ်နောက်က ကုတင်ပေါ်မှာထိုင်လျှက်သား တွေ့ရသည်။ ကျန်တာတော့ဘာမှ သိပ်မသိခဲ့။ မရဲတရဲ ဝင်ကြည့်ကြခြင်းသာ။

ကလေးဘဝကတည်းက ယခုအချိန်အထိ ကျမအလွန်လည်း သဘောကျပြီး စိတ်ထဲစွဲနေတာကတော့ ရွှေသင်္ကန်းကပ် လှူသည့် ဘုရားပေါ်က ဗျောသံဖြစ်သည်။ အနီးစပ်ဆုံးဆိုရလျှင် “တုတ်တုတ်တုတ် … တုတ်တုတ် ဗြုန်း” ဟု အသံထွက်မည် ထင်သည်။ ထိုအတိုင်း စည်းချက်မှန်မှန် တီးနေချိန် ပန်းရထားလေးက ငြမ်းဆင်ထားရာ နေရာသို့ တက်သွားသည်။ ထိုသို့ တက်နိုင်ဖို့ အောက်က ဘုရားဖူးများက ကြိုးများ ဝိုင်းဆွဲပေးကြရသည်။ ကလေးတုန်းကတော့ ကြိုးဆွဲတာနှင့် ပန်းရထား တက်သွားတာကို ကျမနားမလည်။ နည်းနည်း အရွယ်ရောက်လာမှ စက်သီးနှင့် ချိတ်ဆက်ထားမှန်း သိသည်။ ပန်းရထားပေါ်က ရွှေဆိုင်းကို အပေါ်က လူတယောက်က ဆီးယူပြီး ပန်းရထားပြန်ဆင်းလာချိန် တီးသည့် ဆိုင်းက တမျိုး၊ မောင်းသံလေးများ ပိုများသည် “တုံတုံတုန်းတုံ တုံတုန်းတုန်းတုန်း တုံတုန်းတုန်းတုန် … ဗြုန်း ဗြုန်း” ဆိုသည့် မြိုင်မြိုင်ဆိုင်ဆိုင် အတီးသံနှင့်အတူ ပန်းရထားလေး ဆင်းလာတာကို ကြည့်ရတာ ကျမ အရမ်းသဘောကျသည်။

22_pagoda1အဲဒီမှာ ထူးခြားတာက ပန်းရထားတက်ရန်၊ ဆင်းရန် မီးပေးသည့် ဗျောအဖွဲ့အဖြစ်သည်။ ဆိုင်းဝိုင်းအပြည့်မဟုတ်။ ဗုံတိုများပါသည်၊ မောင်းဆိုင်းပါသည်၊ ပတ်မပါသည် … လင်းကွင်းပါသည်။ ကျန်တာတော့ ကျမလည်း သေချာမသိ။ ထို ဝိုင်းကို တီးသည့်အဘနှင့် ကျမ စကားပြောဖူးသည်။ ပြည်တွင်း ဂျာနယ်တစောင်တွင် သတင်းသမားလုပ်နေစဉ်က ဖြစ်သည်။ သူတို့အဖွဲ့က မိသားစုလိုက် ဆိုင်းလာတီးကြခြင်းဖြစ်သည်။ ကျမစကားပြောသည့် အဘ၏ အဆိုအရ သူ့ အဘိုးလက်ထက် ကတည်းက ဘုရားမှာ နှစ်စဉ် ရွှေဆိုင်းလှူရန်အတွက် ဆိုင်းကူသည်ဟု သိရသည်။ သူတို့က အခမဲ့ လာတီးပေးခြင်းဖြစ်သည်။ ၂၀၀၆ လောက်တုန်းကတော့ အဘ နားနေချိန် အသက် ၁၀ နှစ်၊ ၁၂ နှစ်အရွယ် ကလေးမလေးများ ဝင်တီးကြသည်ကို တွေ့ရသည်။ မေးကြည့်တော့ သူတို့က ဆိုကရေးတီး ပြိုင်ပွဲတွင် နိုင်ငံအဆင့် အတီး ရွှေတံဆိပ်ဆု ရဖူးသူများ ဖြစ်နေ ကြသည်။ ဆွေစဉ်မျိုးဆက် ဆိုင်းဖြင့် ဘုရားကို လှူကြသူများ ဖြစ်သည်။

ဘုရားပွဲချိန်ဆိုလျှင် ကျိုက်ခေါက်ဘုရားလမ်းကို ဟိုဘက်သည်ဘက် ပိတ်ပြီး ကျင်းပကြသည်။ ကျောက်တန်း၊ သုံးခွ လိုင်း ကားများက ဖန်ချက်စက်ရုံ၊ သီလဝါ ဆိပ်ကမ်းဘက်သွားသည့် လမ်းခွဲဘက်မှပတ်၍ ဘုရားတောင်ဘက်မုခ်ကို ကွေ့ကာ သွားကြ ရသည်။ ဟိုးအရင်ကဖြစ်သည်။ သို့သော် ၂၀၀၀ ပြည့်နှစ် ဝန်းကျင်မှာတော့ ရန်ကုန် - သန်လျင် ကားများကလည်း အတော်ကလေး များလာပြီ၊ သန်လျင်မှာလည်း အရှေ့ပိုင်းတက္ကသိုလ်၊ ဂျီတီစီ စသည်ဖြင့် တက္ကသိုလ်များက များလာပြီ၊ ထိုအခါ ဘုရားရှေ့လမ်းကို ပိတ်ပြီး ဆိုင်ခန်းများ ခင်းလို့ မရတော့။ လမ်းအနောက်ဘက် တော်တော်လေးဆုတ်ပြီး ဆိုင်များ ခင်းကြရသည်။ ကားများလည်း ဥဒဟို ဖြတ်သွားကြသည်။ လူက ကြိတ်ကြိတ်တိုး ကားတွေပါ လမ်းလယ်က ဖြတ်ဆိုတော့ တောဘုရားပွဲ မြင်ကွင်းနှင့်တော့ သိပ်မတူတော့။ သို့သော် ရန်ကုန်က ဘုရားပွဲတွေထက်တော့ ရွာဘုရားပွဲနှင့် တူနေဆဲ့။

ကျမတို့ ငယ်ငယ်က ရွာနီးချုပ်စပ် ပဲပေါ်၊ စပါးပေါ်ပြီး ငွေရွှင်သူတွေအတွက် ကျိုက်ခေါက်ဘုရားပွဲက အလှူဒါနလည်း ပြုရင်း ဈေးဝယ်ထွက်ရာ ရှော့ပင်စင်တာကြီးလည်း ဖြစ်သည်။ သနပ်ခါးဆိုင်တွေ ဒုနဲ့ဒေးဆိုတော့ သနပ်ခါးတွေ တနှစ်စာ ဝယ်ကြသည်။ ကျမအမေဆို ဘုရားပွဲက နှစ်စဉ် သင်ဖျူးဖျာဝယ်သည်။ ဘာကြောင့် ဘုရားပွဲကပဲ ဝယ်သလဲ ကျမ မသိ။ ဘုရားပွဲမှာပဲ ဖျာဆိုင်၊ သနပ်ခါးဆိုင် ရှိသောကြောင့်ဟု ထင်မိသည်။ နောက်တော့မှ မဟုတ်၊ ပင်ရင်းဆိုင်တွေက လာရောင်း သဖြင့် ဈေးသက်သာသည်ဟု သိရသည်။

ရွာဘက်က မိန်းကလေးငယ်များ၊ လူငယ်များကလည်း ဈေးဝယ်ထွက်၊ ဆံပင်ကောက်၊ ညှပ်၊ အလှပြင်တာတွေ လုပ်ကြတာ တွေ့ရသည်။

၁၉၈၅၊ ၈၆ ဝန်းကျင်က ပန့်ခ်ကေဆိုတာ ခေတ်စားသည်။ အခု ပန့်ခ်ပုံစံနှင့် သိပ်မတိမ်းမယိမ်းပင်။ မိန်းကလေးတွေကတော့ ကောက်တာတွေကော၊ ညှပ်တာ တွေကော စုံလို့။ ကင်ဇို ရှပ်အင်္ကျီကြီးများ တဖားဖားနှင့် လူငယ်များကို တပုံစံတည်းလိုလို တွေ့ရသည်။ ထိုစဉ်က ကျမတို့ လူငယ်တွေသိတာ ကျော်သူ၊ စိုးသူ။ ကျော်သူစတိုင်၊ စိုးသူစတိုင် ပုံစံများ ဖမ်းကြသည်။ မိန်းကလေး များကတော့ မို့မို့မြင့်အောင်တို့ ဟေမာနေဝင်းတို့ ဇင်မာဦးတို့စတိုင်တွေ ဖမ်းကြသည်။ ထမီကို တိုတိုဝတ်၊ ကင်ဇိုအင်္ကျီ ဖားဖားကြီးများ ဝတ်ကြသည်။ အခုလို အင်တာနက်ခေတ်မဟုတ်တော့ အွန်စောတို့၊ ဂျွန်စောတို့လည်း မသိ။ ဟောလိဝုဒ် မင်းသား မင်းသမီးများကိုလည်း မသိ။ အလွန်ဆုံးသိတာ ရုပ်မြင်သံကြား ကျေးဇူးကြောင့် ဂျပန်မင်းသား ဟင်နရီ ဆနားဒါးလောက်သာ။

မိုးကြိုးငှက်ငယ်ကလေးများအဖွဲ့က လိင်တူချစ်သူများလည်း ထိုဒီဇိုင်းများ အတိုင်း တွေ့ရသည်။ ၂၀၀၀ ပြည့်နှစ် လောက်ကတော့ မိုးကြိုးငှက်ငယ်ကလေးများကို ကျမ ဝင်ကြည့်ဖြစ်သည်။ ခေါင်းဆောင် မင်းသမီးဟု ခေါ်ရမလား မဆိုနိုင်သည့် စောနန္ဒာက ခပ်ဝဝ၊ အသက်လည်း နည်းနည်း ရပြီဆိုတော့ ချိုပြုံးစတိုင် … “မချိုသီချင်းဆိုမယ် … လူကြီးမင်းများ လက်ခုပ်တီးကြပါ” စသည့် သီချင်းကို ချိုပြုံးနှင့် တပုံစံတည်း တူအောင် ကသည်။ နောက်တယောက် ကျမ မှတ်မိနေတာက မျက်လုံးတောက်တောက်နှင့် တော်တော်လှသည်။ သူက “ကြည်လဲ့လဲ့ဦး” ဟု ဆိုသည်။ နောက် တယောက်ကတော့ ထက်ထက်မိုးဦး။ မိုးကြိုးငှက်ငယ်ကလေးများ ပဒေသာ ကပွဲက လူအဝင်ဆုံး ဟု သိရသည်။ စောနန္ဒာနှင့် အဖွဲ့က နှစ်စဉ် ကျိုက်ခေါက်ဘုရားကို တော်တော်များများလှူသည်။

အခုတော့ ရွာကလူငယ်တွေလည်း နေတိုး၊ ပြေတီဦး၊ ဟိန်းဝေယံ အပြင် ဂျက်စတင်ဘိုင်ဘာလောက်ကို သိနေကြပြီ။ မိုးဟေကို၊ သက်မွန်မြင့်၊ မိုးယုစံ၊ ဝိုင်းစုခိုင်သိန်းတို့အပြင် အွန်စောအပါအဝင် ကိုရီးယား စတိုင်တွေကိုလည်း ကောင်းကောင်း ကျက်မိနေကြပြီ။

ဒီနှစ်မှာတော့ ဖိုးချစ်နှင့်၊ မိုးမင်း ဇာတ်ပွဲများဟု ဆိုသည်။ ၂၀၀၄၊ ၂၀၀၅ နောက်ပိုင်းတွင် ဇာတ်များ၌ ရုပ်ရှင်မင်းသား၊ မင်းသမီးများ၊ အဆိုတော်များပါ လိုက်ပါလာသည်ကို တွေ့ရသည်။ ဇာတ်ပွဲများကလည်း “ဒီည ဘယ် အဆိုတော်၊ ဘယ် မင်းသား၊ မင်းသမီး” ဆိုတာနှင့် လူခေါ်ကြသည်။ ကျမတို့ သန်လျင်မြို့ထဲတွင် ဂျစ်ကားဖြင့် ပွဲကြော်ငြာတွေ လှည့်မြဲ။ အခုထိလည်း ထိုသို့ လှည့်နေဆဲဟု သိရသည်။

ကျိုက်ခေါက်ဘုရားပွဲက တနှစ်ထက် တနှစ် စည်ကားမြဲ၊ စည်ကားနေဆဲ။ ပွဲခင်းကြီးကလည်း မလျှောက်နိုင်လောက်အောင် ကျယ်ပြောလာသည်။ ခေတ်မီ၊ ခေတ်ပေါ် အဆင်အပြင်များနှင့် ရန်ကုန်က နောက်ဆုံးပေါ်ကားကြီးများနှင့် လာသူများ ရှိသလို၊ နွားလှည်းလေးများနှင့် ဘုရားဖူးလာသူများလည်း ရှိနေသေးသည်။ ဘောင်းဘီဖင်ကျပ်၊ စကပ်တိုတို၊ လယ်ဟိုက်များ၊ အီမိုစတိုင် လူငယ်များနှင့် ရိုးရာမပျက် ယဉ်ကျေးသိမ်မွေ့သည့် လှပျိုဖြူများ၊ ပုဆိုး၊ တိုက်ပုံနှင့် လူငယ်များတို့ ရောထွေးနေသည်။ ရိုးရာနှင့် ခေတ်မီပုံစံတို့ အုံနှင့်ကျင်းနှင့် တိုးဝှေ့ ရောယှက်နေသည့်အလယ်တွင်တော့ ကျိုက်ခေါက် စေတီတော်ကြီးက ရွှေရောင်ဝင်းလျှက် ထီးတည်း တည်ရှိနေသည်။

ဘုရားခြေရင်းတွင် နတ်သျှင်နောင် ဂူ ရှိသည်။ ဝန်ကြီးပဒေသရာဇာ အုတ်ဂူလေးကတော့ ပွဲဈေးဆိုင်တန်းများ ကြားတွင် ပျောက်ကွယ်နေလိမ့်မည်။ ဘုရားခြေရင်း ကုန်းမြင့်တနေရာက လုံခြုံရေးတဲများ၊ ဂေါပကတဲများ အနားတွင် ယာယီ အချုပ်ခန်း တခုရှိသည်။ ဘုရားတွင် ပြစ်မှု တစုံတရာ ကျူးလွန်သူတို့ကို ခေတ္တထည့်ထားလေ့ရှိသည့်နေရာ။ ဒါက နှစ်စဉ် မပြောင်းမလဲ မြင်ရသည့် မြင်ကွင်းဖြစ်သည်။ တွင်းရေအေးအေးကို သဲအိုးများတွင် ထည့်ကာ သောက်ရေကုသိုလ်ပြုသည့် တဲတန်းလည်း ရှိသည်။ သောက်ရေသန့်များ ပေါ်လာသော်လည်း သဲအိုးဖြင့် ရေကုသိုလ် ပြုနေဆဲဖြစ်သည်။ ဒန်ချိုင့်ကလေး များဖြင့် ရေကုသိုလ်ပြုသည်လည်း ရှိသည်။

ဒီနှစ်မှာ ထူးခြားသည်ကတော့ ပွဲခင်းတလျှောက် တောင်းစားနေသူများကို မတွေ့ကြရဟု ဆိုသည်။ ၁၂ ပွဲများတွင် နည်းမျိုးစုံ၊ ပုံစံမျိုးစုံနှင့် လိုက်လံ တောင်းရမ်းနေသူများကို ဘယ်လိုရှင်းလင်း ထားသည်မသိ။

နောက်ထပ် ထူးခြားတာ ရှိသေးသည်။ ဒါကတော့ လောင်းကစားဝိုင်းများဖြစ်သည်။ ယခင်က ဒါမျိုး ပေါ်ပေါ်တင်တင် မတွေ့ရ။ ဒီနှစ်မှာတော့ ပိုက်ဆံ အကြွေစေ့ပစ်သည့် စက်ကြီးကို ပေါ်ပေါ်တင်တင်ပြထားသည်၊ ယောက်ျား၊ မိန်းမတို့ ထိုနေရာတွင် အုံခဲနေသည်ဟု ဒေသခံတဦးကဆိုသည်။ အကြွေ တစေ့ကို ကျပ် ၅၀ ဖြင့် ဝယ်ယူက အားပါးတရ ကစားနေကြသည်ဟု သိရသည်။

ကျိုက်ခေါက် ဘုရားပွဲဈေးတွင် ဝတ်စားဆင်ရင်မှု၊ ဈေးဆိုင်များ၊ ပစ္စည်းများ၊ အဆင်အပြင်များ၊ ဇာတ်ပွဲများ၊ ခင်းကျင်းပုံများ မည်သို့ပင် ပြောင်းလဲစေကာမူ မပြောင်းလဲသည်က ရနံ့ဖြစ်သည်။ ဖုန်နံ့နှင့် မုန့်မျိုးစုံ ကြော်လှော်ရာက ထွက်လာသည့် ရနံ့ကတော့ မပြောင်းလဲ။

“ဟိုးတုန်းကလည်း ဒီအနံ့ …၊ အခုလည်း ဒီအနံ့” ဟု ဒေသခံတဦးက ဆိုသည်။

မိုးပြဲဒယ်ကြီးများနှင့် စားချင်စဖွယ် ထမနဲဆိုင်များ၊ မုန့်ဆီကြော်၊ မုန့်လိပ်ပြာ၊ ရေမုန့်၊ မုန့်ဆပ်သဖူး၊ ကောက်ညှင်းကျည်တောက် အရွယ်ရွယ် အစားစား၊ ကြွပ်ရွနေသည့် အကြော်စုံဗန်းကြီးဘေးက စိမ်းမြနေသည့် ဆလပ်ရွက်များ စသည်ဖြင့် အိမ် အပြန် ဝယ်သွားနိုင်သည့် မြန်မာမုန့်အမျိုးမျိုးကို သတိရမိသည်။ 

ဒါ့အပြင် မုန့်ဟင်းခါး၊ အုံးနို့ ခေါက်ဆွဲ၊ အသုတ်စုံ၊ ဝက်သားတုပ်ထိုး၊ ခေါက်ဆွဲကြော်၊ ကြာဆံကြော်၊ အခေါက်ကင်၊ အသားကင်၊ လက်ဖက်ရည်ဆိုင် မှစ၍ စားသောက်ဆိုင်များကလည်း စုံလှသည်။

ကျိုက်ခေါက်ဘုရားပွဲ အချိန်အခါက တပို့တွဲလပြည့်ဖြစ်သောကြောင့် မြန်မာ့ရိုးရာ ထမနဲပွဲ ကျင်းပချိန်။ အဖိတ်နေ့ ညတွင် ထမနဲပွဲရှိသည်။ ထမနဲထိုးပွဲ၊ ပြိုင်ပွဲကျင်းပပြီး နောက်တနေ့ လပြည့်မနက်အာရုဏ်တက်တွင် ဘုရားကို ထမနဲအပါအဝင် တခြားသော မုန့်မျိုးစုံ၊ သစ်သီး၊ ပန်းဆီမီးများ ကပ်လှူကြသည်။

ဘုရားပွဲက လပြည့်ကျော် တရက်နေ့တွင် နောက်ဆုံး ဖြစ်သော်လည်း ထုံးစံအရ ပွဲပြီးသည်နှင့် မီးမသေ။ ဇာတ်ပွဲတချို့က တရက်၊ နှစ်ရက်လောက် ဆက်ကသည်။ ဒေသခံ ဆိုင်ကလေးများကလည်း တရက်၊ နှစ်ရက်လောက် ဆက်ခင်းကြသည်။ ဒီနှစ်မှာတော့ ဖေဖော်ဝါရီ ၁၉ ရက်နေ့က ဘုရားပွဲ နောက်ဆုံးနေ့၊ သို့သော် ၂၁ ရက်နေ့အထိ ပွဲဈေးခင်းများ ရှိနေဆဲဟု သိရသည်။

22_pagoda3ပခုက္ကူက သနပ်ခါးပင်ဆိုင်များ၊ ပန်းတနော်ဘက်က ဖျာဆိုင်တချို့လည်း ပွဲခင်းလယ်တွင် ချောက်တီးချောက်ချက် ကျန်နေမည်။ ဈေးကွဲပြီဆိုတော့ တချို့ အပြန်ကို အလေးမသယ်လိုလျှင် ဈေးအနည်းငယ် ချရောင်းလိမ့်မည်။ အားလုံးပြီးသွားလျှင် ဆိုင်ခန်း ဆောက်ထားသည့် ဝါးလုံးများကို ပြန်ဖြုတ်သိမ်းကြသည်။ ရွာများကလာသည့် နွားလှည်းများ၊ ထော်လာဂျီများလည်း ပြန်ကြပြီ။

သန်လျင်မြို့နှင့် အနီးတဝိုက်က အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများကတော့ ကျမတို့ ငယ်ငယ်တုန်းကလိုပင် ကမန်းကတန်း ကျောင်းစာအုပ်များ ပြေးလှန်ကြလိမ့်မည်။ အတန်းတင်စာမေးပွဲကြီးက နီးကပ်နေပြီ။ တချို့ ပွဲကိုက်၍ ကောင်းတုန်း ဖြစ်လိမ့်မည်။ ကျောင်းခန်းများထဲတွင် ပွဲကြိုက်ခင်တို့က “ဖိုးချစ်က ဘယ်သို့ဘယ်ညာ” ဟု ပြောနေလေမလား မသိ။

ကျမ၏ မောင်ဖြစ်သူက တယ်လီဖုန်းထဲမှ နေ၍ ကျမကို “တနှစ်ထက်တနှစ် များလာတာကတော့ လူတွေရယ်၊ ကုန်ဈေးနှုန်း ရယ်ပဲ” ဟု ဆိုသည်။ “ဒါပေမယ့် ကျိုက်ခေါက်ဘုရားပွဲက ရွာဘုရားပွဲနံ့ ရနေတုန်းပါပဲ” ဟု သူက ဆက်ပြောသည်။

ကုန်ဈေးနှုန်း ဘယ်လောက်ပင်ကြီးကြီး၊ စက်သုံးဆီဈေး၊ ရွှေဈေး ဘယ်လောက်ပဲ တက်တက် ကျိုက်ခေါက် ဘုရားပွဲကြီးက စည်ကားမြဲ။ ရွှေသင်္ကန်းများကို အလုအယက် ကပ်ကြဆဲ။

ကျမကတော့ ရန်ကုန်မြို့ကြီးနှင့် မဝေးလှသော်လည်း ရွာဘုရားပွဲရနံ့ ကျန်နေဆဲ ဆိုသည့် ဘုရားပွဲဈေးကြီးကို စိတ်ကူးနှင့်သာ မှန်းဆ၍ လွမ်းမိရပါတော့သည်။     ။
 
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်