မတူကွဲပြား အမှောင်ထဲက နေ့ရက်များ

စစ်ထောက်လှမ်းရေး အကြီးအကဲ၊ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ကျန်းမာရေးအရ တာဝန်က ရပ်စဲလိုက်သည် ဆိုသည့် သတင်း ၂၀၀၄ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့မှာ ထွက်ပေါ်လာသည်။ တရုတ်-မြန်မာ နယ်စပ် ၁၀၅ မိုင် နယ်စပ် ကုန်သွယ်ရေးစခန်း ပြဿနာများမှ အစပြုကာ စစ်ထောက်လှမ်းရေးများကို ဖမ်းဆီးအရေးယူမှုများ ဆက်တိုက် လုပ်ဆောင်ခဲ့ကြသည်ကို မှတ်မိနေကြဦးမည် ထင်ပါသည်။

စစ်ထောက်လှမ်းရေးများ၏ တန်ခိုးသြဇာကြီးမှုကြောင့် စစ်တပ်အတွင်း မကျေနပ်မှုများ မြင့်တက်နေသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ တချိန်က ရွှေထီးဆောင်းခဲ့ကြသော စစ်ထောက်လှမ်းရေးများမှာ မိုးမပြိုဘူး အထင်ရှိနေခဲ့ကြရာက ချက်ချင်းဆိုသလို ကောင်းကင်တပြင်လုံး ပြိုကျခဲ့သည်ကို တွေ့မြင်ခဲ့ကြရသည်။

စစ်ထောက်လှမ်းရေး တပ်ရင်းတပ်ဆွယ်များကို လက်နက်ကိုင် ခြေလျင်၊ ခြေမြန်တပ်များက ၀င်ရောက်စီးနင်းကာ မိသားစုဝင်များ၏ နားကပ်ပါမကျန် အကုန်နီးပါး အသိမ်းခံလိုက်ကြရသည်။ ၄င်းတို့ပိုင်ဆိုင်သည့် စီးပွားရေးလုပ်ငန်းများ၊ နေအိမ်အပါအဝင် ပိုင်ဆိုင်မှုများစွားကိုလည်း သိမ်းဆည်းခံရသည်။

ဖမ်းဆီးခံရသူများသည် လာဘ်ပေးလာဘ်ယူမှု၊ အာဏာ အလွဲသုံးစားလုပ်မှု၊ စီးပွားရေးဆိုင်ရာ ပုဒ်မများအပြင် တခြားသော ပုဒ်မမျိုးစုံတို့ဖြင့် အသီးသီး အရေးယူခံကြရသည်။

ထောင်နန်းစံဘ၀သို့ ရုတ်ချည်းရောက်သူရောက်၊ ထွက်ပြေးသူပြေး၊ သက်ဆိုင်ရာ နိုင်ငံများတွင် ခိုလှုံသူ ခိုလှုံနှင့် မိသားစုများ ဘ၀ပျက်ကုန်ကြသည်။ ထိုစဉ်က ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် ၀န်ကြီးချုပ် ဖြစ်လာသော ဗိုလ်ချုပ်ကြီးစိုးဝင်း (ယခု ကွယ်လွန်) တို့၏ သတင်းစာရှင်းလင်းပွဲများဖြင့် အာဏာမုန်တိုင်း အပြင်းထန်ဆုံး တိုက်ခတ်ခဲ့ချိန်လည်း ဖြစ်သည်။

ထူးခြားသည်မှာ စစ်အစိုးရက စစ်ထောက်လှမ်းရေးများ၊ ယင်းတို့နှင့် ဆက်နွယ်သူများကို ဖမ်းဆီးအရေးယူများ ဆက်တိုက်လုပ်လာပြီးနောက် ကြေညာချက်တစောင်ထုတ်ကာ မတရား အမှုဆင် ဖမ်းဆီးခံထားရသည့် ထင်ရှားသော နိုင်ငံရေး အကျဉ်းသားတချို့အပါအ၀င် နိုင်ငံရေး အကျဉ်းသားများကို ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်ကြီး ခင်ညွန့် အပါအ၀င် စစ်ထောက်လှမ်းရေး အရာရှိကြီး ငယ်၊ အကြပ်တပ်သားများ၊ သူတို့နှင့် ဆက်နွယ်ပြီး အကောက်အခွန်ဌာန၊ ရဲ၊ လူဝင်မှုကြီးကြပ် ရေးဌာနမှ အရာရှိအရာခံများ စသူတို့က ထောင်များထဲသို့အ၀င်၊ ထင်ရှားသော ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် နိုင်ငံရေး အကျဉ်းသားတချို့က ထောင်မှ လွတ်မြောက်လာကြသည်။ တချိန်က စစ်ထောက်လှမ်းရေးများ ဖမ်းဆီးထောင်ချခဲ့ကြသည့် နိုင်ငံရေးအကျဉ်းသားများနှင့် ပြန်ဆုံမိလိုက်သည့် အဖြစ်မျိုးကို လက်တွေ့ ကြုံလိုက်ကြရသည်။

စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် စစ်ဘက်ခေါင်းဆောင်များသည် နိုင်ငံတော်အတွက် အလွန်အန္တရာယ်ကြီးသော ပြစ်မှုတို့ကို ကျူးလွန်သည်ဟု ထိုစဉ်က ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် ဗိုလ်ချုပ်ကြီး စိုးဝင်းတို့က သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြောဆိုခဲ့သည်။ လာဘ်ပေးသူများအနေဖြင့် လာရောက် သတင်းပေးနိုင်ပြီး အစိုးရသက်သေအဖြစ် အကာအကွယ်ပေးသွားမည်ဟုလည်း ဖိတ်ခေါ်ခဲ့သေးသည်။ မည်သို့ပင်ဆိုစေကာမူ တချိန်က “စေ” တလုံး ပိုင်ရှင်များအနေဖြင့် သူတို့ အဘိဓမ္မာတွင် မရှိဘူးဟု မှတ်ထင်ထားသော အကျဉ်းစံနေ့ရက်များ ရောက်ရှိလာမှ အသိနောက်ကျ နောင်တတရားများ တပွေ့တပိုက် ဖြစ်နေတော့သည်။

တချို့က ၀ဋ်ဆိုတာ ဘ၀မကူးဘဲ ချက်ချင်း မျက်မှောက်ဘ၀မှာပင် လည်တတ်သည်လို့ ပြောသူက ပြော၊ သနားစိတ် မ၀င်ဘဲ ၀မ်းမြောက်သူ ၀မ်းမြောက်ခဲ့ကြသည်။ ထူးခြားသည်က အကျဉ်းထောင်ထဲသို့ ရောက်သွားကြသည့် စစ်ထောက်လှမ်းရေးဟောင်းများနှင့် သူတို့နှင့်ဆက်နွှယ် အဖမ်းခံခဲ့ကြရသူများကတော့ တခြား ထောင်ထဲတွင် ရောက်နှင့်နေခဲ့ကြသည့် နိုင်ငံရေး အကျဉ်းသားများအကြား ကြီးမားသော ကွာခြားချက်ကို အထင်အရှားတွေ့ မြင်ကြရခြင်းပင်။

နိုင်ငံရေး အကျဉ်းသားများအနေနှင့် နိုင်ငံရေးတွင် တက်ကြွစွာ ပါဝင်လုပ်ဆောင်ရင်း မိမိတို့ယုံကြည်ရာများကို လုပ်ဆောင်ခဲ့ကြသူများပီပီ ဤကဲ့သို့သော အမှောင်ခေတ်မှာတော့ ချက်ချင်း ပွဲချင်းပြီး သေနိုင်တယ်၊ ကံကောင်းရင် ကိုယ်ခန္ဓာ ခြေလက် ကျိုးပဲ့နိုင်တယ်၊ မိသားစုတွေ တကွဲတပြားနဲ့ မိမိတင်မက မိမိတို့၏ မိသားစုဝင်များလည်း ဘေးဒုက္ခရောက်ရနိုင်တယ်၊ ပိုကံကောင်းပါက ထောင်ကျနိုင်တယ်၊ ထောင်ထဲမှာလည်း နှစ်ရှည် စိတ်ဆင်းရဲကိုယ်ဆင်းရဲ နေရနိုင်တယ်၊ အလွန်ကံကောင်းပါမှ ထောင်မကျဘဲ လွတ်မြောက်နိုင်တယ်စသဖြင့်  စိတ်ပိုင်းဖြတ်ထားမှုက အဆင်သင့် ဖြစ်နေကြသည်။ ထို့အတွက် နိုင်ငံရေး အကျဉ်းသားများကို ထောင်သွင်း အကျဉ်းချသော်လည်း မတုန်မလှုပ် ပြဌာန်းထားပြီးသား ဘ၀အတွက် ကျေကျေနပ်နပ်ကြီး ခံယူထားကြသည်။

တကယ်တမ်းတွင် ထောင်ဆိုသည်မှာ အမှောင်ခေတ် သူရဲကောင်းတို့၏ ပြတိုက်လည်း ဖြစ်သည်။ နိုင်ငံရေး အကျဉ်းသားများအတွက် ထောင်ဆိုသည်မှာ ဘ၀တက္ကသိုလ် တခုအဖြစ်ခံယူပြီး ဘ၀၏ အရေးအကြီးဆုံးသော ပညာရပ်များကို အကျဉ်းထောင်တွင်းမှာ သင်ယူလေ့လာကြသည်။

နိုင်ငံရေး လှုပ်ရှားသူတို့သည် စစ်ထောက်လှမ်းရေးတို့၏ လူမဆန်သော လွန်စွာ ကြောက်မက်ဖွယ်ကောင်းသည့် လူ့ငရဲဘုံ စစ်ကြောရေးစခန်းများတွင် စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ညှဉ်းပန်းမှု၊ ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်ညှဉ်းပန်းမှု စသဖြင့် နည်းမျိုးစုံ ညှဉ်းပန်းနှိပ်စက်ခံခဲ့ကြရပြီး စစ်ကြောရေးစခန်းများမှ အမြန်ဆုံး လွတ်မြောက်လိုကြသည်မှာ ဓမ္မတာဖြစ်သည်။

ညဥ့်အချိန်မတော် ငှက်ဆိုးထိုးသံနှင့်အတူ စစ်ထောက်လှမ်းရေးများ၊ ရဲများ၏ တအိမ်လုံးသို့ ဝင်ရောက် မွှေနှောက်ရှာဖွေခြင်း၊ မိသားစုဝင်များကို ခြိမ်းခြောက်အကြပ်ကိုင် ပြောဆိုခြင်း၊ လက်ထိပ်၊ ခြေထိပ်၊ ခေါင်းစွပ်တို့ဖြင့် ချည်နှောင်ကာ တိရိစ္ဆာန် တကောင်နှင့်မခြား စစ်ကြောရေးစခန်းများသို့ ခေါ်ဆောင်ခြင်းများ ခံကြရသည်။

စစ်ကြောရေးစခန်းများတွင်လည်း နည်းပေါင်းစုံ သုံးသော ဖက်ဆစ်လက်သစ် စစ်ထောက်လှမ်းရေးများက ၄င်းတို့လိုချင်သော သတင်းအချက် အလက်များကို မတရား လက်မှတ်ထိုးခိုင်းပြီး အကျဉ်းရုံးတရားခွင်တင်ခြင်းများကို ခံစားခဲ့ရ၊ ခံစားနေရဆဲ ဖြစ်သည်။ စစ်ထောက်လှမ်းရေးများက သူတို့လိုချင်သော ဇာတ်လမ်းကို မဖြေမချင်း နှိပ်စက်ကလူ ပြုတတ်ကြသည်။

ထောင်ကို မြန်မြန်ပို့ပါစေဟုပင် ကြိတ်ဆုတောင်းကြတာ ဓမ္မတာ တခုလိုဖြစ်နေပါသည်။ ထောင်ကိုရောက်၍ ထောင်ဝန်ထမ်း (၀ါဒါ) များ၏ မိတ်ဆက် ရိုက်နှက်သည်ကိုပင် ပန်းနှင့်ပေါက်သည်လောက်ထင်ကြပါသည်။

စစ်ထောက်လှမ်းရေးဟောင်းများနှင့် သူတို့၏ အပေါင်းအဖော်များကမူ ထိုသို့မဟုတ်ပါချေ။ သူတို့သည် ထောင်တွင်းကို စရောက်ရောက်ချင်းပင် မလုံခြုံမှုဆိုင်ရာ ခံစားမှုများနှင့် လူမြင်လျှင် ကြောက်နေတတ်ကြပြီး ကလေးလေးများ အလား ရှိုက်ကြီးတငင် ငိုကြွေးတတ်ကြသည်။ ထို့အပြင် သူတို့က (ငါတို့ကို လုပ်ရက်လေချင်း) ဆိုပြီး တ တ ပြီး ပြောတတ်ကြပါတယ်။

သူတို့တချိန်က ကောင်းစားခဲ့သမျှ ဘ၀တွင် အကြမ်းတမ်းဆုံးသော လမ်းပေါ်တွင် အနာဂတ် ပျောက်ဆုံးသွားသူများပမာ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲကို ကျန်အကျဉ်းသားများနှင့်မတူဘဲ ကြီးစွာခံစားကြရသည်။ တချိန်က အစိုးရပိုင်မီဒီယာများတွင် ပြသနေသော ခါးကြား သေနတ်ထိုးကာ ဘုရားသွား၊ ကျောင်းတက် လုပ်နေသူများက တကယ့် ဘ၀မုန်တိုင်း အတိုက်ခံလိုက်ရချိန်များမှာ ကြီးစွာသော ပူဆွေးမှုများနှင့် အကျဉ်းထောင်တွင်းမှာ သူတို့ဘ၀ကို ဘယ်လိုရှင်သန်အောင် နေထိုင်မလဲဟုပင် သူတို့ မသိကြပါ။

ထိုစဉ်အခါက အဖမ်းခံရသည့် စစ်ထောက်လှမ်းရေးများသည် မြန်မာနိုင်ငံအနှံ့အပြားရှိ အကျဉ်းထောင်များဆီသို့ ပို့ဆောင်ခြင်းခံရသည်။ ထောင်တွင်းတွင် တခြား နိုင်ငံရေး အကျဉ်းသားများလို နှိပ်စက်ကလူပြုခြင်း  မခံစားကြရပါ။

သက်ဆိုင်ရာ ထောင်အာဏာပိုင်များက စစ်တပ်မှ ကူးပြောင်းလာသူများလည်းရှိကြရာ ထောင်ကျ စစ်ထောက်လှမ်းရေးများကို စစ်တပ်ရာထူးရှိစဉ်က အတိုင်း ခေါ်ဝေါ်သုံးစွဲပြီး အရေးတယူလည်း ရှိကြသည်။ အခွင့်ထူး ခံပိုင်ခွင့်လည်း ရှိကြပါသည်။ ဥပမာအားဖြင့် ထောင်ဝင်စာတွေ့ရာတွင် တခြား အကျဉ်းသားများထက် မိသားစုနဲ့ ကြာကြာတွေ့ခွင့်ရခြင်း၊  အစားအသောက်ကို လွတ်လွတ်လပ်လပ် သွင်းခွင့်ရခြင်းမျိုး ရှိကြသည်။ သို့သော် သူတို့အချင်းချင်း ကြားတွင်မူ ရိုင်းပင်းကူညီခြင်းမျိုး မရှိတတ်ကြပါ။

သူတို့အချင်းချင်း ပြောဆိုကြသော စကားများထဲမှ အားလုံးက စိတ်ဝင်စားကြသည်မှာ သူတို့က ဘာကြောင့် ထောင်နန်းတွေ စံကြရတာလဲ၊ အာဏာလွန်ဆွဲပွဲက ဘယ်သို့ဘယ်ပုံ ဖြစ်ခဲ့ကြတာလဲ ဆိုသည်များဖြစ်သည်။ အခုလိုခံလိုက်ရတာကတော့ ယခုဝန်ကြီးချုပ်လုပ်နေသော ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် စစ်ထောက်လှမ်းရေး ဒုတိယ အကြီးအကဲဟောင်း ဗိုလ်ချုပ် ကျော်ဝင်းတို့၏ သတင်းပေးမှုကြောင့် ယင်းတို့အားလုံး၏ ဆရာကြီးဖြစ်သူ၊ သူတို့က ဗိုလ်ချုပ်ဟု သုံးစွဲသော ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နှင့်တကွ သူတို့အား လုံးဘ၀ပျက်ကိန်း ဆိုက်ရောက်ရတာ ဖြစ်ကြောင်း အန်ထွက်လာသံများပင် ဖြစ်သည်။

လွန်ခဲ့တဲ့ လပိုင်းက အင်တာနက် ဖေ့စ်ဘုတ်ခ်ပေါ်တွင် ပျံ့နှံ့လာသော ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်၏ ဗီဒီယို အပိုင်းများကို တွေ့ကြသူတိုင်း ခံစားမှု နှစ်မျိုးဖြစ်ကြမည် ထင်ပါသည်။ တချို့က သူတို့ကို လူသားတယောက် အနေနှင့်သော်လည်းကောင်း၊ ဘာသာတရား အရသော်လည်းကောင်း သနားဂရုဏာသက်ကြပြီး တချို့ကမူ “သင်ပြုသမျှကံ ပဲ့တင်သံ သင့်ထံပြန်လာလိမ့်မည်” ဟု ပြောဆို ကြတာတွေကို ကြားကြရပါမည်။ မည်သို့ပင်ဆိုစေ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်သည်လည်း နေအိမ်အကျယ်ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်လည်း နေအိမ်အကျယ်ချုပ်နေခဲ့ရသည် များကတော့ ကွာခြားလှသည်။

ထိုအထဲတွင် မှတ်သားစရာ သူ့စကားတခွန်းမှာ သူ့သားတွေကို ခေါ်သွားတုန်းကလည်း ဘာမှမယူပါနဲ့ ခဏဆိုပြီး ခေါ်သွားတာ ဘာမှပါမသွားကြဘူးနဲ့၊ သူ့အနေနဲ့တော့ ယူစရာရှိတာကို လွယ်အိပ်ကလေးတလုံးနဲ့ သူတို့ဇနီးမောင်နှံက ယူသွားခွင့်တော့ ရကြပါသည်။ နိုင်ငံရေး အကျဉ်းသားတွေမှာတော့ အဲဒီလို ပစ္စည်းလေး ယူဖို့နေနေသာသာ သူ့လိုလည်း လေးစားသဖြင့် ခေါ်ဝေါ်သုံးစွဲခြင်းလည်း မခံရတဲ့အပြင် ဘာဆိုဘာမှ ယူသွားလို့မရပါ။

အကျဉ်းထောင်တွေထဲက နိုင်ငံရေးအကျဉ်းသားများနှင့် စစ်ထောက်လှမ်းရေးဟောင်းများ၏ ထောင်တွင်းနေထိုင်စား သောက်ကြရပုံများကလည်း အလွန်ကွာခြားလှသည်။ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေကတော့ စီးပွားရေး ခိုင်မာသူဆိုတာက အလွန်ရှားပါးပါသည်။ ထောင်ဝင်စာတောင် ပုံမှန်မတွေ့နိုင်ကြပါ။ တချို့ဆို သွားတောင်မသွားနိုင်ကြပါ။ 

နိုင်ငံရေး အကျဉ်းသားတွေကတော့ ထောင်သားဘ၀ကို လက်ခံ အသိအမှတ်ပြုပြီး မိမိတို့ရဲ့ အသက်ရှင်သန်ရေးအတွက် ရုန်းကန်လှုပ်ရှားကြသည်။ ထောက်လှမ်းရေးများမှာမူ သူတို့ယခင်က ရာထူးနဲ့လုပ်ပိုင်ခွင့်တွေ အပေါ်မှာ အင်နားရှားက မကုန်နိုင်မခန်းနိုင်ဖြစ်ပြီး လက်ရှိခံစားနေရတဲ့ ထောင်သားဘ၀ကို ငြင်းဆန်နေကြသည်။ သူတို့တချိန်က အကြောင်းတွေနဲ့ တချိန်က ဘ၀တွေကို မျှော်လင့်စိတ်ကူးယဉ်ရင်း စိတ်ကျရောဂါများရကြကာ သေဆုံးသူ သေဆုံး၊ စိတ်အခြေအနေ ထိခိုက်သူ ထိခိုက်၊ ရောဂါထူပြောလာသူများနှင့် အမှောင်ထဲက ရက်စွဲများကတော့ မတူကွဲပြားခြားနားတာကို တွေ့ကြရသည်။

တကယ်တော့ ဒီကွာခြားမှုများမှာ အဓိက စိတ်အခြေအနေပြဌာန်းမှု မတူကွဲပြားမှုကြောင့်ပင် ဖြစ်သည်။ အရှိတရားကို လက်ခံပြီး အရှိတရားနှင့်အညီ ဘ၀ကိုမည်သို့ ကျော်ဖြတ်မလဲဆိုသည့် အတွေးမျိုး၊ ယုံကြည်ချက်မျိုး၊ အဆင်သင့် ဖြစ်မှုမျိုး ရှိသူများက ထောင်တွင်း အမှောင်ကာလ ဘ၀ ရှင်သန်မှု ဆိုင်ရာ ရုန်းကန်လှုပ်ရှားမှုများမှာ အရေးပါတာကို သတိထားသင့်ကြသည်။ စစ်ထောက်လှမ်းရေးများ ကိုယ်တိုင် ဖမ်းဆီးထောင်ချ၊ နှိပ်စက် ညှင်းပန်းခဲ့ကြသော နိုင်ငံရေးအကျဉ်းသားတို့မှာ သူတို့ကို မမုန်းဘဲ သူတို့၏ မသိမိုက်မှားစွာ လုပ်ခဲ့၊ ကျူးလွန်ခဲ့ကြသော လုပ်ရပ်များကိုသာ လက်မခံနိုင်ကြခြင်း ရှိကြသည်။

ထို့ကြောင့်ပင် အကျဉ်းထောင်၊ နေအိမ်အကျယ်ချုပ်များတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြရသော နိုင်ငံရေး အကျဉ်းသားများနှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးရှိမှသာ တတိုင်းပြည်လုံး နိုင်ငံရေး ပြဿနာများကို အပြန်အလှန် နားလည်မှုရှိရှိ ဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြပြီး အားလုံးသော နိုင်ငံသားတိုင်းသည် နိုင်ငံရေးပြဿနာကြီး၏ အစိတ်အပိုင်းများအဖြစ် လက်ခံထားကြသည်။ ဤပြဿနာကြီးကို အကောင်းဆုံး ပြေလည်သွားစေရေးအတွက် ယခု မြန်မာ့နိုင်ငံရေးနှင့် နှီးနွှယ် ပတ်သက်နေကြသူ အားလုံးအနေဖြင့် မိမိတို့တတ်စွမ်းရာ ဖက်တို့မှနေ၍ ဟန်ချက်ညီညီနှင့် ညီညီညွတ်ညွတ် လုပ်ဆောင်သွားကြမည်ဆိုပါက ပြဿနာကြီး၏ အစိတ်အပိုင်းများအဖြစ်က လုံးဝလွတ်မြောက်သွားကြမည်လည်း ဖြစ်ပါသည်။     ။
 
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်