NLD ခေါင်းဆောင်များနှင့် အမေရိကန် သံအရာရှိများတွေ့ဆုံ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင်များကို မြန်မာနိုင်ငံရှိ အမေရိကန်သံရုံးမှ တာဝန်ရှိသူ တချို့က လာမည့် ၂၀၁၀ ရွေးကောက်ပွဲ၊ စီးပွာရေး ပိတ်ဆို့မှု ရုပ်သိမ်းရေး စသည့် အချက်များနှင့် ပတ်သက်၍ သဘောထား အမြင်များကို လာရောက် မေးမြန်းခဲ့ကြောင်း သိရှိရသည်။

ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးမှ သံမှူးကြီးတဦး အပါဝင် ၃ ဦးက NLD ဗဟိုအလုပ်အမှုဆောင် CEC ခေါင်းဆောင် များကို ဗဟိုရုံးချုပ်သို့ ယမန်နေ့ မွန်လွဲပိုင်းမှ စတင်၍ အချိန် ၁ နာရီကျော်ကြာတွေ့ဆုံခဲ့ခြင်းဖြစ်သည်။
 
တွေ့ဆုံခဲ့သော NLD ခေါင်းဆောင်များမှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များဖြစ်သော ဦးခင်မောင်ဆွေ၊ ဦးသန်းထွန်၊ ဦးဝင်းတင်၊ ဦးစိုးမြင့်၊ ဦးညွန့်ဝေတို့အပြင် ဦးဉာဏ်ဝင်း၊ ဒေါက်တာ သန်းငြိမ်းနှင့် ဦးဟံသာမြင့် တို့ဖြစ်သည်။

ယင်းသို့ တွေ့ဆုံရာတွင် ၂၀၁၀ ရွေးကောက်ပွဲနှင့် ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေးပိတ်ဆို့မှုကို ပြန်လည်ရုပ် သိမ်းရန် သက်ဆိုင်ရာအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်သည့်အပေါ် NLD ၏ သဘောထားများကို ဆွေးနွေး ခဲ့ကြသည်ဟု ထိုဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူ NLD ဗဟို အလုပ်အမှုဆောင်(CEC)အဖွဲ့ဝင် ဦးခင်မောင်ဆွေက ဧရာဝတီသို့ ပြောသည်။

“၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး NLD ရွှေဂုံတိုင် မူအတိုင်းပဲ ဖြေပါတယ်၊ စီးပွားရေးပိတ်ဆို့မှုနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်လုပ်နေတာကို ကျနော်တို့ လက်ခံတယ်၊ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ်မှာ ချမှတ် ထားတဲ့ပေါ်လစီကို အပြုသဘောဆောင်တာကိုလည်း ကြိုဆိုပါတယ်”ဟု ပြောကြားခဲ့ကြောင်းလည်း ဦးခင်မောင်ဆွေ က ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြီးခဲ့သည့် ဧပြီလ၂၉ ရက်နေ့က ထုတ်ပြန်ထားသော NLD ရွှေဂုံတိုင် ကြေညာစာတမ်း၏ မူအရ ဆုံးဖြတ်မည် ဟုသိရသည်။

ထို NLD ရွှေဂုံတိုင်ကြေညာစာတမ်းတွင် နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရန်၊၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို သုံးသပ်ပြင်ဆင်ရန်၊ ရွေးကောက်ပွဲတွင် လွတ်လပ်ပြီး အလွှာအသီးသီးပါဝင်နိုင်ရေးနှင့် နိုင်ငံတကာက စောင့်ကြည့်ခွင့်ပြုရန် ဟူသော အချက်များအား စစ်အစိုးရက လိုက်လျောလျှင်၂၀၁၀ ရွေးကောက်ပွဲကို လက်ခံ မည် ဖြစ်ကြောင်း ရေးသား ဖော်ပြခဲ့သည်။

အမေရိကန်သံရုံးမှ တာဝန်ရှိသူများ က NLD ရုံးချုပ်သို့ လာရောက်တွေ့ဆုံခြင်းသည် မြန်မာနိုင်ငံအပေါ် ချမှတ် ထားသည့် စီးပွားရေးပိတ်ဆို့မှုများအပေါ် ပိုမိုလုပ်ဆောင်နိုင်ရန်အတွက် သဘောထားအမြင်တချို့လာရောက်စု ဆောင်းခြင်းသာ ဖြစ်ကြောင်း ဦးခင်မောင်ဆွေက ဆိုသည်။

အလားတူပင် NLD ရုံးချုပ်သို့ ဥရောပ သမဂ္ဂ (EU) နှင့် အဖွဲ့ဝင်နိုင်ငံများမှ သံတမန်များ အပါအဝင် ကိုယ်စား လှယ်များက ရွေးကောက်ပွဲ၊ စီးပွားရေး ပိတ် ဆို့မှုရုပ်သိမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခွင့်စသည့် အချက်များကိုလည်း ယခုလဆန်းပိုင်း၌ လာရောက်မေးမြန်းခဲ့သည်။

ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ(CRPP) အတွင်းရေးမှူး ဦးအေးသာအောင်ကမူ မြန်မာနိုင်ငံတွင် စီးပွားရေး ပိတ်ဆို့ထားသည့်အပေါ် ပြန်လည်ရုပ်သိမ်းရေးအတွက် အဓိကထားပြီး လာရောက် တွေ့ဆုံနေတာ ဖြစ်ကြောင်း သုံးသပ်သည်။

“အစိုးရက ဒီမိုကရေစီအခွင့်အရေး၊ လူ့အခွင့်အရေးတွေ တိုးတက်မလာဘူးဆိုရင်တော့ ဒီ စီးပွားရေး ပိတ်ဆို့မှု တွေကတော့ ရှိနေမှာပဲ၊ ပြီးတော့ နအဖ အာဏာပိုင်တွေကလည်း လူ့အခွင့်အရေးနဲ့ပဲ ပတ်သက်လို့ပဲ ဖြစ်ဖြစ် နိုင်ငံရေးအရပဲ ဖြစ်ဖြစ် ပြောင်းလဲပြီး အပေးအယူလုပ်ဖို့ ဆွေးနွေးဖို့ မရှိဘူး၊ ဒီဟာတွေကို ကြည့်ရင် မြန်မာပြည် နိုင်ငံရေးဟာ တိုးတက် ပြောင်းလဲစရာ မရှိဘူးလို့ဘဲ မြင်တယ်”ဟု ဦးအေးသာအောင်က ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်နေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်ကလည်း မြန်မာပြည်အရေးနှင့် ပတ်သက်၍ တိုက်ရိုက် စေ့စပ်ဆွေးနွေးခြင်းနှင့် ပိတ်ဆို့ ဒဏ်ခတ်ခြင်းတို့ တပြိုင်နက် ကျင့်သုံးမည့် မူဝါဒကို ကိုင်စွဲသွားမည်ဟု ပြောဆိုခဲ့သည်။  

သို့သော် မစ္စဟီလာရီ ကလင်တန်၏ စစ်အစိုးရနှင့် တိုက်ရိုက်စေ့စပ်ညှိနှိုင်း ဆက်ဆံမည် ဟူသောပြောကြားချက် ကို ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုလိုက်ပြီး ဒီမိုကရေစီ အင်အားစုများနှင့်လည်း တွေ့ဆုံ ဆွေးနွေးရန်လိုသည် ဟု ပြောကြားခဲ့ကြသည်။  

အမေရိကန်၏ မြန်မာပြည်ဆိုင်ရာ မူဝါဒသည် စေ့စပ်ဆွေးနွေးခြင်း၊ သင့်လျော်သည့် ဒဏ်ခတ်ပိတ်ဆို့မှု၊ လူသားချင်းစာနာမှု အကူအညီ စသည့် အကျွမ်းတ၀င်ရှိပြီးသား အကြောင်းအရာများ အပေါ်တွင် အခြေခံထား ခြင်းဖြစ်သည်။
 
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်