ထောင်ဝင်စာခရီးသည် (၂)

ဘဝက ခရီးရှည်ကြီးတခု ဖြစ်ရင် ခရီးတခုကလည်း ဘဝတိုလေးတခုလို့ ဆိုချင်ပါတယ် …။ ထောင်ဝင်စာ ခရီးက ကျမအတွက် ဘဝတခုပါ။

ဒီခရီးမှာ အကျဉ်းကျ မိသားစုတွေ၊ လမ်းခရီးတလျှောက် ဒေသခံပြည်သူလူထုရဲ့ ရင်ခုန်သံ၊ လွမ်းမောသံ၊ အားမာန်တက်သံ၊သက်ပြင်းချသံ တွေကိုလည်း ကျမကြားသိ ခံစားခဲ့ရပါတယ်။

Hnin-Pan-Eaim-illustrationဝါဆိုဝါခေါင် ရေဖောင်ဖောင်ဆိုတဲ့ အခုလိုအချိန်ဆို ချင်းတွင်းမြစ်ကြီးမှာ မြစ်ရေတွေ ပေါင်းလန်နေရော့မယ်။ မြစ်ရေနဲ့အတူ အထက်က စီးမျောလာတဲ့ သစ်တုံး၊ သစ်မြစ်တွေကို သက်စွန့်စံဖျား လှေနဲ့ထင်းကောက်၊ ထင်းဆယ်နေတဲ့ သူတွေကလည်း ချင်းတွင်းမြစ်ရဲ့ မိုးဦးကျ အမှတ်အသားတခုပါ။

လှိုင်းထန်နေတဲ့ မြစ်ပြင်မှာ အလိုက်သင့် လှေကိုမျှောချရင်း အားနဲ့မာန်နဲ့ ထင်းကောက် ထင်းဆယ်တဲ့အခါ လှေလှော်သူရော ထင်းဆယ်သူပါ အတတ်ပညာ ပါပါလိမ့်မယ်။

ချင်းတွင်းမြစ်ကို အမှီပြုပြီး ဝမ်းစာရှာရတဲ့ မြစ်ကမ်းပါး ဒေသခံတွေဟာ သဘာဝတရားနဲ့ ရင်းနှီးကျွမ်းဝင် နေကြပြီ။ ကုန်းမြေဒေသခံ ကျမတို့သာ အံ့သြတုန်လှုပ်နေပေမယ့် သူတို့ကတော့ ဘာမှမဖြစ်သလို သက်တောင့် သက်သာပါပဲ။

ချင်းတွင်းမြစ်ရဲ့ ဖြစ်တည်မှု၊ နက်ရှိုင်းမှုတွေ လူးလာခေါက်တုံ့ ပြန်နေရသူတွေထဲမှာ ကျမတို့လို အကျဉ်းကျခံတွေရဲ့ မိသားစုတွေလည်း ပါတယ်လေ။ ရန်ကုန် - မန္တလေး - မုံရွာ ကားအဆင့်ဆင့် စီးပြီး ခရီးဆက်ခဲ့ရင် မဟာမြိုင် တောင်ခြေရင်း ချင်းတွင်းမြစ်ကမ်း နဖူးကိုင်း ရွာကနေ ကလေးဝဘက်ကမ်းကို ခရီးသည်တွေက လှေနဲ့ကူးရတယ်။

ကလေးဝမြို့ ကျက်သရေဆောင် ရွှေမုဌော စေတီကြီးက ရွှေရောင်ဝင်းပလို့ ကြည်နူးဖွယ် ကောင်းလှပါတယ်။ ရွှေမုဌော စေတီတော်ခြေရင်း ကမ်းပါးဘေးမှာ ဆိုက်ကပ်ထားတဲ့သင်္ဘော၊ စက်လှေ၊ ဝါးဖောင်၊ သစ်ဖောင်တွေကလည်း ဆိပ်ကမ်းမြို့ ဆိုတာကို အတည်ပြုပေးနေတယ်။ ချင်းတွင်းထဲ စီးဝင်နေတဲ့ မြစ်သာမြစ်ရိုးမှာ ကျွန်းသစ်တောတွေက အများကြီးပါ။

ဒါကြောင့်လည်း ကျွန်းအကျမှာ ဧရာဝတီက ပထမ၊ ချင်းတွင်းက ဒုတိယ၊ သံလွင်က တတိယလို့ စာအုပ်ထဲမှာ သိတဲ့အသိကနေ ကျမ အခု လက်တွေ့မြင်ရပါပြီ။

ချင်းတွင်းမြစ်ရဲ့ အထင်ကရ ဝဲကြီးတွေဖြစ်တဲ့ အထက်မှာပေ၊ အောက်မှာရွှေ၊ အလယ်ဝက်သိုက် မျက်ဖြူဆိုက် ဆိုတဲ့ ဝဲကြီးတွေထဲက ပေဝဲကိုဖြတ်ရင်း ရွှေမုဌော စေတီကြီးကို လက်အုပ်ချီ ဆုတောင်းရတာ အမောပါပဲ။

အတွေ့အကြုံများတဲ့ ခရီးသည်တွေက ပါလာတဲ့ ထမင်းလေးကို မြစ်ထဲချပြီး ဝဲစာကြွေးပါတယ်။

နှုတ်ကနေလည်း “နယ်ရှင်ပယ်ရှင် များကို မမေ့ပါဘူး၊ ရေသတ္တဝါများ စားကြသောက်ကြပါ၊ ကျနော်ကျမတို့ကိုလည်း အန္တရာယ် ကင်းအောင် စောင့်ရှောက်ကြပါ” လို့ ဆုတောင်းတတ် ပါတယ်။

ကလေးဝနဲ့ ကလေးမြို့က ၂၄ မိုင် ဝေးပါတယ်။ ကျမတို့ ငယ်ငယ်က ကျောင်းစာအုပ်ထဲမှာ သင်ရတဲ့ သစ်ချောက် ကျောက်မီးသွေးတွင်း ရှိတဲ့နေရာက ကလေးဝ မြို့ကလေးပါပဲ။

၁၉၉၈ မှာ အိန္ဒိယ - မြန်မာ ချစ်ကြည်ရေးအနေနဲ့ တမူး - ကလေးဝ – ကလေး ကားလမ်း ဖောက်နေတဲ့အချိန်မို့ ကားလမ်းက အကြမ်းထည် မြေသားပဲ ရှိပါသေးတယ်။

ကလေးဝ – ကလေးမြို့ ကားလမ်းက မြစ်သာမြစ် ကမ်းနဖူးပေါ်ကနေ မောင်းရပါတယ်။ မြစ်သာမြစ်ကြီးကို မိုးထားတဲ့ တောင်တွေကြား တချို့နေရာတွေမှာ မြစ်သာမြစ်က ကျောက်တုံးကြီးတွေကြား အရှိန်အဟုန်နဲ့ စီးနေတယ်။

ကမ်းစပ် ကျောက်တုံးလေးတွေ စီစီရီရီရှိတဲ့ သောင်ပြင်ဘေး တဘက်တချက်မှာ ရင်ခတ်ပန်းတွေ၊ တံမြက်စည်းပင်တွေရဲ့ အဖူး လေးတွေက ဖွေးဖွေးလှုပ်နေတယ်။ ကျောက်တုံး ကျောက်ဆောင်တွေ ကြားက မြစ်သာမြစ်ကြီး ကျမတို့နောက် တကောက် ကောက် လိုက်ခဲ့တာ တခါတရံ ပုန်းလျှိုး ကွယ်လျှိုး၊ တခါတရံ သေသေချာချာ ကိုယ်ထင်ပြပြီး ကားအရှိန်နဲ့ မြစ်ရေစီး အရှိန် ပြိုင်ကြပါသေးတယ်။

ဒေသခံတွေ အပြောတော့ ကားတွေက မြစ်သာမြစ်ထဲ တခါတရံ ရေသောက်ဆင်းသတဲ့…။ အန္တရာယ်များတဲ့ တောင်ပတ်လမ်း အချိုးအဆစ်တွေ၊ ကွေ့တွေကြောင့် ဖြစ်ရတာပါ။

ဒီလို စကားသံတွေကို ရင်ဝယ်ပိုက်ပြီး စိုးတထိတ်ထိတ်နဲ့ အမြဲ ကားစီးခဲ့ရတာ ဆယ်နှစ်ကြာပါရောလား ...။

လမ်းဘေးတလျှောက်မှာ မြစ်သာမြစ်ရိုး တလျှောက်က ခုတ်လှဲပြီး တံဆိပ်ရိုက်နှိပ်ပြီးဖြစ်တဲ့ ကျွန်းသစ်ပုံတွေကိုလည်း အမြဲမြင်ရတယ်။ ကျွန်းသစ်တွေကို မြင်တိုင်း ကျမရင်ထဲ နှမြောတသ ဖြစ်ရတယ်။

“သစ်ပင်စိုက်ရတယ် ဆိုတာ သစ်ပင်ခုတ်ရတာထက် ပိုပျော်စရာ ကောင်းတယ်” ဆိုတဲ့စကားရဲ့ အနှစ်သာရကို ကျမ ခံစား တတ်အောင် ဒီခရီး၊ ဒီလမ်းတွေက သင်ကြားပေးခဲ့တယ်။ သစ်ဆွဲဆင်ကြီးတွေကိုတွေ့ရင် လမ်းဘေးကပ်ပြီး ကားရပ်ထားရတယ်။

ကျွန်းသစ်တုံးကို နှာမောင်းနဲ့လိပ်ပြီး ခွန်နဲ့အားနဲ့ သယ်လာတဲ့ ဆင်ကြီးကို ကြည့်ပြီး ဘိသိက်ဆရာ ပြောတဲ့ “ဆင်ခြင်းတူဦး မင်းခစားဆင်နဲ့ သစ်ဆွဲဆင် မတူပါဘူး” ဆိုတဲ့ စကားကိုလည်း ကျမသတိရမိတယ်။

ကလေးဝ – ကလေး - တမူးလမ်းခွဲ ကျီကုန်းရွာ အဝင်မှာမြစ်သာမြစ်က ဂန့်ဂေါဘက်ကိုစီး ဆင်းလို့ ကျမတို့ကို နုတ်ဆက် သွားတော့တယ်။ စပါးခင်းတွေ နေကြာခင်းတွေနဲ့ ကလေးမြို့ကို အနားသပ် ပေးထားတဲ့ နေရဉ္စရာမြစ်က ထောင်ဝင်စာ တွေ့ဖို့လာတဲ့ ကျမကို ကြိုဆိုလိုက်တယ်။

တောင်တွေပတ်လည် ကာထားတဲ့ ချိုင့်ဝှမ်းလွင်ပြင်ထဲက ကလေးမြို့ကလေးက ဆန်ရေစပါး ပြည့်စုံလုံလောက်တဲ့ ဒေသဖြစ်ပြီး အလှူရေစက် လက်နဲ့မကွာ နေနိုင်တဲ့မြို့ ဖြစ်တယ်ဆိုတာ မကြာခင်မှာ ကျမသိခဲ့ရတယ်။

ရိုးသားမှုနဲ့ စေတနာတွေကို ဗဟိုပြုတဲ့ ကလေးလွင်ပြင်က အင်မတန်မှ လွမ်းမောဖွယ် ကောင်းလှပါတယ်။ ဒီလို ဒေသကို အကျည်းတန် စေတာက ကလေးမြို့ မော်လိုက်လေး အကျဉ်းထောင်ပါပဲ။

ကျမရဲ့ ပထမဆုံး ထောင်ဝင်စာခရီးမှာ ကလေးမြို့ လေယာဉ်ကွင်းနားက ရတနာရှင် တည်းခိုခန်းမှာ တည်းခိုခဲ့တယ်။ ကလေးမြို့နဲ့ အကျဉ်းထောင်က ၇ မိုင်ကျော် ဝေးပါတယ်။ အဲဒီတုန်းက လေးဘီးကားတွေ အခုလို ပေါပေါများများ ကလေးမြို့မှာ မရှိသေးဘူး။
“ထောင်ကို ဘယ်လိုသွားရမလဲ၊ ထောင်ကဘယ်မှာရှိလဲ” လို့ ကလေးမြို့ ရဲစခန်းကို သွားပြီး စုံစမ်းရတယ်။ “ထောင်ကို သွားရင် ကလေး - ရာဇဂြိုလ် - ခမ်းပတ် ကားကိုစီးရမယ်” တဲ့။ ဒီကားက ဈေးကားမို့ မနက် ၉ နာရီဆို ထွက်ပါတယ်။ “အပြန်ကိုတော့ ကားကြုံ တားစီးရမယ်” လို့ ပြောလိုက်ပါတယ်။

ဒီလိုနဲ့ ရတနာရှင် တည်းခိုခန်းကနေ ရာဇဂြိုလ် - ခမ်းပတ်ကား ရှိရာ ပင်လုံရပ်ကွက်ထဲကို ဆိုက်ကားစီး သွားရပါတယ်။ကျမစီးရမယ့် ကားကို မြင်တော့ ရင်မောသွားရတယ်။

ကုန်ပါတင်တဲ့ကားမို့ ကားပေါ်ကို တက်ရင် ကားနောက်မြီးပေါ်ကနေ တွယ်တက် တွယ်ဆင်း လုပ်ရပါတယ်။ ဘတ်စ်ကားနဲ့သာ နေ့စဉ် ရင်းနှီးကျွမ်းဝင်နေရတဲ့ ရန်ကုန်သူ ကျမအတွက် အတော့်ကို အခက်အခဲဖြစ်ရတဲ့ အချိန်ပါ။ ဒီလိုအခက်အခဲကိုမှ
မကျော်လွှားနိုင်ရင် ထောင်ဝင်စာတွေ့ဖို့ အဆင်မပြေနိုင်ဘူး ဆိုတဲ့စိတ်က ကျမကိုကားပေါ် ရောက်စေခဲ့ပါတယ်။

ကားပေါ်မှာ ကျမအရင် ရောက်နှင့်သူတွေက အပြည့်မို့ ကျမမှာ ထိုင်စရာ မရှိဘူး။ ရန်ကုန် ဘတ်စ်ကားဆို ထိုင်ခုံမှာ ထိုင်စီးနေတဲ့ ခရီးသည်တွေကို မတ်တပ်ရပ်စီးတဲ့ ခရီးသည်တွေက လူကဲခတ် ကောင်းရင်ကောင်းသလို၊ လျင်မြန်မှုရှိရင်ရှိသလို မှတ်တိုင် ရောက်ခါနီး နေရာဦးနိုင်ပါတယ်။ ဒီလို ရန်ကုန်ဘတ်စ်ကားကို နေ့စဉ်စီးလာသူကျမ ပတ်ဝန်းကျင်ကို လေ့လာမိတယ်။ ကားပေါ်ပါ ခရီးသည်တွေရဲ့ အမူအရာက သိပ်ကိုစိတ်အေးလက်အေး ဖြစ်နေတာပါ။

တချို့ ခရီးသည်တွေက ဈေးစာရင်းတွက်လို့၊ တချို့က ဘုရားပွဲရောက်ရင် ကျွေးမယ့် ထမင်းအကြောင်း၊ အချိုပွဲအကြောင်း၊ဆန်ဈေး စပါးဈေးအကြောင်းတောင် တငြိမ့်ငြိမ့် ပြောနေကြသေးတာ။

ကားထွက်တော့ အမိုးသံကိုင်းကို ကိုင်ပြီး ကျမလိုက်လာခဲ့တယ်။ နေရဉ္စရာ မြစ်ကိုဖြတ်ပြီးချိန်မှာ ထိုင်ခုံအစွန်ကလူက ဗြုန်းဆို ကျမကို ကျောခိုင်း မတ်တပ်ရပ်လိုက်တယ်။ ဘာပြော ကောင်းမလဲ “ရန်ကုန်သူကွ” လို့ စိတ်ထဲက ကြုံးဝါးပြီး ကျမ တင်ပါးလွှဲ ဝင်ထိုင်လိုက်တယ်။

ထိုင်ခုံကထပြီး မတ်တပ်ရပ်တဲ့သူက ပြန်ထိုင်မယ် အလုပ် ကျမကိုလည်း မြင်ရော ကောက်ကာငင်ကာ မေးခွန်းမေးလိုက်တယ်။ “ခင်ဗျား ရန်ကုန်ကလား” တဲ့။ ကျမမှာ ရှက်တာရော၊ အားနာတာရောနဲ့ “ဟုတ်ကဲ့” လို့ ခပ်ရွံ့ရွံ့ ဖြေမိတယ်။ သူက ကွမ်းတံတွေး ထထွေးတာကိုး။

ပြန်ထိုင်ဖို့ ကျမပြောတော့ သူကလက်ကာပြတယ်။ “ဘယ်ကိုသွားမှာလဲ” လို့ မေးပါတယ်။ “ကျမ ခင်ပွန်းသည်ကို ထောင်ဝင်စာ လာတွေ့တာပါ နိုင်ငံရေးမှုနဲ့ ထောင်ဒဏ် ၁၄ နှစ် ကျခံနေရပါတယ်” လို့ ကျမ ပြောလိုက်ပါတယ်။

“မတရားမှုဟာ အသံမြည်တယ်” ဆိုတာကို အဲဒီ ချင်းအမျိုးသားက သက်သေပြလိုက်တယ်။ ကျမ ကားပေါ်ကို ခက်ခက်ခဲခဲ တွယ်တက် လာကတည်းက ဒီဒေသက မဟုတ်ဘူးဆိုတာ သူသိတယ် တဲ့။

စာရေးသူအဖြစ် လူလားမြောက်စေမယ့် ကျမကို ပထမဆုံး ထောင်ဝင်စာခရီးမှာ ချင်းအမျိုးသားကြီး စကားက သန္ဓေတည် ပေးခဲ့ပါတယ်။

“ခင်ဗျားကိုမြင်တော့ ကျနော်ဖတ်ဖူးတဲ့ ဆရာနတ်နွယ်ရဲ့ ဝတ္ထုတပုဒ်ကို သွားသတိရတယ်။ ဝတ္ထုထဲမှာ ပါတဲ့စကားလေ။ဂျပန်ခေတ်မှာ ယောက်ျားမှန်ရင် ထောင်ကျဖူးရမယ်။ မိန်းမမှန်ရင် သည်းထန်စွာ ငိုကြွေး ဖူးရမယ်တဲ့။ ဒီနေ့ခေတ်က ဂျပန်ခေတ်ထက် ဆိုးပါတယ်ဗျာ။ ခင်ဗျားတို့က ဘာနဲ့တူသလဲဆိုတော့ ဒီမိုကရေစီဆိုတဲ့ သားလောင်းကို လွယ်ထားရတဲ့ မိခင်နဲ့တူတယ်။ ကိုယ်ဝန်ဆောင် မိခင်ဆိုတာ အထိုင်အထ အသွားအလာ ဆင်ခြင်ရတယ်။ သားလောင်းကို မွေးတော့လည်း အာဝေဏိက ဒုက္ခကို ခံစားရသေးတယ်။ ဒါပေမယ့်ဗျာ မွေးလာတော့လည်း မွေးလာတဲ့ကလေးက ချစ်စရာလေးပါ။

တနေ့ကျ ဒီမိုကရေစီဆိုတဲ့ တိုက်ကြီးဆောက်ပြီးရင် ခင်ဗျားတို့ကို မြင်ရတော့မှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ခင်ဗျားတို့က သဲတွေ ကျောက်တွေအဖြစ် အောက်ခြေ ဖောင်ဒေးရှင်းထဲမှာ ပါသွားပြီ” တဲ့။     ။
 
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်