ဥရုဂွေးနှင့် ဂျာမနီ ကစားသမားများ အကောင်းဆုံး ဆုများရ

ကမ္ဘာ့ဖလား ပွဲစဉ်များတွင် “အကောင်းဆုံး ဘောလုံး သမားဆု”ကို ဥရုဂွေး အသင်းမှ ဒီယေဂို ဖော်လန်က ရရှိသွားပြီး “ရွှေဖိနပ်” ဆုနှင့် “အကောင်းဆုံး လူငယ် ကစားသမားဆု” ဆုနှစ်ခု စလုံးကို ဂျာမနီ အသင်းမှ သောမတ်စ် မူလာ က ဆွတ်ခူးရရှိ သွားကြောင်း သိရသည်။

“အကောင်းဆုံး ဘောလုံးသမား” ဆု ရရှိသည့် ဒီယေဂို ဖော်လန်က“ မျှော်လင့်မထားဘဲ ရွှေဘောလုံး ဆုရတော့ အရမ်း ၀မ်းသာတယ်။ တကယ် တမ်းက ဂိုးသွင်းတာ အများဆုံး ဆုဖြစ်တဲ့ ရွှေဖိနပ်ဆုကို ချိန်ရွယ် ထားတာပါ” ဟု FIFA ၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

ဖော်လန်သည် နယ်သာလန် အသင်းမှ ရှနိုက်ဒါနှင့် စပိန်အသင်းမှ ဒေးဗစ်ဗီလာ တို့ကို ဖြတ်ကျော်ပြီး မထင်မှတ်ဘဲ ရရှိသွားခြင်းဖြစ်သည်။

ဆုရခြင်းကြောင့် ကျေနပ် ၀မ်းမြောက်ကြောင်း၊  မိမိတဦးတည်းကြောင့် မဟုတ်ဘဲ ဥရုဂွေး တသင်းလုံး၏ စွမ်းရည်ကြောင့် ဖြစ်ပြီး ဥရုဂွေးအသင်း အနာဂတ်အတွက် အလားအလာ ကောင်းများဖြစ်သည်ဟု ဖော်လန်က ဆိုသည်။

ရွှေဖိနပ်ဆုရှင် သောမတ်စ် မူလာမှာလည်း  စပိန်အသင်းမှ ဒေးဗစ်ဗီလာ၊ နယ်သာလန် အသင်းမှ ရှနိုက်ဒါတို့နှင့်အတူ ကမ္ဘာ့ဖလားပွဲစဉ် တလျောက်တွင် ၅ ဂိုးစီ သွင်းယူပြီး ဂိုးအများဆုံး သွင်းယူထားသူများအဖြစ် အပြိုင် ရပ်တည်နေရာမှ ရွေးချယ်ခံရခြင်း ဖြစ်သည်။

ဒုတိယနေရာဖြစ်သည့် ငွေဖိနပ်ဆုအတွက်မူ စပိန်အသင်းမှ ဒေးဗစ်ဗီလာနှင့် နယ်သာလန်မှ ရှနိုက်ဒါတို့ အသီးသီးရရှိသွားသည်။

ထို့အပြင် သောမတ်စ် မူလာသည် မက္ကဆီကိုအသင်းမှ ဒေါ့စ် ဆန်တို့စ်နှင့် ဂါနာအသင်းမှ အန်ဒရေ အေယောတို့ကို ကျော်ဖြတ်ပြီး “ကမ္ဘာ့အကောင်းဆုံး လူငယ်ကစားသမားဆု” ကိုပါ ထပ်မံ ဆွတ်ခူး ရရှိခဲ့သည်။

ယခုနှစ် ကမ္ဘာ့ဖလား အကောင်းဆုံး အားကစားသမား ဆုများပေးရာတွင် ထူးခြားချက်မှာ နောက်ဆုံး ဗိုလ်လုပွဲရောက်သည့် အသင်းများမှ မဟုတ်ဘဲ ဆီမီးဖိုင်နယ်အဆင့် ရောက်ခဲ့သည့် အသင်းများမှ ကစားသမားများသာ ရရှိခဲ့ကြသည်ကို တွေ့ရသည်။

“အကောင်းဆုံး ဂိုးသမား” ဆုကို စပိန်အသင်းမှ ဂိုးသမား ကားဆီးလက်စ် က ဆွတ်ခူးသွားပြီး အကောင်းဆုံး အသင်း ဆုကိုလည်း စပိန်အသင်းမှပင် ရယူသွားသည်။ အညံ့ဆုံးအသင်းမှာ မြောက်ကိုရီးယားအသင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၀၆ ဂျာမနီ ကမ္ဘာ့ဖလားတွင် ရွှေဖိနပ်ဆုကို ဂျာမနီအသင်းမှ မီလိုဆလပ် ကလိုဆေးက ရရှိခဲ့ပြီး ရွှေဘောလုံးဆုကို ပြင်သစ်အသင်းမှ ဇီဒန်းက ရရှိခဲ့သည်။ လူငယ် အကောင်းဆုံး ကစားသမားဆုကို ဂျာမနီမှ ပိုဒေါ့စကီးက ရရှိခဲ့သည်။

အာဂျင်တီးနားမှ မာရာဒိုနာ၊ ဘရာဇီးမှ ရိုမာရီယိုနှင့် ရိုနယ်ဒို၊ ပြင်သစ်မှ ဇီဒန်းတို့သည် ရွှေဘောလုံးဆုကို ရရှိဖူးသူများ ဖြစ်သည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်