နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာကို စောင့်သိရိုသေပါမည်

Saturday, 28 May 2011 19:21 စစ်သည်တော် စာမျက်နှာ
Print
ကျနော်က တပ်မတော်သား၊ သာမန် တပ်သားလေးကနေပြီးတော့ နှစ်ပေါင်း ၃၆ နှစ်နဲ့ ၂၂၂ ရက် လုပ်လာတော့ တပ်မတော် ဘ၀ဟာ ကျနော့်ဘ၀ပဲ။ ကျနော် တပ်မတော်ကို မဆန့်ကျင်ဘူး။ တပ်မတော်ကို မဆန့်ကျင်လို့ ကျနော်နဲ့ မဆက်ဆံချင်လည်း နေ။ အာဏာရှင်စနစ်ကို ဆန့်ကျင်တာ။ အာဏာရှင်ဆိုတာ တပ်မတော်မှ မဟုတ်ဘူး တပါတီပဲ လုပ်လုပ်၊ ပုဂ္ဂိုလ်တဦးပဲ လုပ် လုပ် အာဏာရှင် စနစ်ကို ကျနော် သဘောမတူဘူး။ တပ်ဟာ အာဏာ လုဖက် မဖြစ်စေချင်ဘူး။ တပ်က ကိုယ်တိုင်နိုင်ငံရေးပါတီ ထူထောင်တာလည်း ကျနော် သဘောမတူပါဘူး။

IMG_0091တပ်ကို ရန်သူ အဖြစ်မခံနိုင်ဘူး။ တပ်ဟာ ဒိုင်ပဲ လုပ်ရမယ်။ နိုင်ငံတော်ရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာကို ကာကွယ် စောင့်ရှောက်တဲ့ တပ်မတော်ပဲ ဖြစ်ရပါမယ်။ ပြည်သူတို့နဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်တဲ့ တပ်မတော် ဖြစ်ရပါမယ်။ ပြည်သူတရပ်လုံးက လွတ်လပ်စွာ ဆန္ဒမဲပေး အတည်ပြု ပြဌာန်းထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်တဲ့ တပ်မတော် ဖြစ်ရပါမယ်။ ဖွဲ့စည်းပုံနဲ့ အညီ တက်လာတဲ့ အစိုးရကို သစ္စာစောင့်သိရိုသေတဲ့ တပ်မတော် ဖြစ်ရပါမယ်။ ဖွဲ့စည်းပုံနဲ့ အညီပေးအပ်တဲ့ တာဝန်ကို ထမ်းဆောင်တဲ့ တပ်မတော် ဖြစ်ရပါမယ်။

နောင်နိုင်ငံတော် တာဝန်ဖြစ်တဲ့ စစ်သားဟာ စစ်တိုက်ဖို့၊ လေ့ကျင့်ဖို့၊ ပြည်သူတွေ အကျိုးပြုလုပ်ငန်းတွေ လုပ်ဖို့ပေါ့ဗျာ။ တပ်မတော်သားဟာ ဆယ်အိမ်ခေါင်း လုပ်ဖို့လည်း မဟုတ်ဘူး၊ သူကြီးလုပ်ဖို့လည်း မဟုတ်ဘူး၊ ၀န်ကြီးချုပ်လုပ်ဖို့လည်း မဟုတ်ဘူး၊ သမ္မတလုပ်ဖို့လည်း မဟုတ်ဘူး။

သိပ်အာဏာ လိုချင်တယ်ဆိုရင် သေနတ်စွန့်၊ ယူနီဖောင်းချွတ်၊ ကြိုက်တဲ့ နိုင်ငံရေးပါတီ ထူထောင်၊ အဲဒါ ကျနော် လက်ခုပ် တီးပေးမယ်၊ လက်ဆွဲနှုတ်ဆက်မယ်၊ ပြောရရင် ကျနော်တို့ကလည်း လွတ်လပ်ခြင်း၊ တရားမျှတခြင်း ဆိုတာတွေကို မလွဲမသွေ ရိုသေတဲ့သူတွေပါ။

တပ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်း ပျိုးထောင်ထားတဲ့တပ်၊ ကျနော်တို့ ၀န်းရံပေးရမှာပဲ။  တပ်ကို ရန်သူလို စစ်မျက်နှာဖွင့် တိုက်ရင် ပိုပြီးတော့ စစ်မျက်နှာ ကျယ်သွားမယ်၊ ဆက်ပြီး ရန်သူကြီးသွားမယ်။ အဲဒီတော့ ဒီ နည်းဗျူဟာတော့ မကျင့်သုံးအပ်ဘူးလို့ ကျနော် ခံယူပါတယ်။ ကျနော့်သဘောထား ပြောရရင် တပ်ကို ရန်သူ အဖြစ်မခံနိုင်ဘူး။ ရန်သူ အဖြစ်မခံနိုင်လို့ သူတို့ ထားရာနေ၊ စေရာသွားလည်း သဘောမတူဘူး အဲဒီလိုလည်း မလုပ်ဘူး။

သူတို့ထားရာနေ စေရာသွားမဟုတ်ဘူး၊ ပြည်သူထားရာနေ စေရာသွားဖို့သာ ဖြစ်ရတာ။ အဲဒီတော့ ကျနော်တို့က ပြည်သူထဲက တယောက်ဆိုတော့ ပြည်သူ့ နှလုံးသားကို ရင်ဝယ်ပိုက်တဲ့ တပ်မတော်သား ဖြစ်ဖို့တော့ လိုတာပေါ့။ ဒီကနေ ဖြစ်သလား မဖြစ်ဘူးလား ဆိုတာတော့ အငြင်းမပွားချင်ဘူး။ ဖြစ်နေတဲ့သူကို အသိအမှတ်ပြု မဖြစ်သေးတဲ့သူကို စည်းရုံးရမှာပေါ့။

ဗိုလ်ချုပ်အောင်ဆန်း ပျိုးထောင်ထားတဲ့ တပ်ဖြစ်တဲ့အတွက်ကြောင့် ကိုယ်ရဲ့ လုပ်ဖော်ကိုင်ဖက်၊ တချိန်က ဘ၀တူတွေဆိုတဲ့ စိတ်မျိုးနဲ့ လုပ်ရင် သူတို့လည်း နှလုံးသားချင်း ဆက်မိပါလိမ့်မယ်။ အရေးကြီးတာက ကိုယ်က ပွင့်လင်းရိုးသား၊ ကိုယ်ကျိုး မဖက်ဖို့ သူသိအောင် လုပ်ရမှာပေါ့လေ။ သူလည်း ဒီလိုပြန်လာရင် ဆုံမှတ် တခုရမှာပါ။ တူညီတဲ့ ရပ်တည်ချက်တခုရမှာပါ။  ဒါတွေက တဦးနဲ့တဦး ထိတွေ့ဖို့ လိုပါတယ်။ လွှတ်တော်ထဲတင် ထိတွေ့ဖို့မလိုဘူး။ လွှတ်တော်ပြင်ပမှာလည်း လိုပါတယ်။ အာဖရိကနဲ့ အာရပ်ကမ္ဘာမှာ လွှတ်တော်ပြင်ပနဲ့ အောင်ပွဲခံသွားတာ တပုံကြီးပါ။ လွှတ်တော်ထဲမှာ ရတဲ့နည်းရှိသလို လွှတ်တော်ပြင်ပမှာလည်း တပုံကြီးပါ။

အရင်တုန်းက တပ်မတော်နဲ့ အခုတပ်မတော် မူလဘူတ အဇ္ဈတ္တ အနှစ်ကတော့ အရင်က အတိုင်းပါပဲ။ ပုံသဏ္ဌာန်တွေကတော့ ပြောင်းသွား တယ်ပေါ့ဗျာ။ ပုံသဏ္ဌာန်ဆိုတာကတော့ ဦးဆောင်ဦးရွက်လုပ်တဲ့သူရဲ့ စိတ်နေစိတ်ထား၊ ခံယူချက် အနစ်နာ ခံနိုင်မှု၊ ခေါင်းဆောင်မှု အရည်အချင်းပေါ်မှာ တည်တာပေါ့၊

အမျိုးသား ခေါင်းဆောင်ကြီး ... တပ်မတော်ရဲ့ ဖခင်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ဖွဲ့စည်းတည်ထောင်ထားတဲ့ တပ်မတော်ဆိုတော့ အစဉ်လာ ကောင်းတဲ့ တပ်မတော်ပါ။ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းမှာလည်း ပြည်သူနဲ့ အတူ ပါဝင်လာတဲ့ သမိုင်းအစဉ်အလာရှိတဲ့ တပ်မတော်ပါ။ ပြောရရင် အားကိုးစရာ၊ လေးစားစရာ၊ အားထားစရာ တပ်မတော်ပါ။ ကျနော်တို့ကိုယ်တိုင်လည်း ဒီတပ်မတော်ရဲ့ အခန်းကဏ္ဍမှာ၊ ကျနော်တို့ခေါင်းဆောင်တွေရဲ့ ခေါင်းဆောင်မှုနောက်မှာ သူတို့ရဲ့ ခါးဆွဲပြီး လိုက်လာတဲ့ တပည့်တပန်းပေါ့ဗျာ။

အမျိုးသားဒီမိုကရေစီ ဒု ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တင်ဦးက ကျနော့်တပ်ခွဲမှူးပါ။ သူရဘွဲ့ရော၊ ဇေယျကျော်ထင်ဘွဲ့လည်း ရပြီးသားပါ။  တော်လှန်ရေးမှာ သန္ဓေတည်ခဲ့တဲ့ တပ်မှူးတွေဆိုတော့ အင်္ဂလိပ်ရော ဂျပန်ကပါပေးတဲ့ သင်တန်းတွေလည်း တက်ခဲ့ဖူးတယ်။ အင်္ဂလိပ် သင်တန်းက စည်းကမ်းရှိတာပေါ့။ ဂျပန်ကတော့ စိတ်ဓာတ်ရှိတယ်။

ဒီ ၂ ခုပေါင်းစပ်ထားတော့ ကျနော်တို့ အမွေ ကောင်းတွေရတာပေါ့။ သူတို့ကလည်း တပ်မှူးကောင်းကြီးတွေ၊ ကျနော်တို့ ကလည်း တပ်မှူးကောင်းကြီးတွေ လေ့ကျင်ထားတဲ့ စစ်သား၊ ပြောရရင်တော့ ကျမ်းမကျိန်ခင် ကတည်းက စစ်တိုက်ခဲ့ရတာ။ မိုင်းပွန်မှာ ကရင်လက်ထဲ ရောက်တော့ လွိုင်လင် ဘက်ကနေပြီး ဗိုလ်ချုပ်ကြီး တင်ဦးနဲ့ တပ်စုတစုနဲ့ သွားပြီးတော့ ကျနော် တို့က စစ်ကြောင်းတကြောင်းနဲ့ မိုင်းပွန်ကို သိမ်းတယ်။ တောင်ကြီးကိုတော့ ဗိုလ်မှူး ကျင်စံတို့က သိမ်းတယ်။

စစ်သားသစ် ဘ၀မှာတောင် ကျနော်တို့က စစ်တိုက်ခဲ့ရတဲ့ သူတွေပါ။ အဲဒီတုန်းက မန္တလေးမှာနေတယ်၊ မတ္တရာ သိမ်းတယ်၊ ကျောက်ဆည်သိမ်းတယ်၊ ပျဉ်းမနား သိမ်းတယ်။ အဲဒီထဲမှာ သာမန်ရဲဘော် တယောက်အနေနဲ့ ပါတာပေါ့။  အခုသူတို့ ပြောနေတဲ့ နေပြည်တော် ဆိုတာက ကျနော်တို့ ခြေရာချင်း ထပ်နေတာ။ ခေါက်တုံ့ခေါက်ပြန် ရန်သူကို လိုက်ရှာပြီး တိုက် နေရတဲ့ နေရာ။ သခင်သန်းထွန်း အနေကြာတဲ့ စခန်းကို ဗိုလ်ချုပ်ကြီး တင်ဦး တပ်ရင်းမှူးဘဝနဲ့ ခေါင်းဆောင်ပြီး စစ်ဆင်ရေး လုပ်တာ။

၁၉၅၂ ခုနှစ် မေလ ၅ ရက်နေ့မှာ  ကျနော်သေနတ်ဒဏ်ရာရတယ်၊ ကျနော့်တပ်ခွဲမှူး ဗိုလ်ကြီး ညိုဝင်းမောင်၊ ရဲဘော် ၃ ကျိပ်ဝင် ဗိုလ်ရန်အောင်ရဲ့ ယောက်ဖအရင်းပါ။ အဲဒီမှာ ကျနော့်ကို ပတ်တီးစည်းပေးနေရင်း အဲဒီမှာ ကျသွားတယ်။ ရည်ရွယ်ချက်ကိုက ငါ့တိုင်းပြည်၊ ငါ့လူမျိုး၊ ငါ့တပ်မတော်ဆိုတဲ့ ရည်ရွယ်ချက်၊ ပြီးတော့ ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့၊ ပြည်ထောင်စုကြီး တည်မြဲဖို့၊ လွတ်လပ်ရေး မဆုံးရှုံးဖို့၊ ဒီမိုကရေစီ ထွန်းကားဖို့ စသည်ဖြင့် ဒီလိုဟာတွေကို နှလုံးသား ပိုက်ပြီးတော့ ရည်ရွယ်တာ။ ဘာမှ စီးပွားရေး မရှိဘူး။ တပ်ကပေးတဲ့ ရိက္ခာနဲ့၊ တပ်ကပေးတဲ့ လစာနဲ့ နေတာ။ တပ်မတော်သား ဘ၀ တ၀က်မှာ ကိုယ်ရတဲ့ လစာ တ၀က်ကို တနှစ်တိတိ လှူခဲ့တယ်။

အခု တပ်မတော်ကတော့ ကျနော်တို့ ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ တပ်မတော်ရဲ့ အင်္ဂါတွေတော့ အများကြီး ပျက်နေပြီပေါ့။ ဟိုတုန်းက ကျနော်တို့က ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်အဖြစ် နေခဲ့တာ။ တောင်တန်းပြာနဲ့ ကျောပိုးအိတ်အဖြစ်နဲ့ နေခဲ့တာ။ ကျေးစေတမန်နဲ့ နေခဲ့တာ။ တပ်တော်ဦးဆီ မျှော်လိုက်ပြန်တော့ ဆိုတာတွေနဲ့ နေခဲ့တာ။ အခု အဲဒါတွေနဲပြောင်းပြန်တွေ ဖြစ်နေတယ်။ ပြောရရင်တော့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကနေ ဆန့်ကျင်ဘက်တွေ ဖြစ်ကုန်တာပေါ့နော်။

သူတို့ အုပ်ချုပ်တဲ့ အနှစ် ၂၀ ကျော်မှာ ၁၅ နှစ်လောက်က အထဲမှာနေရတော့ အပြင်ဘက်က ဟာကိုနည်းနည်းလောက်ပဲ တွေ့ရတာပေါ့ဗျာ။ ကြားတာလည်း နားမဆံ့အောင် ကြားတာပေါ့ဗျာ။ ကလေး စစ်သား စုဆောင်းတာတို့ပေါ့။ ကျနော်တို့ တုန်းက စစ်ဆင်ရေး ထွက်တယ်ဆိုရင် လူ ၅၀၀ ကျော်နဲ့၊ အရာရှိတွေနဲ့၊ တပ်သားတွေနဲ့ အကုန် အပြည့်အ၀ ထွက်တယ်။ အခု တပ်တတပ် စစ်ဆင်ရေးထွက်ရင် အဲဒီရဲ့ တ၀က်လောက်တောင် ရှိပုံမပေါ်ဘူးလို့ ကျနော် တွက်မိတယ်လေ။ ပြောရရင်တော့ တပ်ကို မ၀င်တဲ့သူတွေ များတာပေါ့ဗျာ။ ၀င်ပြန်တော့လည်း ချိုကျိုး နားရွက်ပဲ့ အစုတ်အပြတ်လေးတွေ များတာပေါ့။ အတင်းအကျပ် သွင်းလို့ ကြောက်လို့ ပါလာပြီး ထွက်ပြေးတာတွေလည်း ရှိတာပေါ့။

ကျနော်ကိုယ်တိုင်လည်း မျက်ဝါး ထင်ထင်ပါ။ ပေါက်စလေးတွေ ...။ ပြောရရင်တော့ ကျောပိုးအိတ်ထဲမှာ နို့ဘူးထည့်ပြီး သွားရမယ့် ကလေးတွေလို အရွယ်မျိုး။ နို့နံ့ တောင် မစင်သေးတဲ့ ကလေးတွေ ကျနော်ကိုယ်တိုင်လည်း မြင်နေတာပဲ။ လူကြီးတွေ လာရင် တပ်နဲ့တမိုင်လောက် ရှိတဲ့ ကျောင်းတွေမှာထား၊ လူကြီးတွေ ပြန်တော့မှ တော်တီတော်တီနဲ့ ခရာမှုတ်ပြီး အဲဒီကလေးတွေ  ပြန်ခေါ်လာတာပဲ။ ဒီလိုလည်း ကြားဖူးတယ်၊ တွေ့ဖူးတယ်ဆိုတော့ ပြောရရင်တော့ တပ်ဟာ ကလေး စစ်သားတွေ အများကြီး ရှိတယ်လို့ ကျနော်တို့ ကြားဖူးတာလည်း အမှန်ပါ။ အခုတော့ နည်းနည်း ထိန်းထိန်းသိမ်းသိမ်း လုပ်နေတယ်လို့ ထင်ပါတယ်။

အခုချိန်မှာတော့ တပ်ကို စီးပွားရေးသဘောလို ထားပြီးတော့ ရိုက်စား ကြော်စားလုပ်မယ့် လူလည်းရှိမှာပေါ့။ ခပ်ကြမ်းကြမ်း အားမနာတမ်း ပြောရရင် စစ်သားလုပ်စားတဲ့ လူတွေပေါ့။ ကျုပ်တို့က စစ်သား လုပ်စားတာ မဟုတ်ဘူး။

ငါတို့သည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာကို စောင့်သိရိုသေပါမည်။ ငါတို့သည် တပ်မတော်သားတို့၏ သစ္စာကို စောင့် သိရိုသေပါမည်။ အထက်မှ ပေးအပ်သည့် တာဝန်ကို ကျေပွန်စွာ ထမ်းရွက်ပါမည်။ ငါ့နိုင်ငံတော် ငါ့နိုင်ငံသား ငါ့တပ် မတော် အတွက် ငါ၏ အသက်ကို စွန့်လွှတ်ရန် အဓိဌာန်ပြုပါ၏ ဆိုတဲ့ သစ္စာလေးချက် ရင်ဝယ်ပိုက်ပြီး စစ်သား လုပ်လာတာ။ ဆယ် အိမ်ခေါင်းလုပ်ဖို့လည်း မရည်ရွယ်ဘူး၊ သူကြီးလုပ်ဖို့လည်း မရည်ရွယ်ဘူး၊ ၀န်ကြီးချုပ်နဲ့ နိုင်ငံတော် အကြီးအကဲ လုပ်ဖို့လည်း မရည်ရွယ်ဘူး။

အစဉ်အလာကောင်းတဲ့ တပ်မတော်ပါ။ ဒါကျနော်တို့ ပါဝင်ဆောင်ရွက်ခဲ့တဲ့ ကာလတလျှောက်ရဲ့ အတွေ့အကြုံကို ပြောတာပါ။  အခုလည်း အဲဒီလို ပုဂ္ဂိုလ်တွေရှိကြမှာပါ။ ကျနော်တို့ မသိသေးတာလည်း ဖြစ်နိုင်ပါတယ်။

၁၉၉၀ ပြည့်နှစ်အထွေထွေ ရွေးကောက်ပွဲတုန်းက ကျနော့်တပ် အပါအ၀င် တော်တော်များများက ခမောက်ချည်း ထည့်တာပဲ။ ကြိုတင်မဲတွေ ပေးသွားတယ်။ ဒါ ကျနော်သိတယ်။ အမှတ် ၁၁ ခြေမြန်တပ်ရင်း ရွှေဘိုမှာရှိတာ။ ရွှေဘိုနဲ့ ကျနော့်တပ်နဲ့က ၃ မိုင်လောက် ဝေးတယ်။ ကားလည်းမပေးဘူး၊ ခြေကျင်လျှောက်သွား ကြတယ်။ မြင်းလှည်းနဲ့ သွားထည့်တယ်။ ထည့်တာ အားလုံးကလည်း ခမောက်ချည်းပဲ။ အဲဒီတော့ တချိန်ကလည်း တပ်မတော်သားတွေက ခမောက် မဲပေးခဲ့တာ အထင်အရှား ရှိနေတာပါ။

အဲဒီတော့ တပ်ဟာ နှလုံးသားက ဒီမိုကရေစီရှိတယ်လို့ နားလည်ထားပါတယ်။  ဥပမာ အားဖြင့်တော့ အာဏာစွဲ ကိုင်တဲ့သူတွေက အဲဒီကလေးတွေကို နဖားကြိုးတပ်ပြီးတော့ အကျိုးစီးပွားအတွက် အသုံးချတာလည်း ရှိသင့် သလောက်တော့ ရှိမှာပေါ့ဗျာ။  ဒါကိုတော့ ကျနော်တို့က ထောက်ပြရမှာပေါ့။ သူတို့ပြင်နိုင်အောင် ပြရမှာပေါ့။ စွဲချက်တင်နိုင်အောင် တရားစွဲပြီး သူတို့ ဘ၀ပျက်အောင် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက် မဟုတ်ဘူး။  အကောင်းဘက်နဲ့ ချဉ်းကပ်ပြီး ပြောရမှာပေါ့နော်။

ဒု ဗိုလ်ချုပ်ကြီးတာဝန် ထမ်းဆောင်ခဲ့တဲ့ ဦးမြင့်ဆွေက ကျနော်တပ်ရင်းမှူး ဘ၀မှာ ကျနော့် ထောက်လှမ်းရေး အရာရှိပါ။ ကျနော် တိုက်ရည်ခိုက်ရည် ခေါင်းဆောင်မှု သူ့စာအုပ်ထဲမှာ တပုံကြီး ရှိပါလိမ့်မယ်။ နောက် သူ့ကို တပ်ရေး ဗိုလ်ကြီး ထားပါတယ်။ လူကောင်းပါ။ အခုနေ အာဏာက ဖျက်လို့၊ အသိုင်းအ၀န်းက ဖျက်လို့၊ ဓနဥစ္စာက ဖျက်လို့ ဆိုရင်တော့ သဗ္ဗေသတ္တာ ကမ္မသကာပါ။ ကျနော်နဲ့ ရှိတုန်းကတော့ စစ်သားကောင်းပါ။ တယောက်မှ ကိုယ်ကျိုးမရှာဘူး။ လုပ်ဖော်ကိုင်ဖက် ရဲဘော်ရဲဘက် အဖြစ်နဲ့ နေကြတာ။

အဲဒီလိုပဲ ဒုတိယ ဗိုလ်ချုပ်ကြီးတင်အေး၊ ကျနော့်ဆီက တပ်ခွဲမှူး ဗိုလ်မှူးပါ။ ကျနော်ဆူဆူ ဆဲဆဲ လုပ်တဲ့ အထဲမှာ သူလည်း တယောက် အပါအ၀င်ပါ။ လူကောင်းတွေပါ။ အခုတော့ အာဏာကဖျက်လို့၊ အသိုင်းအ၀န်းက ဖျက်လို့၊ ဓနဥစ္စာက ဖျက်လို့ ဆိုရင်တော့ ကျနော်နဲ့ မဆိုင်တော့ဘူးပေါ့။ သတ္တ၀ါ တခု ကံတခုပေါ့။ တချိန်က စစ်သားကောင်းတွေလို့ပဲ ခံယူထားပါတယ်။ ကျနော့်အပေါ်မှာ သစ္စာရှိတယ် နာခံတတ်ပါတယ်။ ပြောရင် ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား ပြောကြတာပါပဲ။ အမှတ် ၁၁ ခြေမြန်တပ်ရင်းမှူး အဖြစ်နဲ့ ခေါင်းဆောင်တုန်းက စစ်ရေးစွမ်းရည်၊ စည်းရုံးရေး စွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည် ပထမ ရတုန်းက တပ်ရင်း ၁၀ ရင်း သူတို့ပါပါတယ်။ မိဘက သားသမီးအကြောင်း သိသလို ကျနော်တို့ကလည်း သူတို့ အကြောင်း အကုန် သိပါတယ်။ ကျနော့် အကြောင်းလည်း သိပါတယ်။ တဦးနဲ့ တဦး နဖူးစာ ကပ်ပြစရာမလိုပါဘူး။ အခုတော့ လမ်းကြောင်းတွေက သူတို့နဲ့ ကျနော်တို့နဲ့ ပြဒါးတလမ်း သံတလမ်း ဖြစ်နေသလား မသိဘူးပေါ့လေ။ ရန်သူသဖွယ် သဘောထားတော့ ကျနော် လည်း ထောင်ဒဏ် ၁၅ နှစ်ကျော်ကျော် ခံလာရတော့ သူတို့လည်း အပြင်ဘက်မှာ လူငယ်တွေအဖြစ်ကနေ လူကြီးတွေ အဖြစ် ကို ရောက်တော့ သူတို့လည်း ဘ၀ အတွေ့အကြုံတွေ ရှိသလောက် ရှိကြပါတယ်။

အဲဒီတော့ အကြောင်း အားလျော်စွာ တွေ့ကြရင် ကျနော်က ရဲဘော်ရဲဘက်ဟောင်း မိတ်ကောင်း ဆွေကောင်း တပ်မတော်သားဟောင်း အဖြစ်နဲ့ အမြဲတမ်း လက်ကမ်းကြိုဆိုမှာပါ။

နိုင်ငံတော်ကို ဦးဆောင်လိုသော မည်သည့်ပါတီ၊ မည်သည့် အဖွဲ့အစည်း၊ မည်သည့် ပုဂ္ဂိုလ်မဆို မိမိကိုယ်မိမိ ယုံကြည်မှု၊ မိမိ အဖွဲ့အစည်းကို မိမိ ယုံကြည်မှု၊ ၀ါဒ လမ်းစဉ်ကို ယုံကြည်မှု၊ ပြည်သူတွေကို ယုံကြည်မှု၊ ပြည်သူတို့၏ အဆုံးအဖြတ်ကို ခံယူရဲသော သတ္တိ ရှိမှု ဒါတွေရှိရင် လွတ်လပ်သန့်ရှင်းတဲ့ အထွေထွေ ရွေးကောက်ပွဲ ရလဒ်နဲ့ ဘ၀မှတ်ကျောက် အတင် ခံယူရဲဖို့ အထူး လိုအပ်ပါတယ်။ ပန်းတိုင်းပွင့်ကြပါစေ။ ပွင့်သောပန်တိုင်း မွှေးသော ပန်းတိုင်း လှသောပန်းတိုင်း အဆိပ်ကင်းပြီး ရနံ့သင်းပျံ့ ကြိုင်လှိုင် ကြပါစေ။

စာရေးသူ ရဲဘော် ကျော်ဆန်းသည် ဒု ဗိုလ်မှူးကြီးဟောင်း တဦး ဖြစ်သည်။ ၎င်းသည် ၁၉၄၉ ခုနှစ် ဇွန်လတွင် တပ်မတော်သို့ စတင်ဝင်ရောက်ခဲ့ပြီး ဗိုလ်သင်တန်း အမှတ်စဉ် (၁၈) တွင် တက်ရောက်ခဲ့သူဖြစ်သည်။