ကြံ့ဖွံ့က အတင်းအကျပ် စည်းရုံးသော်လည်း ထင်သလောက် မပေါက်

Tuesday, 17 August 2010 16:23 မြန်မာပြည်မှပေးစာ
Print
ရန်ကုန်တိုင်း၊ တာမွေ မြို့နယ်တွင် စစ်အစိုးရက ကျောထောက် နောက်ခံ ပြုထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က ရပ်ကွက်များ အတွင်း လမ်းများ ခင်းပေးမည်၊ ရေပိုက်လိုင်းများ သွယ်တန်းပေးမည်၊ ကျူးကျော် အိမ်များ မဖျက်သိမ်းပါဟုဆိုကာ ပါတီဝင်အရေအတွက် တိုးပွားရေးနှင့် ပါတီဝင်အင်အား ရရှိရေးအတွက် ဆောင်ရွက်နေပါသည်။

အမှန်တွင် လမ်းခင်းပေးခြင်း၊ ရေပိုက်လမ်းများ သွယ်တန်းပေးခြင်းစသော လုပ်ငန်းများမှာ ကြံ့ဖွံ့ပါတီက အမည်ခံခြင်းဖြစ်ပြီး မြို့တော်စည်ပင်သာယာရေး ကော်မတီက တာဝန်ယူ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ ရန်ကုန်မြို့တော်ဝန်က စည်ပင် သာယာမှ ကောက်ခံရရှိသောငွေများကို ကြံ့ဖွံ့အမည်ခံ၍ လမ်းခင်းခြင်း၊ အဝီစိတွင်းများ တူးပေးခြင်း၊ အခမဲ့ဆေးခန်းများ ဖွင့်ပေးခြင်းတို့ကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း မြို့တော်ဝန်နှင့် နီးစပ်သူ တာမွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတဦးက ပြောကြားသည်။

မိမိတို့မြို့နယ်ရှိ ရပ်ကွက်အသီးသီးတွင် ရပ်ကွက် (ရယက) အာဏာပိုင်များနှင့် ကြံ့ဖွံ့စည်းရုံးရေးမှူးများ ပူးပေါင်း၍ ပါတီဝင် အင်အားများ ရရှိရေးအတွက် တအိမ်တက်ဆင်း ပါတီဝင်လျှောက်လွှာများတွင် လက်မှတ်များ ရေးထိုးစေခြင်း၊ ဓာတ်ပုံများ ရိုက်ယူခြင်းဖြင့် ပါတီဝင် အင်အားတိုးပွားစေရန် အတင်းအဓမ္မ လုပ်ဆောင် စုဆောင်းနေသည်။

ထိုသို့ လုပ်ဆောင်ပေးရန် မြို့နယ် ကြံ့ဖွံ့အတွင်းရေးမှူးမှ တာဝန်ပေးထားကြောင်း၊ တရပ်ကွက် ပါတီဝင် အင်အား ၅၀၀ ကို မဖြစ်မနေ စုဆောင်းပေးပို့ရန်၊ ရယက ရုံးများတွင် ရုံးထိုင်၍ ရယက နှင့် ကြံ့ဖွံ့ ပူးပေါင်းလုပ်ဆောင်ပေးရန် မှာကြားထားကြောင်း ရယက ဥက္ကဋ္ဌနှင့် စည်းရုံးရေးမှူးတာဝန်များ ပူးတွဲရယူထားသူ တဦးက ပြောသည်။

ရပ်ကွက်စည်းရုံးရေး ဆင်းသူများကလည်း ကြံ့ဖွံ့ပါတီအနိုင်ရရေး ဆောင်ရွက်ပေးကြရန် ဆွေးနွေးမှာကြားနေပါသည်။ မယက အစည်းဝေးတွင် ဥက္ကဋ္ဌက ရပ်ကွက် ရယက ဥက္ကဋ္ဌများအား မည်သည့်ပါတီမှ မဝင်ကြရန်၊ မကူညီကြရန် မှာကြားထားသော် လည်း မြို့နယ် ကြံ့ဖွံ့အတွင်းရေးမှူးမှ အတင်းကြပ် ခိုင်းနေသည့်အတွက် စိတ်ပျက်မိကြောင်း၊  ကြံ့ဖွံ့ပါတီကို ကူညီပါက တခြား ပါတီများမှ အကူအညီ တောင်းလာနိုင်ကြောင်း၊ ထင်သလောက် ပါတီဝင်အင်အားလည်း မရကြောင်း၊ ရပ်ကွက်ပြည်သူများ လည်း ပါတီမဝင်ကြ၍ ပါတီစည်းရုံးရေးမှူးများလည်း အခက်တွေ့နေကြကြောင်း အဆိုပါဥက္ကဋ္ဌက ဆက်လက်ပြောပြသည်။

တာမွေမြို့နယ်တွင် ပါတီဝင်အင်အား ၅၀၀၀ ခန့် ရရှိပြီးဖြစ်သည်ဟု စုံစမ်းသိရှိရသည်။ ကြံ့ဖွံ့ပါတီ ရန်ကုန်တိုင်း တာဝန်ခံအဖြစ် မြို့တော်ဝန် ဦးအောင်သိန်းလင်းက တာဝန်ယူဆောင်ရွက်နေသည်ဟု သိရသည်။