မြန်မာပဲ ဖြစ်ချင်တယ်

ကျနော့်ကို စိတ်အနှောင့် အယှက် ဖြစ်လောက်အောင် သဘောထား ကွဲလွဲစေသော အကြောင်း အရာများကို နံပါတ်စဉ် ထိုးရလျှင် နံပါတ်တစ်မှာ ကျနော့်ရှေ့တွင် “မြန်မာ နိုင်ငံသား ဖြစ်ရတာ စိတ်ပျက်တယ်” ဆိုသည့် ညည်းသံဖြစ်သည်။

ygn-lifeကျနော့်မှာ နိုင်ငံခြားသား မိတ်ဆွေ နည်းနည်း ရှိသည်။ ထိုအထဲတွင် ကျနော့် အထက် ရာထူး ကြီးကြီးထဲက မာလာယု စကား ပြောသော မလေးလူမျိုး တယောက် ရှိသည်။ သူ့ကို စတွေ့လိုက် ကတည်းက မလေးလူမျိုးပဲ ဖြစ်မည်ဟု ခန့်မှန်းမိသည်။ သို့သော် သူက စင်ကာပူ သားဟု ဆိုလာသည်။ သူတို့ လူမျိုးတူချင်းလည်း မလေး ဘာသာ စကားဖြင့် ပြောဆိုသည်။ ကျနော်တို့ကို ကျတော့ သူက စင်ကာပူသား ဖြစ်ကြောင်း၊ မလေးရှားကနေ ထွက်လာတာ ကြာပြီဖြစ်ကြောင်း စသည်ဖြင့် အာပေါင် အာရင်း သန်သန် လေထွား ပါသည်။

ကိုင်း ထားပါတော့။ စင်ကာပူသား ဘာလို့ဖြစ်ချင် နေရတာလဲ။ သူက မလေးလူမျိုးပါ၊ ဒါပေမယ့် စင်ကာပူ နိုင်ငံသား ခံယူထား တယ်လို့ ပြောရင် ကျနော်တို့ နားလည် ပေးနိုင်သည်။ မလေးရှား ဆိုတာကလည်း အာရှမှာ အဆင့်မနိမ့်သော နိုင်ငံတခု ဖြစ်ပါသည်။ ဒါကို သူက စင်ကာပူ နိုင်ငံသားပါဟု ဂုဏ်ယူ ၀င့်ကြွားစွာ ဆိုလာသည်။ ထိုမလေးရှားသားကို ကျနော် သဘောမတွေ့နိုင်ချေ။

အဆိုတခု ကြားဖူးသည်။ “ပြည်သူလူထုသည် သူတို့နှင့် ထိုက်တန်သော အစိုးရကို ရသည်” ဆိုသည့် အဆိုအမိန့်ပဲ ဖြစ်သည်။ လူထုခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ထိုအဆိုကို လုံးလုံးကြီး ဆန့်ကျင်မထားသည်ကို ကျနော် ဖတ်ဖူးမှတ်ဖူးသည်။ ဒါဆို ထိုအဆိုအတိုင်း ကျနော်တို့နှင့် ထိုက်တန်သော အစိုးရကို လက်ရှိ ကျနော်တို့ ရရှိနေသည်ဟု ပြောလျင် ရက်စက်လွန်းရာ ရောက်ပါသည်။ ဝေဖန်ပြစ်တင်ခြင်း ခံရနိုင်ပါသည်။

မြန်မာ အားလုံးလိုလိုပင် စစ်အစိုးရ မကောင်းကြောင်း သိကြသူပဲဖြစ်သည်။ သို့သော် အာဏာ၊ စည်းစိမ်၊ အခွင့်အရေးများနှင့် ကြုံလာလျင် ပါးစပ်ပိတ်သွားတတ်သည်မှာ လူ့သဘာဝ ဖြစ်သည်။ အစိုးရ မကောင်းဘူးဟု သူများထက် ပိုပြောနိုင်လွန်းသော အစ်ကိုကြီးတယောက်က သူ့သူငယ်ချင်း တယောက် လေဆိပ်က အကောက်ခွန်မှာ အကောင်အကြီးကြီး ဖြစ်ကြောင်း၊ “လေဆိပ်ဝင်ရင် အဲဒီကောင် နာမည် ပြောလိုက်လို့ကတော့ မီးသေပဲ” ဟု ဂုဏ်ယူစွာ ပြောဆိုသံကို ကြားဖူးပါသည်။

“တို့အစိုးရ လုပ်တာတွေ အရမ်းမှားတယ်။ မမိုက်ပါဘူးကွာ” ဟု ပြောသော ကျနော့် အစ်ကိုတဖြစ်လဲ ဆရာတယောက်သည် အာဏာပိုင် စစ်ဗိုလ်ကြီးများ အနားကပ်ဖို့ “ဟုတ်ကဲ့ပါခင်ဗျ” ဟူသော ယဉ်ကျေးဖွယ်စကားကို  အမြင်ကတ်၊ လုံးထွေးခပ်နေအောင် အသုံးပြုသံ ကြားဖူးပါသည်။ “မင်းတို့ အစိုးရ လုပ်ပုံနဲ့ ပိုမွဲဦးမှာပဲဟု ပြောသော မြန်မာပြည်ပေါက် အိန္ဒိယ သူဌေးကြီးတယောက်သည် စစ်တပ်ရာထူးကြီးများနှင့် ပူးပေါင်းကာ စက်ပစ္စည်းကြီးများကို မတန်တဆဈေးများနှင့် ရောင်းစားနေတာကို တွေ့ဖူးသည်။

“အစိုးရ လုပ်ပုံကိုင်ပုံတွေ အရမ်းကို ဆိုးတယ်။ ငါ လူကြီးတွေကို စိတ်ကုန်နေပြီ” ဟုပြောသော ပညာအများကြီးတတ်သည့် မိတ်ဆွေ အမျိုးသမီးတယောက်သည် “၀န်ကြီးခိုင်းရင် ငါ မငြင်းရဲဘူး”ဟု ပြောရှာသည်။ အစိုးရ အပြစ်တွေကို အစိုးရ၀န်ထမ်းပီပီ သိပြီး ပြောနေသော ကျနော့် အဒေါ်ကတော့ သူ့သားကို တပ်မတော် အင်ဂျင်နီယာ လိုင်းရအောင် ကြိုးစားရှာသည်။ စစ်အစိုးရ မကောင်းကြောင်း သူများထက်သာအောင် ပြောနိုင်ကြသော ကျနော့် အမတို့စုံတွဲသည် အစိုးရအလုပ်မှာ Posting ကောင်းကောင်းရဖို့ ကြိုးစားနေရှာသည်။

စားဝတ်နေရေးအတွက်၊ မိသားစုအရေး အတွက် ငဲ့ကွက်ပြီး ကျောတခင်းစာနေရာနှင့် မသေထမင်း၊ မသေဟင်းစားဖို့ မချစ်သော်လည်း အောင့်ကာ နမ်းနေရသည့်သူများ၊ ရွေးချယ်ဖို့ လမ်းနည်းလွန်းလှသော အခြေခံဝန်ထမ်းများကို နားလည်ပါသည်။ လျှာပေါ်မြက်ပေါက်ချင် ပေါက်ပါစေ၊ မဟုတ်တာ မမှန်တာ မလုပ်ဘူးဟု အပြောသာ လွယ်သော်လည်း တကယ်ငတ်ကြပြီဟေ့ဆိုလျင် အလွယ်လမ်း လိုက်တတ်တာလည်း နားလည်ပေးနိုင်ပါသည်။

ကျနော်တို့လို သာမန်ပြည်သူတွေ၏ ရိုးတွင်း ချဉ်ဆီထဲအထိ ရိုက်သွင်းခြင်းကို ခံထားရသော  နိုင်ငံရေးဆိုသည့် စကားလုံးကို ကြောက်စိတ်နှင့် နိုင်ငံရေးလုပ် ရင်ပဲဖြစ်ဖြစ် အစိုးရကို ဆန့်ကျင်မိလို့ပဲဖြစ်ဖြစ် ဖြစ်ပေါ်လာမည့် ဆိုးကျိုးတွေကိုတော့ ရွံကြောက် ကြောက်ကြတာ သဘာဝကျပါသည်။ မိမိနိုင်ငံသားတိုင်း နိုင်ငံအရေးကို စိတ်မ၀င်စားနိုင် ဖြစ်နေလျင်တောင် စိတ်ဝင်တစားဖြစ်အောင် ရိုက်သွင်းပေးရမည့် အစိုးရတာဝန်ကင်းမဲ့စွာ အုပ်ချုပ်နေသည်ကို အဆိုးဆုံး အမှားလို့ ဗာရာဏသီ ချဲ့မနေချင်တော့ပေ။

တကယ်ကျတော့ မြန်မာနိုင်ငံကြီး တိုးတက်ဖို့ဆိုသည်မှာ တပ်ချုပ်ကြီးမှအစ လမ်းဘေးမြေတူးနေသူများအထိ တာဝန်ရှိသည်ပဲ မဟုတ်ပါလား။ လမ်းလေးခွထွက်ပြီး အစိုးရဆန့်ကျင်ရေး အော်နေသူများကို ကျနော် အားကျမိပါသည်။ လေးလည်း လေးစားမိသလို ကြက်သီးများ ထလောက်အောင်လည်း ကြည်ညိုမိပါသည်။ ကျနော့်ဘ၀ကို စုတ်ပြတ်သတ်နေအောင် ဖြစ်သွားစေနိုင်သည့် အဲဒီလို ဆန့်ကျင်ပြမှုမျိုး ထလုပ်ရန် သတ္တိမရှိပါဟု မရှက်မကြောက် ပြောခွင့်ပြုစေချင်သည်။

လူမှုဆက်ဆံရေးလောကမှာ ပြောမရ၊ ဆိုမရ၊ သွားပြောသူကိုပင် ပြန်လည်ရန်ပြုနိုင်သော လူမိုက်မျိုးတွေကို ဝေရာမဏိ လုပ်ကြသည်ပဲဖြစ်သည်။ ထိုသို့သော လူမိုက်မျိုးတွေသည် တန်ဖိုး ကလနား နားမလည်စွာ ပြုမူဆက်ဆံကြသည်ကို သိသဖြင့် ဝေးဝေး ရှောင်ရှားဆက်ဆံကြသည်။ ယခု စစ်အစိုးရသည်လည်း ကျနော်တို့အပေါ် ပညာတတ် အားမပေး၊ စေတနာနည်းရှာသော လူမိုက်ကြီးများ အစိုးရပဲ ဖြစ်သည်။ ထိုသူတွေကို ဝေးဝေးနေဖို့ ကျနော်တို့ ကြိုးစားကြဖို့ ကောင်းသည်။ အစိုးရနားကပ်ပြီး အစိုးရပေးစာကမ်းစာ၊ စစ်အစိုးရ၏ သူ့အကျိုးအတွက် ပေးသော အာဏာ အခွင့်အရေးကိုကျနော်တို့ ဆန့်ကျင်မိဖို့၊ လက်မခံမိဖို့ ကောင်းသည်။

လူတဘက်သား မကောင်းကြောင်း၊ အဖွဲ့အစည်းတခု မကောင်းကြောင်း အားသန်သန်ပြောဖို့ အရမ်းလွယ်ကူလွန်းပါသည်။ ထိုသို့ အတင်းထိုင် ပြောနေရုံမျှဖြင့် ဘာတခုမှ ပြောင်းလဲလာလိမ့်မည် မဟုတ်ပါ။ အပြောခံရသူများသည် မိမိအပြစ်ကို မဆင်ခြင်နိုင်သော ပညာနည်းသူများ ဖြစ်နေပါက ပိုမိုသာ ဆိုးရွား အထီးကျန်ဆန်လာ နိုင်သေးသည်။ လူမိုက်တွေကို ကြည့်သော စက်ဆုပ်ရွံရှာသည့် အကြည့်၊ လူမိုက်မြင်ရင် ဝေးဝေးရှောင်သည့် အကျင့်၊ မတတ်သာလို့ လူမိုက်များနှင့် ပေါင်းသင်းရလျင်လည်း လူမိုက် အပြုမူများ ကူးစက်မလာဖို့၊ လူမိုက်အားပေး မဖြစ်မိဖို့ သတိထားသင့်သည်ဟု ထင်မြင်မိသည်။

အခုတော့ အမိမြန်မာနိုင်ငံတော်ကြီး စုတ်ပြတ်သတ်နေတာ အစိုးရကြောင့်ဟု ပြောနေသူများ ကိုယ်တိုင် ပြည်သူတွေ မျက်နှာ မထောက်ထားနိုင်သော သူများဖြစ်နေသည်ကို ၀မ်းနည်းစရာ သိနေ၊ ကြားနေ၊ မြင်နေရသည်။ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံကြီး စုတ်ပြတ်နေသည်တောင်မှ ကျနော် မြန်မာနိုင်ငံသားဖြစ်ရတာ မရှက်ပါ။ မြန်မာနိုင်ငံသားဖြစ်ရသည့်အတွက် နိုင်ငံတကာမှာ မျက်နှာ ငယ်ရတာတောင်မှ တခါတလေကျတော့ အတိတ်က ရွှေထီးကြီးကို ဆေးတွေပြန်သုတ်ပြီး အရှက်မဲ့သော ကျနော်က ဂုဏ်ယူမိနေတတ်ပါသေးသည်။

နောင်ဘ၀တွေမှာ လူပြန်ဖြစ်ခွင့် ကြုံခဲ့လျင်လည်းရေမမှန်၊ မီးမမှန် အစစအရာရာ နိမ့်ပါး နိမ့်ကျနေသော မြန်မာနိုင်ငံသားပဲ ဖြစ်ချင်သည်။ ဒီလောက် စုတ်ပြတ်သတ်နေတဲ့ နိုင်ငံမှာ ဘာလို့ ဖြစ်ချင်နေသေးတာလဲ ဟုဆိုလာလျင် ကျနော့်မှာ အကြောင်းပြ ချက်ရှိပါသည်။ ကျနော်တို့ရဲ့ သားတွေ၊ သမီးတွေ၊ တူ၊ တူမတွေ လက်ထဲကို စုတ်ပြတ်သတ်နေသော နိုင်ငံကို ထိုးအပ်ခဲ့ရဦးမည်။ လက်ရှိဘ၀မှာ ကျနော့်ရဲ့ တာဝန်မကျေခဲ့တာတွေကို နောင်ဘ၀မှာ ကျနော်၏ မြန်မာနွယ်တွေကို ပြန်လည်ပေးဆပ် ခွင့်ရှိလျင် ပေးဆပ်ခွင့် ကြုံချင်ပါသေးသည်။

“ငါတို့ ရှေ့ကလူတွေများ အတော် အသုံး မကျတာပဲနော်” ဆိုသည့် ကလေးတွေ ပြောသံတွေကို အပြစ်ရှိသူပီပီ ကျနော် ကြားချင်နေမိပါသေးသည်။
 
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်