ဂျပန်အသင်း အာရှဂုဏ် ဆောင်နိုင်မည်လော

အာရှတိုက်၏ ဂုဏ်သိက္ခာ အတွက် ယနေ့ညတွင် ယှဉ်ပြိုင်မည့် ပါရာဂွေး အသင်းကို အနိုင်ကစားမည်ဟု ဂျပန်နည်းပြက ပြောကြောင်း သိရသည်။

အာရှတိုက် ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်သည့် အသင်း ၄ သင်း အနက် ဂျပန်အသင်းတသင်းသာ ကျန်တော့ကြောင်း၊ အာရှအသင်းများ ချေမှုန်းခံလိုက်ခြင်းကပင်လျှင် ဂျပန်အသင်းအနေဖြင့် ကွာတားဖိုင်နယ်သို့ အရောက်ချီတက်ရန် တာဝန်တရပ် ပခုံးပေါ်သို့ ရောက်လာခဲ့ခြင်းဖြစ်ကြောင်း ဂျပန်နည်းပြ တာကေရှီအိုကာဒါက  ပြောကြောင်း Goal အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

“အာရှသား ဆိုလို့ ကျနော်တို့ တသင်းဘဲ ကျန်တော့တာ ဆိုတော့ အာရှသား တွေရဲ့ ဂုဏ်သိက္ခာ အတွက် ကစားရတော့မှာပါ။ ဒါက ပါရာဂွေးကို အနိုင် ကစားမယ် ဆိုတဲ့ စိတ်ကူးကို ပိုတောင် ခိုင်မာ စေတယ်” ဟု တာကေရှိအိုကာဒါက ဆိုသည်။

ပြီးခဲ့သည့် စနေနေ့က တောင်အမေရိက တိုက်မှ ဥရုဂွေး အသင်းက အာရှတိုက်သား တောင်ကိုရီးယား အသင်းကို အနိုင်ယူသွား သည်ကို မြင်ရသည့် အတွက် စိတ်မကောင်းကြောင်း အသက် ၅၃ နှစ်အရွယ် ဂျပန်နည်းပြက ဆိုသည်။

အုပ်စုအဆင့်မှ ရှုံးထွက် ၁၆ သင်း အဆင့်သို့ တောင်ကိုးရီးယားနှင့် ဂျပန်တို့  ရောက်ရှိခဲ့ပြီး မြောက်ကိုရီးယားနှင့် သြစတြေးလျမှာ အုပ်စုအဆင့်မှပင် လှည့်ပြန်ခဲ့ရပြီ ဖြစ်သည်။

ရှုံးထွက်အဆင့်တွင်လည်း  တောင်ကိုးရီးယားအသင်းမှာ ဥရုဂွေးအသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ကာ အိမ်ပြန်ခဲ့ပြီဖြစ်သည်။

တောင်ကိုရီးယား သမ္မတ မစ္စတာ လီမြောင်ဘတ်နှင့် ဂျပန်ဝန်ကြီးချုပ် မစ္စတာ နာအိုတိုကန်တို့၏  “အာရှတိုက် ကိုယ်စား ဂျပန်က လက်ရွေးစင်အသင်း ကွာတားဖိုင်နယ်အဆင့်သို့ တက်လှမ်းနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း” အားပေးစကား လက်ခံရရှိခဲ့သည်ဟု ဂျပန်နည်းပြက ပြောသည်။

ဂျပန်အသင်းအနေဖြင့် ပါရာဂွေးအသင်းကို အနိုင်ရပြီး ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့လျှင် ဂျပန်လက်ရွေးစင် အသင်းအတွက် “ပထမဆုံးအကြိမ်” ဖြစ်ပြီး သမိုင်းသစ်ကိုပါ ရေးထိုးနိုင်မည်ဖြစ်သည်။

နည်းပြ တာကေရှီအိုကာဒါသည် ဂျပန်လက်ရွေးစင်အသင်းကို ဒုတိယအကြိမ်မြောက် ကိုင်တွယ်ခဲ့ခြင်းဖြစ်ပြီး ပထမ အကြိမ်မှာ ၁၉၉၈ ခုနှစ် ပြင်သစ်ကမ္ဘာ့ဖလားတွင်ဖြစ်သည်။

ပြင်သစ် ကမ္ဘာ့ဖလားတွင် ဂျပန်အသင်းမှာ ၃ ပွဲစလုံး အရေးနိမ့်ကာ အုပ်စုမှ လှည့်ပြန်ခဲ့ရသည်။

ဂျပန်အသင်း ဘယ်နောက်ခံလူ ယူတို နာဂတိုမို က “အာရှတိုက် ကိုယ်စားပြုအသင်းအနေနဲ့ ကစားရတာ ဂုဏ်ယူပါ တယ်။ ရဲရဲရင့်ရင်နဲ့ ကစားမှာပါ။ ကျနော်တို့ မရှုံးစေရပါဘူး” ဟု ဆိုသည်။

နာဂတိုမိုသည် ကမ္ဘာ့ဖလားတွင် ခြေစွမ်းပြနေသည့်အတွက် ဥရောပ ကလပ်အသင်းကြီးများက အလိုရှိနေပြီး အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်အသင်းဖြစ်သည့် ဘာမင်ဂမ်စီးတီးက စိတ်ဝင်စားနေကြောင်း သိရသည်။

ဂျပန်အသင်းသည် အုပ်စု အဆင့်၌ အာဖရိကတိုက်၏ အကောင်းဆုံး တိုက်စစ်မှူးဆုရ အီတိုး ဦးဆောင်သည့် ကင်မရွန်းကို ၁ ဂိုး ဂိုးမရှိ၊ ဒိန်းမတ်အသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ယူကာ နယ်သာ လန်အသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ထားသည်။

အာရှဘောလုံးအသင်းများတွင် တောင်ကိုရီးယား အသင်းသည် ဂျပန်နိုင်ငံနှင့် ပူးတွဲ၍ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့်  ၂၀၀၂  ခုနှစ် ကမ္ဘာ့ဖလားတွင် ပထမဆုံးအကြိမ် ဆီးမီးဖိုင်နယ်သို့ အမြင့်ဆုံး တက်ရောက်ဖူးသည့် အသင်း ဖြစ်သည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်