ကာတွန်း ဆရာကြီး ဦးဖေသိန်း၏ လက်ရာ ကာတွန်းက ကျမအတွက် ထူးခြားနေသည်။ သြဂုတ် ၆ ရက်နေ့တွင် ကျရောက်သည့် ဟီရိုရှီးမားအထိန်းအမှတ် ရုပ်တုကြီး၏လက်ကို ခြည်ထားသော သံကြိုးများက အင်္ဂလိပ်အက္ခရာ ၈ ပုံစံများ ပြတ်ထွက်နေ၏။
![]() |
|
ဧရာဝတီသတင်းထောက် အေးချမ်းမြေ့သည် ၈ လေးလုံး ကာလက သပိတ်မှောက် ကျောင်းသူ တဦးအဖြစ် ပါဝင်ကာ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂ အဖွဲ့ဝင် ခဲ့ပြီး ၁၉၉၉ မှ စတင်၍ ပြည်တွင်း စာနယ်ဇင်း လောကသို့ ဝင်ရောက်ခဲ့သူတဦး ဖြစ်သည်။ |
ထိုနေ့ နံနက်က ကျမတို့မြို့တွင် မိုးဖွဲဖွဲသာ ရွာနေသည်။ ရေနံချက်စက်ရုံမှ ဥသြသံဖြင့် အိပ်ရာထခါစ ကျမအတွက် ထူးဆန်းသောလူသံများကြောင့် တအံ့တသြဖြစ်ကာ သွားတိုက်ရင်းတန်းလန်း ခြံဝင်းအပြင်သို့ ထွက်ကြည့်မိတော့သည်။ ရေနံချက် စက်ရုံဘက်မှ လူအုပ်ကြီးပြိုဆင်းကျလာသည်။
လက်သီးလက်မောင်းတန်းရင်း “တို့အရေး၊ တို့အရေး” ကြွေးကြော်နေသည့် ရေနံမြေအလုပ်သမားများမှာ နေ့စဉ်နေ့တိုင်း ကျမတို့အိမ်ရှေ့မှဖြတ်၍ အလုပ်သွားအလုပ်ပြန် လုပ်နေကျ လူများပင်ဖြစ်သည်။ ထိုအထဲတွင် ကျမ အစ်ကိုများနှင့် ဦးလေးငယ်လည်း ပါသည်။
“ကျောင်းသားတွေက စက်ရုံထိပ်ကနေပိတ်ပြီး တရားဟောကြတာ။ အလုပ်မဆင်းပါနဲ့၊ နေဝင်းအစိုးရကို ဖြုတ်ချဖို့ ပြည်လုံးကျွတ် ဆန္ဒပြကြမယ်။ အားလုံးလိုက်ခဲ့ကြပါဆိုတာနဲ့ ဦးငယ်တို့လည်း အလုပ်ထဲမဝင်ဘဲ လိုက်လာကြတာ” ဟု ဦးလေးက ပြောပြသည်။
ကျမစိတ်ထဲတွင် သမိုင်း သင်ခန်းစာထဲက သခင်ဖိုးလှကြီးတို့ခေတ် ရေနံမြေသပိတ် ...၊ ထို့နောက် ၁၃၀၀ ပြည့် အရေးတော်ပုံ ကြီးကို မျက်ဝါးထင်ထင် မြင်လိုက်ရသလို ခံစားလိုက်ရသည်။ ချက်ချင်း အင်္ကျီလဲကာ “သမီးလည်း လိုက်သွားမယ်” ဟု ဆိုရင်း ကျောင်းသားများဦးဆောင်သည့် အလုပ်သမားထုကြီးနောက်က လိုက်ပါသွားခဲ့သည်။ ခွပ်ဒေါင်းအလံ၊ အုပ်စုလိုက်ပါလာသည့် သံဃာတော်များ၊ တို့အရေး၊ တို့အရေး ဟစ်ကြွေးသံများ။
“ကျိုက်ဒေးယျုံစေတီကို သပိတ်စခန်း ဖွင့်လိုက်ကြပြီ” ဟု အဖေက ပြောပြသည်။ ကျိုက်ဒေးယျုံစေတီရှေ့မှာက ကွင်းပြင် ကျယ်ကြီးရှိသည်။ စေတီဘေးတွင် အာဇာနည်ကျောက်တိုင် ရှိသည်။ အာဇာနည်နေ့တိုင်း ကျမတို့ မြို့လုံးကျွတ် ပန်းခွေချရာ ကျောက်တိုင်လေး။ ထိုကျောက်တိုင်လေးဘေးမှာ ရပ်လျင် ကွင်းပြင်ကို အပေါ်စီးမှ မြင်ရသည်။ သပိတ်စခန်း ဖွင့်သည့် အချိန်မှ စတင်၍ မနက်တခါ၊ ညနေတခါ ချီတက် ဆန္ဒပြကြပြီး ညနေတိုင်း ထိုနေရာမှာ တရားပွဲရှိသည်။ ကျောင်းသား ခေါင်းဆောင်များ၊ အရပ်သားများ၊ ဝန်ထမ်းများ၊ မြို့ခံစာရေးဆရာ၊ သတင်းစာဆရာများ၊ စစ်တပ်က စစ်ဗိုလ်၊ စစ်သားများ ပါမကျန် တရားတက်ဟောကြသည်။
ကျမတို့ မြို့ကလေးက ကျောင်းသားတွေ၏ အုပ်ချုပ်မှုကို နာခံကာ ငြိမ်ဝပ်လျှက်ရှိသည်။ သတင်းတွေက ရန်ကုန်မြစ်ကို ဖြတ်သန်း၍ မြို့ကလေးဆီ ရောက်လာသည်။ ရေဒီယိုကလည်း ကြားရသည်။
“ဆန်တပြည် နှစ်ကျပ်ခွဲ စိန်လွင့်ခေါင်းကိုခွဲ၊ ဘဲဥတလုံး သုံးမတ် စိန်လွင့်ခေါင်းကိုဖြတ်” ဆိုသည့် အသံများနှင့်အတူ ဗိုလ်ချုပ်စိန်လွင် ပြုတ်ပြီ ဆိုသည့်သတင်း၊ ထို့နောက် မြန်မာ့အသံမှနေ၍ “အားလုံးပျော်ပျော်ပါးပါးကြီး အုပ်မြစ်ချကြတာပေါ့” ဟု လေပြေထိုးသံ လေးနှင့် လူအများ ဟားတိုက်ရယ်မောကြသော ဒေါက်တာမောင်မောင်၏ အသံ ကြားရပြန်သည်။
ထို့နောက် သမဂ္ဂများ ဖွဲ့ကြသည်။ ကျမက ကျောင်းသားသမဂ္ဂဝင်၊ အဖေက မြို့နယ် စာပေနှင့်စာနယ်ဇင်း သမဂ္ဂ၊ အမေက အိမ်ရှင်မများသမဂ္ဂ … အသီးသီး ဝင်ကြသည်။
နိုင်ငံပိုင် သတင်းစာများ၊ ပုဂ္ဂလိက ဂျာနယ်များတွင် သပိတ်သတင်းများ ပလူပျံနေသည်။ မင်းကိုနိုင်၊ ကိုကိုကြီး၊ မိုးသီးဇွန် စသည့် နာမည်များကို ကျမတို့ အထပ်ထပ် ပြောကြသည်။ အသက် ၁၇ နှစ်အရွယ် ဆယ်တန်းအောင်ခါစ၊ ပူပူနွေးနွေး ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် ကျမကတော့ ဟိုတုန်းက ဗိုလ်ချုပ်အောင်ဆန်းတို့လို နေမှာပဲဟု စိတ်ကူးယဉ်မိသည်။
ကျမတို့ အိမ်ကလေးမှာ အဖေ့မိတ်ဆွေများ၏ စုရပ်။ သတင်းများကို လက်ရေးနှင့်ရေးကြ၊ လက်နှိပ်စက်ဖြင့် ရိုက်ကြသည်။ ဆောင်းပါးများ၊ ကဗျာများ ရေးကြသည်၊ ကျမတို့ မြို့လေးက လူငယ် စာရေးဆရာ၊ ကဗျာဆရာ၊ စာနယ်ဇင်းသမားများ အစည်းအဝေး ကျင်းပကြသည်။ တနေ့လုံး ရေးကြပြီး ညဘက် ဈေးနားက ရှိသမျှ နံရံများမှာ လိုက်ကပ်ကြသည်။ ကျမလည်း စာမူများကို ဝင်ကူးပေးသည်။ ကျမတို့၏ နံရံကပ်စာစောင်ကို လူအများဖတ်ရှုနေတာ မြင်ရလျင် ပီတိဖြစ်သည်။

ကျမ ဘဝတွင် ပထမဆုံးနှင့် နောက်ဆုံး ရေးဆွဲခဲ့သော ကာတွန်း တကွက် ဖြစ်၏။ အာဏာရှင် ဦးနေဝင်းကို ရည်ညွှန်း၍ ရေးဆွဲခဲ့ခြင်း ဖြစ်သည်။ ကျမ၏ ကာတွန်းပုံတွင် လူတဦး ပက်လက် လဲကျနေသည်၊ ခေါင်းမှာ တိုးလျှိုပေါက်၊ အပေါက်ကြီးနှင့် … သဘောက ဒီလူ သေဆုံး နေပြီ။ သို့သော် သူ့လက်ထဲတွင် ပန်းတပွင့်ကို မလွှတ်တမ်း ဆုပ်ကိုင် ထားသည်၊ ထို ပန်းပွင့်ပေါ်မှာ ကျမက “အာဏာ” ဟု ရေးလိုက်သည်။ သေသည် အထိ အာဏာကို မလွှတ်သူ ဟူသည့် အဓိပ္ပာယ်ဖြစ်သည်။
၂၂ နှစ်ရှိပြီ။ ၂၆ နှစ်တာ လူထုကိုပိပြားစေခဲ့သော မဆလ စနစ်ဆိုးကတော့ ပြိုကျခဲ့သည်။ ဦးနေဝင်းလည်း သေပြီ။ သူ့ စစ်တပ်ကတော့ အာဏာကို လက်မလွှတ်သေး။
< Prev | Next > |
---|