ကမ္ဘာ့ချန်ပီယံ ဖြစ်ရမည်ဟု စပိန် နည်းပြကြုံးဝါး

ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် ပွဲစဉ်တွင် ဂျာမနီ အသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ယူပြီး ဗိုလ်လုပွဲသို့ တက်သွားသည့် စပိန် အသင်းနည်းပြက ကမ္ဘာ့ဖလားကို သိမ်းပိုက်ရန် ဆန္ဒပြင်းပြ နေပြီဟု ပြောဆို လိုက်သည်။

စပိန်အသင်း နည်းပြ ဒဲလ်ဘော့ စကေးက “ကျနော့် ရည်မှန်းချက် အတိုင်း ဗိုလ်လုပွဲကို တက်ရောက်ခွင့်ရတာ သိပ်ပျော်တယ်။ ချန်ပီယံ ဖြစ်ချင်လှပြီ” ဟု BBC သတင်းဌာနသို့ ပြောထားသည်။

ဂျာမနီ အသင်းကို အနိုင်ရပြီးနောက် နည်းပြ ဒဲဘော့ စကေးသည် ကစားသမား များကို ဗိုလ်လုပွဲ တွင်လည်း အနိုင်ရ ရှိရန်အတွက် ကြိုးစားကြရန် တိုက်တွန်းသည်။

ဂျာမနီနှင့် ယှဉ်ပြိုင်ခဲ့သောပွဲတွင် စပိန်နောက်ခံလူ ၀ါရင့်ကစားသမား ပူယိုးလ်က ၇၃ မိနစ်တွင် သွင်းလိုက်သော ဂိုးကြောင့် စပိန်တို့ ဗိုလ်လုပွဲသို့ ရောက်ရှိလာခြင်းဖြစ်သည်။ လာမည့် ဇူလိုင်လ ၁၁ ရက်နေ့တွင် နယ်သာလန်အသင်းနှင့် နောက်ဆုံး ဗိုလ်လုပွဲ ကစားကြမည်ဖြစ်သည်။

စပိန်အသင်းအနေဖြင့် ယခုအခါ နယ်သာလန်အသင်းကို အနိုင်ယူရန်အတွက်သာ အာရုံစိုက်ထားကြောင်း  စပိန် နည်းပြ ပြောသည်။

“ကစားသမားတွေဟာ သူတို့အလုပ်ကိုသူတို့ ကောင်းကောင်း လုပ်နိုင်ခဲ့ကြပါတယ်။ လာမယ့် ဗိုလ်လုပွဲကိုပဲ စဉ်းစားပြီး အနိုင်ရအောင် တိုက်ပွဲဝင်ကြရမယ်” ဟု ပြောသည်။

စပိန်အသင်းသည် လက်ရှိပြိုင်ပွဲအတွင်း တဦးချင်း စွမ်းရည်၊ ကျွမ်းကျင်မှုများဖြင့် ဗျူဟာ အမြောက်ဆုံး ကစားခဲ့ပြီး စပိန်တိုက်စစ်မှူး ဒေးဗစ်ဗီလာသည်လည်း  ၅ ဂိုးသွင်းကာ ထိပ်တန်း တိုက်စစ်မှူး နေရာတွင် ရပ်တည်နေသည်။

စပိန်အသင်းအနေဖြင့် ယူရို ၂၀၀၈ တွင် ဥရောပ ချန်ပီယံဘွဲ့ကို ရရှိထားပြီးဖြစ်သဖြင့် ၂၀၁၀ ကမ္ဘာ့ဖလားကိုပါ ဆက်လက် အနိုင်ရရှိရေး အတွက် ကြိုးစားမည်ဟု သိရသည်။

စပိန်အသင်းသည် တပွဲနှင့် တပွဲ ပိုမို ကောင်းမွန်အောင် ကစားခဲ့ကြောင်း၊ သို့သော် ဂိုးသွင်းသည့် နေရာတွင် နောက်ဆုံး အဆုံးသတ်တွင် အနည်းငယ်လိုသေးကြောင်း၊ ဂျာမနီနှင့်ပွဲတွင် ဂိုး ပိုမိုရနိုင်သော်လည်း နောက်ခံလူ ပူယိုးလ် သွင်းသည့် ၁ ဂိုးသာရခဲ့ကြောင်း စပိန်နည်းပြက ပြောသည်။

စပိန်နောက်ခံလူ ဂျရတ်ပီကေးက နယ်သာလန်နှင့် ကစားရမည့်ပွဲသည် ပွဲကြပ်တပွဲသာဖြစ်ကြောင်း ဆိုသည်။

ဂျာမနီအခြေစိုက် Kickerအားကစားမဂ္ဂဇင်းတွင်မူ ဂျာမနီအသင်း၏ အလယ်တန်းလူများ ဖြစ်သည့် ကီဒီရာနှင့် အိုဇေးတို့သည် ကမ္ဘာ့အဆင့်တွင် မည်သို့တိုက်စစ်ဆင်ရမည်ကို သဘောမပေါက်ကြောင်း၊ အင်္ဂလန်နှင့် အာဂျင်တီးနားကို အနိုင်ယူခဲ့သော်လည်း ၀ါရင့်သဘာရင့် စပိန်နှင့်ပွဲတွင်မူ သိမ်ငယ်စိတ်ဖြင့် ကစားခဲ့ကြောင်း ရေးသား ထားသည်။

“အပြစ်တွေချည်းပဲတော့ ရှိတာ မဟုတ်ပါဘူး။ သူတို့မှာ ဖြေသိမ့်စရာတော့ ကျန်ပါသေးတယ်။ တောင်အာဖရိက ကမ္ဘာ့ဖလားမှာ ဒီနေရာအထိ ရောက်အောင် အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်” ဟု ဖော်ပြထားသည်။

ဂျာမနီအသင်းသည် အတွေ့အကြုံ နည်းပါးသည့်အတွက် ရှုံးခဲ့သော်လည်း ငယ်ရွယ်သူများနှင့် တည်ဆောက် ထားသည့်အတွက် လာမည့် ဥရောပဖလားနှင့် ကမ္ဘာ့ဖလားတွင် တောက်ပခမ်းနားသည့် အနာဂတ်ရှိသေးကြောင်း၊ ထို့အပြင် ဂျာမနီနည်းပြ ဂျိုးအာချင်လိုး အနေဖြင့် ဂျာမန်ဘောလုံးအဖွဲ့ချုပ်နှင့် စာချုပ်အသစ် ချုပ်ဆိုနိုင်ရန် အမြန်ဆွေးနွေးရေး ကစားသမားများနှင့် ပြည်သူများက စောင့်မျှော်နေကြောင်း  Kicker မဂ္ဂဇင်းတွင် ဆက်လက် ရေးသားထားသည်။

ဂျာမနီအသင်းသည် လာမည့် ဇူလိုင်လ ၁၀ ရက်နေ့တွင် ဥရုဂွေးအသင်းနှင့် တတိယနေရာအတွက် ယှဉ်ပြိုင်မည်ဖြစ်သည်။

ဂျာမနီအသင်းသည် စပိန်အသင်းကို ရှုံး၍ ကမ္ဘာ့ဖလားမှ ထွက်ခွာခဲ့ရသော်လည်း အုပ်စုပွဲစဉ်တွင် သြစတြေးလျကို ၄ ဂိုး ဂိုးမရှိ၊ ရှုံးထွက် အဆင့်တွင် ၄ ဂိုး ၁ ဂိုး၊ ကွာတားဖိုင်နယ် အဆင့်တွင် အာဂျင်တီးနား အသင်းကို ၄ ဂိုး ဂိုးမရှိ အနိုင်ရခဲ့ခြင်းက တောင်အာဖရိက ကမ္ဘာ့ဖလား ပြိုင်ပွဲတလျှောက်တွင် ဂိုးအများဆုံးသွင်းယူပြီး တိုက်စစ် အသားပေးဟန်ဖြင့် ပရိသတ်များကို ဖျော်ဖြေခဲ့သည့် အသင်းဖြစ်သည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်