ကမ္ဘာ့ဖလားကို စပိန် ပထမဆုံး သိမ်းပိုက်

၁၉ ကြိမ်မြောက် ကမ္ဘာ့ဖလားပွဲမှာ စပိန်အသင်းက နယ်သာလန် အသင်းကို အကြိတ်အနယ် ကစားကာ ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူပြီး ကမ္ဘာ့ဖလား သက်တမ်း နှစ်ပေါင်း ၈၀ အတွင်း ပထမဆုံး ချန်ပီယံ အသင်းသစ် အဖြစ် ထူးခြားစွာ မော်ကွန်းစိုက် ထူလိုက်နိုင်ပါပြီ။

နယ်သာလန် အသင်းကတော့ ဒုတိယဆုကို တတိယ အကြိမ်မြောက် ရယူတဲ့ စံချိန်ကို ဆက်လက် ထိန်းသိမ်း ထားလိုက်ပါတယ်။

ဒီတကြိမ်မှာ ကျင်းပတဲ့ တောင်အာဖရိက ကမ္ဘာ့ဖလား ကတော့ ဘောလုံး လောကမှာ မထင်မှတ်ထားတဲ့ အပြောင်းအလဲတွေ အများဆုံး ဖြစ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ဥရောပ အသင်းတွေက သူတို့ရေမြေ မဟုတ်ဘဲ ကြားတိုင်းပြည်မှာ လုပ်တဲ့ ကမ္ဘာ့ဖလားပွဲတွေမှာ ဗိုလ်စွဲဖို့ အင်မတန် ခဲယဉ်းတယ်ဆိုတဲ့ ပုံသေနည်းကျကျ ခန့်မှန်းချက်တွေလည်း ဒီတခါတော့ မှားယွင်းခဲ့ပါတယ်။

၂၀၀၂ ခုနှစ်က ကျင်းပတဲ့  တောင်ကိုရီးယား-ဂျပန် ကမ္ဘာ့ဖလားမှာလည်း တောင်အမေရိကတိုက်က ဘရာဇီး ဗိုလ်စွဲသွားတဲ့ နမူနာကလည်း ရှိ၊ ဘရာဇီးတို့၊ အာဂျင်တီးနားတို့ကလည်း ခြေစွမ်းတွေက ထက်ဆိုတော့လည်း တောင်အမေရိကတိုက်ကို ထင်ကြေးပေးတာလည်း မမှားပါဘူး။

ဒါပေမယ့် ကွာတားဖိုင်နယ်မှာတင် ဘရာဇီးတို့၊ အာဂျင်တီးနားတို့ပဲ ဆိုတဲ့ ခန့်မှန်းချက်တွေလည်း ပျောက်ကွယ်ခဲ့ရပါတယ်။

ကမ္ဘာ့ဖလား မစခင်ကတည်းက ဒီလူသိုက်နဲ့ဆို ချန်ပီယံဖြစ်မယ်လို့ ခန့်မှန်းခဲ့ကြတဲ့ နာမည်ကြီး အင်္ဂလန်အသင်းလည်း ရှုံးထွက် အဆင့်ကနေပြီးတော့ လှည့်ပြန်ခဲ့ရသလို ၂၀၀၆ ကမ္ဘာ့ဖလား ချန်ပီယံ အီတလီနဲ့ ပြင်သစ် အသင်းကြီးတွေလည်း ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ အသင်းထဲမှာ ၀ိဝါဒ ကွဲပြားမှု အမျိုးမျိုးဖြစ်ပြီး အုပ်စုအဆင့်ကနေ လန်ကျခဲ့ရပါပြီ။

မာရာဒိုနာလို “ဘုရားပေးတဲ့လက်ပိုင်ရှင်” က သူသာလျှင် အစစ်ဖြစ်တယ်ဆိုတဲ့ ကစားသမား တယောက်တောင် ထပ်ပေါ်လာ ခဲ့သလို ရေဘ၀ဲလို သတ္တ၀ါက လူသားတွေထက် မှန်အောင် ခန့်မှန်းနိုင်တဲ့ သဘာဝလွန်ဖြစ်ရပ်တွေလည်း ဖြစ်ခဲ့ပါတယ်။

အားလုံး မထင်မှတ်တဲ့ ထူးခြားချက်ကတော့ ကနဦးအစက ဗိုလ်စွဲမယ်လို့ တစ်ပေးမခံရတဲ့ စပိန်၊ နယ်သာလန်၊ ဂျာမနီတို့ ပထမ၊ ဒုတိယ၊ တတိယရရှိ သွားခြင်းဖြစ်ပါတယ်။

ထို့အတူ မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ဗိုလ်လုပွဲကိုလည်း  ပြစ်ဒဏ်ဘော အများဆုံး၊ အ၀ါကတ်အများဆုံး ပွဲစဉ်တပွဲအဖြစ် မှတ်တမ်းတင်မယ် ဆိုရင်တောင် ရပါလိမ့်မယ်။

ပွဲအစမှာကတည်းက စပိန်အသင်းက ဂျာမနီနဲ့ ပွဲမှာ ကစားခဲ့သလို အခုလည်း နယ်သာလန် အသင်းကို ကွင်းလယ်မှာတင် ချုပ်ကိုင်ပြီး ကစားဖို့ ကြိုးစားခဲ့ပေမယ့် နယ်သာလန် အသင်းရဲ့ ခပ်ကြမ်းကြမ်း တုံပြန်ကစားမှုကြောင့် ဘောလုံးကို ခြေထဲမှာ အသေအချာထားခွင့် နည်းခဲ့ပါတယ်။

ပွဲစစချင်း ၄ မိနစ်မှာတင် စပိန်နောက်ခံလူ ဆာဂျီရာမိုစ်ရဲ့ လျှပ်တပြက် ခေါင်းတိုက်ချက်နဲ့ ကန်ချက်တွေကို နယ်သာလန် ဂိုးသမား ကာကွယ်နိုင်ခဲ့လို့ နယ်သာလန်အသင်းအတွက် ခံသာသွားခဲ့ပြီး ၁၆ မိနစ်မှာ နယ်သာလန် ဖရီးကစ် စပါယ်ရှယ်လစ် ရှနိုက်ဒါရဲ့ ကန်ချက်ကို စပိန်ဂိုးသမား ဖမ်းမိသွားတာကြောင့် စပိန်အသင်းလည်း ကံကောင်းသွားခဲ့ပါတယ်။

အဲဒီအချိန်က စပြီးတော့ နှစ်သင်းစလုံး အ၀ါကတ် ပလူပျံလာခဲ့ပါတယ်၊ စပိန်နောက်ခံလူ ကတ်ဒီဗီလာကို ဗန်ပါစီက ချလို့ အ၀ါ ကတ်၊ ပူယိုလ်းက နယ်သာလန်က ရော်ဘင်ကို ချလို့ အ၀ါကတ်၊ ဗန်ဘွန်းမဲလ်က စပိန်ကွင်းလယ်လူ အင်နီယေစတာကို ချလို့ အ၀ါကတ် စတဲ့ အ၀ါကတ်ပေါင်းများစွာကို အင်္ဂလိပ်ဒိုင်လူကြီးက ပြခဲ့ပါတယ်။

အဲဒီလို ထစ်ခနဲရှိ အ၀ါကတ် ပြနေတဲ့ ကြားထဲကမှ နယ်သလန် နောက်ခံလူ ဒီဂျောင်းက ထပ်မံပြီး စပိန်ကွင်းလယ်လူ အလွန်ဆိုရဲ့ ရင်ဘတ်ကို ခြေထောက်နဲ့ ကန်မိတာကြောင့် အလွန်ဆိုလည်း အဲဒီဒဏ်နဲ့ပဲ ကွင်းပြင်ထွက်ခဲ့ရပါတယ်။

နယ်သာလန်အသင်းဟာ စပိန်အသင်းကို အတင်းဝင် အတင်းဖျက် ခပ်ကြမ်းကြမ်း တုံ့ပြန်ကစားတဲ့အပြင်၊ အမြင့်ဘော ကစားခဲ့တဲ့ အတွက်လည်း စပိန်တို့ အကြပ်ဆိုက်ခဲ့ပါတယ်။ ၃၆ မိနစ်မှာ နယ်သာလန်က ထောင့်ကန်ဘောရပြီး ရော်ဘင် ကန်တင်တဲ့ ဘောလုံးကို နောက်ခံလူ မက်သီဆင် အပိုင်ကန်သွင်းရာမှာ လွဲချော်သွားပြန်ပါတယ်။

ဒီလိုနဲ့ နှစ်သင်းစလုံး တဘက်နဲ့ တဘက် အကဲစမ်းရင်းနဲ့ ပထမပိုင်းပြီးဆုံးသွားခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ နယ်သာလန်အသင်းက ပိုမိုထိုးဖောက်လာပြီး၊ ၆၁ မိနစ်မှာ နယ်သာလန်အသင်းရဲ့ အလယ်တန်းက စပိန် နောက်ခံလူ ကတ်ဒီဗီလာနဲ့ ဂျရတ်ပီကေး ကြားမှာရှိနေတဲ့ အာဂျန်ရော်ဘင်ကို  မြေလှိမ့်ဘော ချပေးရာမှာ နောက်ခံလူ နှစ်ယောက် ထိန်းထားတဲ့ကြားက အာဂျန်ရော်ဘင် လွတ်လွတ်ကျွတ်ကျွတ် ဆွဲပြေးပြီး စပိန်ဂိုးသမားနဲ့ နှစ်ယောက်ချင်းအတွေ့မှာ အပိုင်ကန် သွင်းပေမယ့် ဂိုးသမားက ကာကွယ်လိုက်နိုင်ပါတယ်။

ဒီဂိုးသာ ၀င်ခဲ့မယ်ဆိုရင် စပိန်အသင်းအတွက် မလွယ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဂိုးရသွားရင် နယ်သာလန်အသင်း တသင်းလုံး ဆင်းပိတ်ဆို့ ကစားရင် စပိန်အသင်းအနေနဲ့ ကစားရာမှာ အခက်တွေ့နိုင်ပါတယ်။

ထိုအတူပဲ ၆၉ မိနစ်မှာ စပိန်ဂိုးသွင်းဘုရင် ဒေးဗစ်ဗီလာလည်း နယ်သာလန်နောက်ခံလူ ဟိုက်တင်ဂါထံကနေ လွတ်ထွက်လာတဲ့ ဘောလုံးကို အပိုင်ပိတ်ရပေမယ့် နယ်သာလန် ဂိုးသမားကာကွယ်နိုင်ခဲ့ပါတယ်။

ဒီလို ဂိုးသွင်းခြေ မမှန်မှုတွေဟာ ကမ္ဘာ့ဖလား ဗိုလ်လုပွဲဆိုတဲ့ ဖိအားက နှစ်သင်းစလုံးမှာ ရှိနေတာကို ပြနေပါတယ်။

စပိန်အသင်းအနေနဲ့ ဂိုးသွင်းခွင့်များ ရရှိခဲ့သလိုပဲ နယ်သာလန်အသင်းက အာဂျန်ရော်ဘင် ပွဲပြီးခါနီး ၈၁ မိနစ်မှာ ပူယိုးလ် ထိန်းနေတဲ့ကြားက ဒုတိယအကြိမ် အပိုင်ကန်သွင်းဖို့ အခွင့်အရေးထပ်မံ ရရှိပြန်ပါတယ်။ ဒါပေမယ့် စိတ်ဖိစီးမှုများနေတဲ့ အတွက် ဂိုးသမားခြေထောက်နဲ့ ထိပြီး ဂိုးမ၀င်ပါဘူး။

အဲဒီနောက်မှာတော့ ဒုတိယပိုင်းမှာလည်း ဂိုးမသွင်းနိုင်တဲ့ အတွက် မိနစ် ၉၀ ပြည့်သွားပြီး အချိန်ပိုကစားဖို့ ဖြစ်လာတယ်။ အချိန်ပို ဒုတိယပိုင်းမှာတော့ နယ်သာလန် နောက်ခံလူ ဟိုက်တင်ဂါ အ၀ါကတ် ဒုတိယအကြိမ် အပြခံရတဲ့ အတွက် နှစ်ဝါ တနီနဲ့ ထွက်ခဲ့ရပါတယ်။

စပိန်လိုအသင်းမျိုးကို တယောက်လျော့နဲ့ ကစားရတာ အန္တရယ်များကြောင်းကို ဟိုက်တင်ဂါ အထုတ်ခံရပြီး ၈မိနစ်အကြာမှာ  စပိန်ကွင်းလယ်လူ ဖာဘရီဂက်စ်၏ ဖန်တီးပေးမှုမှ တဆင့် အင်နီယေ စတာက ဂိုးသွင်းပြီး ပြသခဲ့ပါတယ်။

တယောက်လျော့နဲ့ ကစားနေရတဲ့ နယ်သာလန်အသင်း ဘယ်လိုမှ ပြန်လည် မချေပနိုင်တော့တာကြောင့် ဘောလုံး ၀ါသနာအိုး တွေအတွက် နောက်ဆုံးအချိန်အထိ ရင်ခုန်ရမယ့် ပင်နယ်တီသွင်းပြီး အဆုံးအဖြတ်ရယူမှုကို ကြည့်ရှုခွင့် လက်လွတ်ခဲ့ရပါတယ်။

တပွဲလုံးကို ခြုံကြည့်ရင် နယ်သာလန်အသင်း အနေနဲ့ ဂိုးသွင်းခွင့်ကို စပိန်အသင်းထက် ပိုမိုရရှိခဲ့သလို အ၀ါကတ်လည်း ၉ ကြိမ် အပြခံခဲ့ရပြီး နောက်ခံလူ ဟိုက်တင်ဂါလည်း နှစ်ဝါ တနီနဲ့ ထွက်ခဲ့ရပါတယ်၊၊

အင်္ဂလိပ် ဒိုင်လူကြီး အနေနဲ့ တပွဲလုံး အ၀ါကတ် ၁၄ ခု အနီကတ် တခုပြပြီး ပွဲကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ပေမယ့်လည်း တချို့သော ဆုံးဖြတ်ချက်တွေဟာ အမှားအယွင်း မကင်းဘူး၊ တရားမမျှတဘူး၊ စပိန်အသင်းကို မျက်နှာသာပေးတယ်လို့ နယ်သာလန် ကစားသမား အာဂျန်ရော်ဘင်နဲ့ ရှေ့တန်းတိုက်စစ်မှူး ကူရစ်တို့က ဝေဖန်ပါတယ်။

နယ်သာလန် နည်းပြ ဗန်မာဝစ်ကတော့ ဒိုင်လူကြီး ၀က်ဘ်အနေနဲ့ စပိန်မီဒီယာတွေရဲ့ လွှမ်းမိုးခြင်းခံနေရတယ်။ ဘာကြောင့်လဲ ဆိုတော့ စပိန်အသင်း အုပ်စုပွဲ အစမှာ ဆွစ်ဇာလန်ကို ရှုံးနိမ့်တုန်း စပိန်သတင်းစာတွေမှာ ဒိုင်လူကြီးကို ဝေဖန်ပြောဆိုခဲ့တွေကို ထာက်ပြခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်း ကောင်းတဲ့အသင်း နိုင်သွားတာဆိုတာကိုတော့ နည်းပြကြီးက ၀န်ခံခဲ့ပါတယ်။

မြန်မာနိုင်ငံက ၀ါရင့် အားကစားကလောင်ရှင် ခင်မောင်ထွေး (ပျဉ်းမနား) ကတော့ နယ်သာလန်အသင်းက ရော်ဘင်ကို အားထား ပြီး မိနစ် ၁၂၀ လုံး ရသမျှဘောလုံး ဘယ်တောင်ပံကသာ ဖောက်နေတော့ တပေါက်တည်း ကစားသလိုဖြစ်ပြီး စပိန်ပိတ်နိုင်သွားတာပါလို့ သုံးသပ်ပါတယ်။

တပွဲလုံးမှာတော့ နောက်ဆုံး ဂိုးသမားသာတဲ့ အသင်းကပဲ နိုင်သွားတယ်လို့ ပြောနိုင်သလို အပိုင်အလုံး သုံးလုံးလောက်ကို စပိန်ဂိုး သမား ကားဆီးလက်စ်က ကာကွယ်သွားနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း အကောင်းဆုံး ဂိုးသမားဆုကို ဒီတကြိမ် ကမ္ဘာ့ဖလားမှာ ရသွားတာပါ။

အခုဆိုရင်တော့ “အကောင်းဆုံး ဘောလုံးသမားဆု”၊ ဂိုးသွင်းအများဆုံး ဆုဖြစ်တဲ့ “ရွှေဖိနပ်ဆု”၊ “အကောင်းဆုံး လူငယ် ကစားသမားဆု”၊ “အညံဆုံးအသင်း” ဆိုတဲ့ ဆုံးဖြတ်ချက်တွေလည်း ထွက်ပေါ်လာခဲ့ပါပြီ။

ဒီယေဂို ဖော်လန်လို ဥရုဂွေး ကစားသမားတွေလည်း “အကောင်းဆုံး ကစားသမားဆု” ရခဲ့သလို၊ “ရွှေဖိနပ်ဆု” နဲ့ “အကောင်းဆုံး လူငယ်ကစားသမား ဆု” ကိုလည်း သောမတ်စ် မူလာဆိုတဲ့ ဂျာမန်ကစားသမားကပဲ ထပ်မံရယူခဲ့ပါတယ်။ ထိုအတူ ဂျာမနီအသင်းလည်း ၂၀၀၆ ကမ္ဘာ့ဖလားအတိုင်း တတိယနေရာဆိုတဲ့ စံချိန်ကို ဆက်လက်ထိန်းထားတာကို တွေ့ရပါတယ်။

အခုဆိုရင် တကမ္ဘာလုံးက ဘောလုံးဝါသနာအိုးတွေ ရင်ခုန်စွာ မျှော်လင့်စောင့်စားခဲ့ရတဲ့ ကမ္ဘာ့ဖလားလည်း ပြီးသွားခဲ့ပါပြီ။ နောက်လာမယ့် ၂၀၁၄ ခုနှစ် ဘရာဇီးမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားမှာ ဘယ်အသင်းတွေ ပြန်ပါလာပြီးတော့ ဘယ်အသင်းတွေ ပြုတ်ကျန်ခဲ့မယ်။ ဘယ်လို အပြောင်းအလဲတွေဖြစ်မယ်ဆိုတာကို ဘောလုံးဝါသနာအိုးတွေလည်း ကျနော်တို့ ဧရာဝတီ ၀ိုင်းတော်သားတွေနဲ့ အတူ စောင့်ကြည့်ကြရအောင်ပါ။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်