ရန်ကုန် တက္ကသိုလ်မှ ဘဝတက္ကသိုလ်သို့

၁၉၈၈ မတ်လ

အဲဒီနေ့က တတိယနှစ် ကျောင်းသား ကျနော် ရာဇူး (ရန်ကုန် ၀ိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ်) ထဲမှာ ကျောင်းတက် နေချိန်ပေါ့။
ရုတ်တရက် ဆိုသလို အာစီ (Recreation Center) ဘက်က ဆူဆူညံညံ အော်ဟစ်နေသံတွေ ကျနော်တို့ စာသင်ခန်းဆီ ပျံ့လာတယ်။

irr-moeaye
ကေလတ်သည် ၁၉၉၈ ခုနှစ်၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ လူငယ် ခေါင်းဆောင် တဦး ဖြစ်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်တွင် အဖမ်းခံခဲ့ရပြီး စစ်အစိုးရက နိုင်ငံရေးမှုဖြင့် ၎င်းအား ထောင်ဒဏ် ၁၀ နှစ် အပြစ်ဒဏ် ပေးခဲ့သည်။ ယခု အချိန်တွင် ထိုင်း နိုင်ငံတွင် နေထိုင်လျှက် ရှိပြီး ဧရာဝတီ မဂ္ဂဇင်း၌ ဆောင်းပါးများ ပုံမှန် ရေးသား နေသည်။
ကျနော်တို့ကို စာသင်နေတဲ့ ဆရာက ဘာဖြစ်နေတာလဲ သိရအောင် သွားကြည့်တယ်။ ကျောင်းသားတချို့လည်း ဆရာနဲ့အတူ လိုက်သွားကြတာပေါ့။ ဘွဲ့နှင်းသဘင်ခန်းမရှေ့မှာ လူအုပ်ကြီးကို တွေ့ရတယ်။ သူတို့ရှေ့မှာလည်း နိုင်ငံရေး တရား ဟောနေကြသူတွေ။ ကျောင်းသားတွေက ဟောပြောနေတာတွေကို နားထောင်လိုက်၊ ကြွေးကြော်သံတွေ လိုက်အော်လိုက်နဲ့။

မွန်းလွဲပိုင်းမှာ လုံထိန်းက အင်းလျားကန်ဘောင်တလျောက် ကျောင်းသားအတော်များများကို ဖမ်း၊ ပြီးတော့ ထရပ်ကားထဲကို စုပြုံထိုးသိပ်ပြီး ခေါ်သွားတယ်။ ကျနော်တို့လည်း ပြည်လမ်းပေါ်မှာ လုံထိန်းကားကို ပိတ်ပြီး လုံထိန်းတွေကို ခဲနဲ့ပေါက်ကြတယ်။ လုံထိန်းတွေက ကျနော်တို့ကို မျက်ရည်ယိုဗုံးနဲ့ ပြန်ပစ်တယ်။ ကျနော့်ဘ၀မှာ မျက်ရည်ယိုဗုံးဆိုတာကို ပထမဆုံးအကြိမ် ကြုံတွေ့ရတာပါပဲ။

လုံထိန်းတွေက ကျနော်တို့လူစုကို အတင်းခွဲဖို့ ကြိုးစားတယ်။ ကျနော်တို့ကို တန်ပြန်ထိုးစစ်ဆင်ဖို့ လုပ်လာတယ်။ ဒါနဲ့ ကျနော် လည်း သူငယ်ချင်းတွေရှိတဲ့ ပဲခူးဆောင်ဘက်ကို ပြေးပြီး လုံထိန်းတွေ ထွက်သွားတဲ့အထိ ခိုနေခဲ့တယ်။

နောက်ပိုင်းမှာ ကျနော်သိရတာက အင်လျားကန်ဘောင်မှာ ကျောင်းသားတချို့ သွေးမြေကျခဲ့၊ သေဆုံးခဲ့တယ် ဆိုတာပဲ။ အာအိုင်တီဘက်ကို သွားကြတဲ့ သူတွေ အရိုက်ခံရ၊ အဖမ်းခံရ တာလည်း ကြားရတယ်။ အင်လျားကန်ဘောင်က တံတားဖြူလေးကတော့ ကျောင်းသားတွေရဲ့ သွေးနဲ့ တံတားနီ ဖြစ်ခဲ့ပေါ့။

တံတားနီအရေးအခင်းအပြီးမှာ စစ်အစိုးရက တက္ကသိုလ်တွေကို ပိတ်ပစ်လိုက်တယ်။

ဇွန်လထဲမှာ တက္ကသိုလ်တွေ ခဏပြန်ဖွင့်တယ်။ ကျောင်းသားတွေက ရာဇူးထဲက အာစီရှေ့မှာ စုရုံးကြပြီး စစ်အစိုးရက မတ်လ ဆန္ဒပြပွဲတွေကို အကြမ်းဖက် နှိမ်နင်းခဲ့တဲ့အပေါ် ကန့်ကွက် ဆန္ဒပြခဲ့ကြပြန်တယ်။

ကျနော်လည်း အခြားကျောင်းသားတွေလိုပဲ မျက်နှာမှာ ပုဝါစည်းပြီး ဆန္ဒပြပွဲထဲ ပါခဲ့တယ်။ ဒါပေမယ့် ကျောင်းသားခေါင်းဆောင် တယောက်က သူ့ပုဝါကို ရဲရဲဝံ့ဝံ့နဲ့ ဆွဲဖြုတ်လိုက်တဲ့အခါမှာတော့ ကျနော်လည်း သူ့လို လိုက်လုပ်ခဲ့တယ်။ အဲဒီနေ့က အိမ်အပြန်မှာ ကျနော့်ရင်ထဲ တထိတ်ထိတ်နဲ့။

သြဂုတ်လမှာတော့ ဆန္ဒပြပွဲတွေဟာ တနိုင်ငံလုံး ပျံ့သွားခဲ့ပါပြီ။ ကြွေးကြော်သံတွေ အော်ဟစ်ရင်း တခြားကျောင်းသားတွေနဲ့ အတူ မဟာရန်ကုန်ရဲ့ လမ်းမတွေပေါ်မှာ ကျနော် ချီတက် ဆန္ဒပြခဲ့ပါတယ်။ ကော်လာကတုံး ရှပ်အင်္ကျီအဖြူ၊ ကချင်လုံချည်နဲ့ လက်ပတ် စီးလို့ပေါ့။

တလကျော်အကြာ စက်တင်ဘာမှာ စစ်တပ်က အာဏာသိမ်းတယ်။ ကျနော် ဘာဆက်လုပ်ရမှန်း မသိဘူး ဖြစ်နေခဲ့တယ်။ သူငယ်ချင်းတွေနဲ့အတူ ထိုင်း-မြန်မာနယ်စပ်သွားပြီး စစ်အစိုးရကို လက်နက်ကိုင် တော်လှန်ရေးလုပ်မလား၊ ဒါမှမဟုတ်လည်း ပြည်တွင်းမှာပဲ ဆက်နေပြီး မြေအောက်တိုက်ပွဲ ဆက်လုပ်မလား၊ နိုင်ငံရေးပါတီ တခုခုထဲဝင်မလား ကျနော် ဝေခွဲမရ ဖြစ်နေခဲ့တယ်။ နောက်ဆုံးတော့ နိုင်ငံရေးပါတီထဲဝင်ဖို့ ကျနော်ဆုံးဖြတ်ချက် ချလိုက်တယ်။

ဒါနဲ့ပဲ ကျနော် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင် ဖြစ်လာတယ်။ ဒါပေမယ့် ၁၉၉၀ ရွေးကောက်ပွဲပြီးလို့ သိပ်မကြာခင်မှာပဲ ကျနော် အဖမ်းခံခဲ့ရတယ်။

ထောင်ထဲမှာ ဘာအမှုမှလည်း စွဲချက် အတင်မခံရ၊ ဘာစီရင်ချက်မှလည်း အချမခံရဘဲ ၇ လလောက် ဒီအတိုင်း နေခဲ့ရတယ်။ တနေ့မှာ ၀ါဒါတယောက်က အခန်းစေ့လျှောက်ပြီး ထောင်ထဲရောက်နေတဲ့ ကျောင်းသားတွေစာရင်း လိုက်ကောက်တယ်။ ကျနော်လည်း ကျောင်းဖွင့်ချိန်အမီ ငါတို့ကို လွှတ်ပေးတော့မှာပဲလို့ ထင်ခဲ့မိတယ်။ ၈၈ ဇွန်လကတည်းက ပိတ်ထားတဲ့ တက္ကသိုလ်တွေကို ပြန်ဖွင့်တော့မယ်လို့ ကောလာဟလတွေ ထွက်နေတာကိုး။

၁၉၉၁ မေ ၁၅ ရက်နေ့မှာ တနိုင်ငံလုံးမှာရှိတဲ့ တက္ကသိုလ်တွေအားလုံး ပြန်ဖွင့်တယ်။

8888-22-09ထောင် အာဏာ ပိုင်တွေက ကျနော့်ကို အထုပ်အပိုး ပြင်ခိုင်းတယ်။ ကျနော့်ရဲ့ ရောင်းရင်း မိတ်ဆွေ ရဲဘော် ရဲဘက်တွေ ကတော့ ကျနော် လွတ်ပြီလို့ ထင်ကြတယ်။ ကျနော်လည်း သူတို့ကို နှုတ်ဆက်၊ ပြန်တွေ့ ကြမယ့် အကြောင်း ပြောပေါ့။ ကျနော့် မျှော်လင့် ချက်က သဲထဲ ရေသွန် သလို ဖြစ်မယ်လို့ ဘယ်ထင်ပါ့မလဲ။ တကယ်တမ်း ကျနော့်ကို အထုပ်ပြင် ခိုင်းတာက ကျနော် အပါအ၀င် တချို့ ကျောင်းသား တွေကို စစ်ခုံရုံးကနေ ထောင်ဒဏ် ၁၀ နှစ်စီ အမိန့်ချဖို့။

ကျနော်တို့ မြန်မာမှာ “ကျောင်း တံခါးတွေ ဖွင့်တာဟာ ထောင် တံခါးတွေ ပိတ်သလိုပါပဲ” ဆိုတဲ့ စကားတခွန်း ရှိပါတယ်။ ဒါပေမယ့် ကျနော့် အတွက်တော့ အဲဒီစကားက မမှန်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ထောင်က ကျနော် ၉ နှစ် နီးပါးတောင် တက်ခဲ့ရတဲ့ ကျနော့်ရဲ့ ကျောင်း၊ ကျနော့်ရဲ့ တက္ကသိုလ် ဖြစ်နေလို့ပါ။

တကယ်တော့ ထောင်ဆိုတာ တင်းကျပ်လွန်းတဲ့၊ ၀င်ခွင့်ရဖို့ လိုအပ်ချက်တွေ သိပ်များတဲ့ အထူးသီးသန့် တက္ကသိုလ်ကြီးပါပဲ။

ကျနော်ကတော့ အဲ့ဒီတက္ကသိုလ်မှာ တက်ခွင့် ရခဲ့တယ်လေ ... ။     ။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်