ကမ္ဘာ့ ဖလား ဗိုင်းရပ်စ် ကိုက်နေသူများ

လက်လုပ် လက်စား ကျပမ်းသမား ကိုစိုးသူမှာ ပုံမှန်အလုပ် မရှိ။ ပုံမှန်ဝင်ငွေ မရှိခြင်းထက် ကမ္ဘာ့ဖလား ဘောလုံးပွဲကို ပွဲတိုင်းစေ့ မကြည့်နိုင်ခြင်းက ပိုပြီး စိတ်ဓာတ် ကျစရာ ကောင်းကြောင်း ပြောပြသည်။

“ဘောပွဲ ကောင်းကောင်းကြည့်ရတဲ့ အရသာက ဘာနဲ့မှ မတူပါဘူး။ ဘ၀ အမောတွေကို ဒါနဲ့ပဲ ဖြေရတာပါ။ ဒီပွဲကြီးကို မျှော်လင့်နေတာ တော်တော်ကြာပြီ။ ပွဲစေ့ မလွတ်အောင် ကြည့်မယ်လို့တော့ စိတ်ကူးထားတာပါပဲ” ဟု အသက် ၃၀ နှစ်
ဝန်းကျင်အရွယ် ဆံပင်ဘုတ်သိုက်နှင့် ကလေးတယောက်ဖခင် ကိုစိုးသူက ပြောသည်။

ကမ္ဘာ့ဖလား ဘောလုံးပွဲ မလာခင် ကတည်းက ပွဲတိုင်းစေ့ နီးပါး ကြည့်မည်ဟု အားခဲထား ခဲ့သော်လည်း ပိုက်ဆံ မရှိသောကြောင့်  ပွဲတချို့ လွတ်ခဲ့ရကြောင်း၊ ဂျာမနီ-အင်္ဂလန် ကဲ့သို့သော ပွဲကြီးပွဲကောင်း လွတ်ခဲ့သည့် အတွက် ကြေကွဲရကြောင်း ၎င်းက ဆိုသည်။

“ကျနော်တို့က အိမ်မှာလည်း တီဗီမရှိတော့ ဘောပွဲပြတဲ့ လက်ဖက်ရည်ဆိုင် တွေပဲ အားကိုးရတာ။ လက်ဖက်ရည်ဆိုင် ကလည်း အလကား သွားထိုင်လို့ ရတာမဟုတ်ဘူး။ အနည်းဆုံး လက်ဖက်ရည် တခွက်တော့ ၀ယ်သောက်ရ သေးတာပဲ” ဟု ကိုစိုးသူက ပြောသည်။

ဇွန်လ ၁၁ ရက်နေ့မှ ဇူလိုင်လ ၁၁ ရက်နေ့အထိ တလတိုင်တိုင် ကျင်းပနေသော ၁၉ ကြိမ်မြောက် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြောင့် အလုပ်လုပ်ရန် စိတ်မကူးဘဲ တွေ့တွေ့သမျှ လူတကာထံမှ ပိုက်ဆံချေးနေသည်။ အိမ်က ဇနီးနှင့် သား စားစရာမရှိခြင်းထက် ပိုက်ဆံမရှိ၍ ပွဲစဉ်တိုင်း မကြည့်နိုင်မည်ကိုသာ စိတ်ပူလျက်ရှိသည်ကို တွေ့ရသည်။

ကိုစိုးသူကဲ့သို့ပင် ၂၃ နှစ်အရွယ် ကိုမင်းမင်းဦးကလည်း ကမ္ဘာ့ဖလားဘောလုံးပွဲကို ကြည့်လည်းကြည့်၊ လောင်းကစားလည်း လုပ်နေသောကြောင့် ရည်းစားကို ဂရုမစိုက်နိုင်ဘဲ ပစ်ထားရာ ပြတ်တော့မလိုပင် ဖြစ်နေကြောင်း ပြောပြသည်။

စူပါမားကက်တခုတွင် အရောင်းစာရေးမ လုပ်နေသော ချစ်သူကောင်မလေးကို အလုပ်ဆင်းချိန် ကြိုနေကျ ည ၉ နာရီဝန်းကျင်တွင်
ဘောလုံးပွဲ ကြည့်ကောင်းနေသဖြင့် သွားမကြိုဖြစ်သည်မှာ ကြာပြီဟု ကိုမင်းမင်းဦးက ဆိုသည်။

“သူ့ကို ပစ်ထားရတယ်။ ဘောလုံးပွဲလောက်တောင် အလေးမထားဘူးလို့ သူက ထင်နေတာ။ အဲဒီလို ဖြစ်တော့ စိတ်တော့ မကောင်းဘူးပေါ့ဗျာ။ ဒါပေမယ့် ကျနော်ကလည်း ကမ္ဘာ့ဖလား ဘောလုံးပွဲတော့ အလွတ်မခံနိုင်ဘူးဗျ။ ၄ နှစ် ၁ ကြိမ်မှ
ကြည့်ရတဲ့ပွဲတွေဆိုတော့ ကလပ်အသင်းတွေထက် ပိုပြီး feel ဖြစ်တယ်။ ဘောလုံးပွဲ နားတဲ့နေ့မှပဲ သွားကြိုပြီး ချော့တော့မယ်” ဟု ကိုမင်းမင်းဦးက ပြောသည်။

ကိုစိုးသူနှင့် ကိုမင်းမင်းဦးတို့ ကဲ့သို့ပင် ကမ္ဘာ့ဖလားဘောလုံးပွဲကို ရင်ခုန်စွဲမက်သူ တော်တော်များများကို တွေ့မြင်ကြရသည်။

ဟာခနဲ၊ ဟင်ခနဲ၊ ဂိုး ဆိုသော အသံများမှာ လူနေအိမ်များ၊ လက်ဖက်ရည်ဆိုင်များ၊ ဗီဒီယိုရုံများဆီမှ လမ်းမပေါ်အထိ
ဆူညံ ပေါက်ကွဲထွက်လာအောင်ပင် ကမ္ဘာ့ဖလားဘောလုံးပွဲကို အသက်အရွယ်မရွေး၊ လူကြီးလူငယ်မရွေး အိပ်ပျက်ခံကာ စောင့်ကြည့်နေကြသည်။ ကိုယ်နှစ်သက်သော အသင်းဘက်မှ နေပြီးလောင်းကြသည်။

ယခုရက်အတွင်း လက်ဖက်ရည်ဆိုင်၊ ဈေး၊ လုပ်ငန်းခွင်များတွင် တဦးနှင့် တဦး ဆုံကြသည့်အခါ ပြောကြသည်မှာ
စီးပွားရေး၊ နိုင်ငံရေး၊ ရွေးကောက်ပွဲနှင့် လူမှုရေးအကြောင်းများမဟုတ်ဘဲ ဘောလုံးပွဲအကြောင်း၊ လောင်းကြေးအကြောင်းများသာ ဖြစ်သည်ကို တွေ့ရသည်။

“ဘောလုံးပွဲ လောင်းဖြစ်တယ်ဆိုတာ အဓိကကတော့ ၀ါသနာပေါ့နော်။ ဒီဘောလုံးပွဲကို ၀ါသနာပါရင်း ကြည့်ရင်းကနေ
ဝင်ပြီး လောင်းဖြစ်သွားတာပေါ့။ အဲဒီလို ပုံစံမျိုးနဲ့ အပျင်းပြေလောင်းရင်း တဖြည်းဖြည်း များလာတာပေါ့” ဟု အသက် ၄၉ နှစ်အရွယ် ဦးခင်စိုးက ပြောသည်။

ကမ္ဘာ့ဖလားပွဲတိုင်း အားရပါးရ အားပေးသလို အားရပါးရ လောင်းလေ့ရှိသောကြောင့် ၁၉၉၈ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပွဲတွင် ကားတစီးလုံး ထိုးအပ်ရသည်အထိ ဖြစ်ခဲ့သူ ဦးခင်စိုးက ယခုပွဲများတွင်လည်း ငွေကျပ် ၁၂ သိန်းကျော် ရှုံးနေပြီဟု ပြောသည်။

အသက် ၃၀ ၀န်းကျင်အရွယ် မသက်သက်အောင်က “အာဂျင်တီးနားပွဲကိုတော့ အကြိုက်ဆုံးပဲ။ အဲဒီပွဲ လောင်းတာလည်း နိုင်တယ်။ ကြည့်လို့လည်း အရမ်းကောင်းတယ်။ ရင်တမမနဲ့ပဲ ကြည့်နေရတာ” ဟု နီရဲနေသော မျက်လုံးများကို လက်ဖြင့် ခပ်ကြမ်းကြမ်း ပွတ်ရင်း ပြောသည်။

ခင်ပွန်းသည်နှင့် အတူကြည့်ရင်း ဘောလုံးပွဲ စွဲသွားကြောင်း၊ ပရီးမီးယားလိဂ်ကို မလွတ်တမ်းကြည့်ပြီး လောင်းခဲ့ရာ လက်ဝက်လက်စားများလည်း ကုန်ပြီ ဖြစ်ကြောင်း၊ ကမ္ဘာ့ဖလား ဘောလုံးပွဲကိုမူ ယခုနှစ်မှ စတင်လောင်းဖူးခြင်း ဖြစ်ကြောင်း မသက်သက်အောင်က ပြောသည်။

ည အိပ်ရေးပျက်သည့်ဒဏ်ကြောင့် ကလေးများမှာ ဖျားလျက်ရှိသော်လည်း သူမကမူ ဇောကပ်နေ၍ အိပ်ရေးပျက်သည့်ဒဏ် ခံနိုင်နေဆဲဖြစ်သည်ဟု ပြောပြသည်။

မသက်သက်အောင်က ဘောလုံးပွဲလောင်းနည်းအကြောင်းများကိုလည်း စိတ်ပါလက်ပါနှင့်  ပြောပြနေသေးသည်။

ငွေကြေးချို့တဲ့သူ အများစုမှာ ငွေကျပ် ၅၀၀ ခန့်ဖြင့် လောင်းနိုင်သော အပေါ်ဟု ခေါ်သည့် အနည်းဆုံး ဂိုးပေါင်း ၃ ဂိုးရမှ နိုင်သော နည်းနှင့် အောက်ဟု ခေါ်သော အနည်းဆုံး ဂိုးပေါင်း ၂ ဂိုးရမှ နိုင်သော နည်းတို့ကိုသာ လောင်းနိုင်ကြသည်ကို တွေ့ရသည်။

ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်တလျှောက် ၁ လုံးဟု ခေါ်ကြသော ဘောလုံးလောင်းကစားနည်းမှာ ယခုအခါ ဆတူလောင်းခြင်း၊ ဂိုး (အပေါ်)၊ ဂိုး (အောက်) လောင်းခြင်း နည်းတို့ဖြင့်သာ လောင်းနိုင်သည်။

ငွေကြေးတတ်နိုင်သူများက ဆတူလောင်းခြင်းနည်းဖြင့်သာ လောင်းကြသည်။ ဒိုင်များကလည်း ငွေကျပ် ၅ ထောင် အနည်းဆုံးထားပြီး လောင်းကြခြင်းကို လက်ခံသည်။ ယင်းကို Open ဖွင့်သည်ဟု ခေါ်ကြသည်။

လက်ခွဲဒိုင်လုပ်ငန်းလုပ်သူ ကိုကျော်ကျော်မင်းက ကမ္ဘာ့ဖလားဘောလုံးပွဲမှ စီးပွားဖြစ်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း ပြောသည်။

“ဒီအချိန်က ကျနော်တို့အတွက်တော့ စီးပွားရှာလို့ အကောင်းဆုံး အချိန်ပဲ။ ကျနော့်သူဌေး တရုတ်ကလည်း ဒီအချိန်ကို စောင့်နေတာ။ သူက မူဆယ်ကနေ ရန်ကုန်ကိုလာပြီး ဒိုင်လာကိုင်တာလေ” ဟု ကိုကျော်ကျော်မင်းက ပြောသည်။

ရုမ်းပြည်နှင့် တရုတ်ပြည်တို့မှ တရုတ်သူဌေး၊ ကိုးကန့်၊ '၀' သူဌေးတို့မှာ ဘောလုံးဒိုင်လုပ်ငန်း လုပ်ရန် ဇွန်လဆန်းကတည်းကပင် ရန်ကုန်သို့ ဆင်းလာကြခြင်းဖြစ်ကြောင်း၊ လက်ရှိ ရန်ကုန်မြို့တွင်းရှိ ဒိုင်ကြီးအများစုမှာ တရုတ်လူမျိုးများသာ ဖြစ်ကြောင်း သိရှိရသည်။

“သာကေတမြို့နယ်က ရပ်ကွက်တခုတည်းမှာတင် လက်ခွဲဒိုင် ၈ ဒိုင်လောက်ရှိတယ်။ ဒိုင်တွေများသလို ထိုးသားတွေလည်း များတယ်” ဟု သာကေတမှ ဘောလုံးဝါသနာရှင်တဦးက ပြောပြသည်။

အဆိုပါ လမ်းတွင် နေထိုင်သူ လူဦးရေ ၁၀၀၀ ၀န်းကျင်ခန့်ရှိပြီး လက်ခွဲဒိုင် ၈ ဒိုင်ရှိသည်ဟု သိရသည်။ အင်းစိန်ရှိ  ရပ်ကွက်တခုတွင် နေထိုင်သူ ၂၀၀၀ ၀န်းကျင်ခန့်ရှိကာ လက်ခွဲဒိုင်ပေါင်း ၁၅ ဒိုင်ခန့်ရှိသည်။

ရပ်ကွက်တွင်းက လက်ဖက်ရည်ဆိုင်များ၊ လမ်းဘေးဈေးဆိုင်များမှအစ လက်ခွဲဒိုင်များမှသည် ဘောလုံး လောင်းကစား အတွက် တိုက်ခန်းငှားပြီး ဒိုင်ဖွင့်ကစားကြသည့် ဒိုင်ကြီးများအထိ ရှိလာခဲ့သည်။

အဆိုပါ လက်ခွဲဒိုင်များကို ချုပ်ကိုင်ထားသူ ဒိုင်ချုပ်များမှာ တရုတ်၊ ကိုးကန့်နှင့် ၀လူမျိုးများဖြစ်ပြီး ရန်ကုန်မြို့တွင်းရှိ  လသာ၊ ကျောက်တံတား၊ တာမွေ၊ မင်္ဂလာတောင်ညွှန့်၊ ဗိုလ်တထောင်၊ ကမာရွတ်၊ စမ်းချောင်း၊ ကျောက်မြောင်း၊ သင်္ဃန်းကျွန်းစသည့် မြို့နယ်များတွင် ဒိုင်ကြီးများအဖြစ် ဖွင့်လှစ်ထားပြီး  ထိုးကြေး သိန်းထောင်ဂဏန်းအထိ လက်ခံကာ ဒိုင်ကိုင်လေ့ရှိကြောင်း သိရှိရသည်။

အဆိုပါ လောင်းကစား ဒိုင်ကြီးများတွင် လောင်းကြေးငွေကို ငွေကျပ် ၅၀၀၀ မှ စတင်လက်ခံပြီး ငွေပမာဏကို မည်ရွေ့မည်မျှ ကန့်သတ်ချက်မထားဘဲ နိုင်သလောက် လောင်းကစားနိုင်ကြောင်း၊ ထိုးသားများ အနေဖြင့် တယ်လီဖုန်း အဆက်အသွယ်ဖြင့် လောင်းနိုင်ကြောင်း သိရသည်။

၎င်းတို့က နယ်မြေခံရဲများ၊ မြို့နယ်မှူးများအား လိုင်းကြေးအနေဖြင့် ဒိုင်အကြီးအသေးပေါ်တွင် မူတည်ပြီး အနည်းဆုံး ၅သိန်း၊  ကျပ် ၁၀ သိန်းမှ ကျပ် သိန်း ၅၀ ကျော်အထိ ပေးဆောင်ထားကြောင်း သိရှိရသည်။

ယနေ့ခေတ် ဘောလုံးပွဲ ကြည့်သူများ၏ ၉၀ ရာခိုင်နှုန်းခန့်က ဘောလုံးပွဲ လောင်းသူများဖြစ်ကြောင်း၊ ဘောလုံးပွဲကြည့်သူ၊ လောင်းသူများလာသည့်အတွက် ဒိုင်များလည်း တဖြည်းဖြည်းနှင့် များလာခြင်းဖြစ်ကြောင်း ပြည်တွင်း အားကစား ဂျာနယ် တစောင်မှ အယ်ဒီတာက ပြောသည်။

“ဘောလုံးပွဲ ကြည့်သူ ၁၀ ဦးမှာ ၉ ဦးက လောင်းဖြစ်တယ်။ ဒိုင်တွေကလည်း ပိုများလာတယ်။ ဘောလုံးပွဲ ပြတဲ့  လက်ဖက်ရည်ဆိုင်တင် ထိုင်ရာမထ လောင်းလို့ရတယ်။ အခုလောင်းနေကြတာ ယောကျာ်းတွေ တင်မကဘူး၊ မိန်းမတွေကလည်း ၂ လုံး ၃ လုံး ထိုးသလိုပဲ အသားကုန်ထိုးပြီး လောင်းနေကြတာ” ဟု သူက ပြောသည်။

အားကစားဂျာနယ်များအပြင် သတင်းဂျာနယ်များတွင်လည်း ပွဲစဉ်သုံးသပ်ချက်၊ ပွဲကြိုခန့်မှန်းချက်၊ ပွဲပြီး ခန့်မှန်းချက်များကို ဝေေ၀ဆာဆာထည့်ပေးခြင်းဖြင့် လောင်းကစားမှုကို အားပေးရာ ရောက်နေသည်ကို တွေ့မြင်ရသည်။

“အားကစားဂျာနယ်တွေက ဘောလုံးဝါသနာပါတဲ့သူတွေတင်မကဘူး။ လောင်းတဲ့သူတွေကပါ ၀ယ်ဖတ်လာကြတယ်။ လောင်းနိုင်အောင် ခန့်မှန်းချက်တွေ ထည့်ပေးရင် ပိုရောင်းရတယ်။ ခန့်မှန်းချက်တွေ မှန်ရင်တော့ ရောင်းအား ထိုးတက်သွားတာပဲ” ဟု ဂျာနယ်အရောင်းဆိုင်တခုက ပြောသည်။

ယခုကဲ့သို့သော ဘောလုံးပွဲရာသီတွင် ဘောလုံးဝါသနာရှင်များ၊ လောင်းကစား ၀ါသနာရှင်များက ကမ္ဘာ့ဖလား ဘောလုံးပွဲကို ပျော်ပျော်ကြီး အားပေးကြည့်ရှုနေကြသော်လည်း ဘောလုံးပွဲပြီးဆုံးလျှင်မူ လောင်းကစားကြောင့် အိမ်ဆုံး၊ ကားဆုံး၊ အကြွေးတင် စသည်ဖြင့် ဘောလုံးနွံနစ်ကြသည်ကို ကြားရဦးမည်ဟု ရန်ကုန်မြို့ခံတဦးက ညည်းညူသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်