စစ်အုပ်စုကို အပြီးတိုင်မောင်းထုတ်ကြပါ

စစ်အုပ်စု လက်ခံကျင်းပမယ့် ရွေးကောက်ပွဲက ပေါ်ထွက်လာမယ့် အစိုးရသစ် တရပ်ကနေ အာဏာရှင် စစ်အစိုးရရဲ့ နေရာကို ဝင်ရောက် အစားထိုးသွားမှာ ဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲဟာ တဖက်သတ် ရွေးကောက်တင်မြှောက် မယ့်ပွဲသာ ဖြစ်လာလိမ့်မယ်ဆိုတာ အခိုင်အမာ ယုံကြည်ယူဆထားပါတယ်။

အာဏာရှင် စစ်အစိုးရဟာ အရှက်မရှိတဲ့ မျက်နှာနဲ့ ခေါင်းမာပေတေစွာ လုပ်ကိုင်ခဲ့ပေါင်းလည်း များလှပါပြီ။ သူတပါးကို လိမ်ညာကောက်ကျစ် လှည့်စားဖို့ဆိုလည်း အဆင်သင့်ပါပဲ။ ဘယ်လိုလူကများ ဗိုလ်သန်းရွှေလို လူစားမျိုးကိုမှ လမ်းပြ မြေပုံ(Road Map) ချပေးပြီး နိုင်ငံရေးထွက်ပေါက်အဖြစ် ရွေးကောက်ပွဲ ကျင်းပခိုင်းတဲ့ အကြံဉာဏ်မျိုး ပေးလိုက်တယ် မသိပါဘူး။ ဒီလမ်းပြမြေပုံရဲ့ ရည်ရွယ်ချက်ပန်းတိုင်ကတော့ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ နိုင်ငံတော်သစ် တရပ် ဖြစ်ပေါ်လာရေးဆိုတဲ့ ကြွေးကြော်ချက်ပါပဲ။

ပြည်သူလူထုကိုပေးမယ့် ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်သစ်ဟာ အနောက်နိုင်ငံတွေက လက်ရှိကျင့်သုံးနေတဲ့ ဒီမိုကရေစီ စနစ်မျိုးစုံနဲ့ ဆန့်ကျင်ဘက်ပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် သေချာတာကတော့ အာဏာရေရည်တည်ဖို့ ကြိုးစားနေ တဲ့ ဗိုလ်သန်းရွှေနဲ့ သူတို့စစ်အုပ်စုချပေးတဲ့ ဒီမိုကရေစီစနစ် တရပ်ဖြစ်ပေါ်လာမှာ မလွဲပါဘူး။ ဒီတကြိမ်ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် နိုင်ငံရေးပါတီကလည်း စစ်အုပ်စုရဲ့ အသင့်ပြင်ဆင်ထားပြီးသား ပြည်ထောင်စု ကြံ့ခိုင် ရေး နှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ) ကနေ စစ်ဝတ်စုံချွတ် လူဝတ်လဲမယ့် နိုင်ငံရေးပါတီအဖြစ် ပြောင်းလဲရပ်တည်မှာ ဖြစ်တယ်။ ဒီပါတီဟာလည်း ဗိုလ်သန်းရွှေနဲ့ သူ့စစ်အုပ်စုရဲ့ ကြိုးကိုင် ထိန်းချုပ်မှုအောက်မှာပဲ ရှိနေပါတယ်။

ကျင်းပဖြစ်မယ့် ရွေးကောက်ပွဲမှာကြံ့ဖွံ့ပါတီကပဲ အနိုင်ဘက်ကနေပြီး အောင်မြင်မှုရသွားမယ်ဆိုတာ ၈၅ ရာခိုင်နူန်း လောက်ကို သေချာနေပါတယ်။ ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား ပေါင်းစုံတွေဘက်က မျှော်မှန်းထားကြတဲ့ နိုင်ငံရေးပြောင်းလဲမှုနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်လာမယ့် အခွင့်အရေး တန်းတူညီမျှမှု၊ ပြည်ထောင်စု ကြီး ဖွံ့ဖြိုးတိုးတက်ပြီးတော့ ကမ္ဘာနဲ့အညီ ရင်ပေါင်တန်းနိုင်ဖို့ ဆိုတာတွေလည်း နေ့ခင်းအိပ်မက်ထဲ ထည့်မက်ရသလို ဖြစ်သွားမှာပါပဲ။

ဒီအာဏာရှင် စစ်အုပ်ကပဲ တိုင်းပြည်ကို ကြီးစိုးအုပ်ချုပ်ပြီး မိမိအာဏာနဲ့ မိမိစစ်အုပ်စု ရေရည်ခိုင်မြဲကောင်းစားဖို့ အတွက်ကိုပဲ ဆက်လက်ကြိုးစား လုပ်ဆောင်နေဦးမယ်ဆိုရင် စစ်မှန်ပြီး စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံတော်သစ် တရပ်ဖြစ်ပေါ်လာဖို့၊ တိုင်းပြည်အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ မြူမှုန်ပိတ်ဖုံးပြီး အလင်းမဲ့တဲ့ လမ်းပေါ်မှာ လျှောက်လှမ်းရသလို အများပြည်သူမျှော်မှန်းထားတဲ့ ပန်းတိုင်နဲ့ ဆက်ပြီးဝေးကွာနေဦးမှာပါ။

ဒီရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် တခြားနိုင်ငံရေးပါတီတွေကို လေ့လာကြည့်မယ်ဆိုရင် ရွေးချယ်ဖို့လမ်းမရှိ၊ လမ်းဆုံးနေလို့သာ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံမယ့်သဘောဖြစ်နေပြီး အချင်းချင်း လက်ကြိုးတုပ် ပြန်ချခိုင်းတဲ့ သဘောပါပဲ။

ဥပမာတခုနဲ့ နှိုင်းပြရရင် ကြံ့ဖွံ့ပါတီက နာမည်ရှိတဲ့ နိုင်ငံရေးသမား တချို့ဟာလည်း စစ်အုပ်စုဘက်က အာဏာရှိသူ တွေ ရဲ့ အကျပ်ကိုင်ခံရပြီး ပါတီတခုမဟုတ် တခုမှာ ဝင်ပါရပါတယ်။ ဒါဟာ ရွေးစရာလမ်းမရှိတဲ့ အတွက်ကြောင့်ပါပဲ။ အဲဒီပါတီတွေမှာ ဝင်ခဲ့ရတဲ့နာမည်ရှိ နိုင်ငံရေးသမား အတော်များများဆီကလည်း ညည်းညူသံတွေ ထွက်လာပါတယ်။ ဒေါက်တာ စိုင်းခမ်းလိတ်လို နာမည်ကြီး အနုပညာသမားဆိုရင်လည်း သူရဲ့ကျန်းမာရေး အခြေအနေကို အကြောင်းပြ ပြီး ဘယ်နိုင်ငံရေးပါတီမှ မဝင်ဘူးလို့ ဆိုထားပါတယ်။

နောက်ထပ် အတော်များများကတော့ ရွေးစရာလမ်းမရှိလို့ ဝင်ရောက်ခဲ့သလို တဘက်ကလည်း မိမိလုံခြုံမှုအတွက် ဆိုပြီး အကြောင်းပြကြပါတယ်။ တချို့ကတော့ အခွင့်အရေး တစုံတရာကို မျှော်ကိုးပြီးဝင်ကြတာပါ။ ဒီလိုအခွင့်အရေး သမားတွေဟာ ရှမ်းပြည်သူလူထုတွေအပေါ် ဖက်ပေါ်ကသွေးစက်တွေကို ဝိုင်းအုံစုပ်ယူစားသုံးကြတဲ့ ယင်ကောင် တွေ လို အမြတ်ထုတ်သွေးစုပ်မယ့် လူတွေပါပဲ။ ဒီလူတွေဟာက ကိုယ့်အတွက်သာကြည့်ပြီး အများအတွက်မစဉ်းစား၊ ဘယ်သူတွေ ဘယ်လိုအကျပ်အတည်းဖြစ်၊ ဒုက္ခရောက်နေလဲဆိုတာ မစဉ်းစားတဲ့အပြင် ကိုယ့်ပိုက်ဆံအိတ် ဖောင်း ကား ရေးအတွက်သာ စဉ်းစားတဲ့သူတွေ၊ ဒီလိုလူမျိုးတွေဟာ အာဏာရှိသူတွေကို မှီခိုပြီး ကျနော်တို့ ရှမ်းပြည်သူလူထု တွေကို ပြန်ပြီးစော်ကား အနိုင်ကျင့် သွေးစုပ်မယ့်သူတွေဖြစ်တယ်။

ဒါကြောင့် ကျနော့်အနေနဲ့ တောင်းဆိုချင်တာက ရှမ်းပြည်နယ်အတွင်း နေထိုင်ကြတဲ့ တိုင်းရင်းသားပေါင်းစုံနဲ့ လုပ်သား ပြည်သူအားလုံး စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို ဆန္ဒပြဆန့်ကျင်ကြပါလို့ တိုက်တွန်းအပ်ပါတယ်။

လိပ်သတ္တဝါလို နိုင်ငံရေးလုပ်စားသူတွေကိုလည်း ဝိုင်းဝန်းပြီး ဆန့်ကျင်ဖို့လိုတယ်။ ကျနော်တို့ ရှမ်းပြည်သူတွေအပေါ် လိမ်လည်လှည့်စားဖို့ အခွင့်အရေး မရှိစေရဘူး။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD)လို နိုင်ငံရေးပါတီ အဖွဲ့အစည်းတချို့ကတော့ ရည်ရွယ်ချက်နဲ့ ပေါ်လစီရှိပြီး ပြည်သူတွေရဲ့ဘဝ ဖွံ့ဖြိုးတိုးတက်အောင် တချို့တဝက် စွမ်းဆောင်နိုင်ခဲ့တာကို ကြည့်ခြင်းအားဖြင့် ကောင်းမွန်မှန်ကန်တယ်လို့ ပြောရမှာပါ။ ဒါပေမယ့် ဘယ်အတိုင်းအတာ အထိ လုပ်နိုင်ခဲ့လဲဆိုတာ ဘယ်သူမှ မဖြေနိုင်သေးပါဘူး။

လမ်းပြမြေပုံရဲ့ နိုင်ငံရေးပေါ်လစီနဲ့ ပတ်သက်ပြီး စိုးရိမ်နေမိတာက လုပ်ချင်နေသလောက် အခြေအနေက မပေးရုံနဲ့ နောက်ဆုံး နည်းနည်းချင်း ဖဲ့ထုတ်နိုင်ပါတယ်။ (ဥပမာ SNLD အဖွဲ့ဝင်တွေနဲ့ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ SSPC ဥက္ကဋ္ဌ ဗိုလ်ချုပ် ဆေထန် တို့လိုပေါ့။)

သတိပေးချင်တာကတော့ လုပ်ချင်ဖြစ်ချင်တာကို ချက်ချင်း ဝမ်းသားအားရ ပုံစံမျိုးလုပ်လိုက်ရင် သူတပါးထောင်တဲ့ ကျော့ကွင်းမှာမိပြီး နောက်ဆုံးမှ နောင်တရတာမျိုးဖြစ်မှာကို စိုးရိမ်မိပါတယ်။ ဒီယုတ်မာတဲ့ အာဏာရှင်တစုဟာ ဘယ်သူ့ အတွက်မှ စဉ်းစားတာ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်လို တမျိုးသားချင်းတောင်မှ ရက်စက်စွာ လုပ်ကြံခဲ့ကြပါသေးတယ်။ စကားပုံတခုအတိုင်း ပြောမယ်ဆိုရင် မျောက်သားစားချင် မျောက်မျက်နှာ မကြည့်နဲ့။ သူတို့ကတော့ ချထားတဲ့ မဟာဗျူဟာ လူမျိုးကြီးဝါဒအတိုင်း ဆက်လုပ်သွားမှာပဲ။ ဒေါ်အောင်ဆန်းစုကြည်လို ကမ္ဘာက ကောင်းကောင်းသိတဲ့ ပုဂ္ဂိုလ်တောင်မှ မိန်းမသားတန်မဲ့ လက်နက်မရှိ ခြေလက်ဗလာနဲ့ ဒီအာဏာရှင်စစ်အုပ်စုကို ရဲ့ဝံ့စွာနဲ့ ရွတ်ရွတ်ချွံချွံ ဆန့်ကျင်ခဲ့တာကို ကြည့်ခြင်းအားဖြင့် သူ့ရဲ့ စိတ်ဓာတ်ခိုင်မာမှုနဲ့ ထက်မြက်ရဲရင့်မှုကို ချီးကျူး ဂုဏ်ယူသင့်လှပါတယ်။

နှိုင်းယှဉ်ချက်တခုအရ ရှမ်းပြည်တွင်းက လက်နက်ကိုင်အဖွဲ့အစည်းတချို့ဟာ ကိုယ့်လက်နက်ကိုယ် လက်ထဲမှာ ရှိနေရက်နဲ့ တုံ့ပြန်တိုက်ခိုက် ဆန့်ကျင်ခြင်းမရှိ၊ ရန်သူအလာကို ခေါင်းငုံ့လက်ခံ(သို့) ရန်သူ့အစီအစဉ်အတိုင်း အမိန့်ပေး စေခိုင်းတာကို လိုက်နာလုပ်ဆောင်နေတာကြည့်ရင် လက်နက်မဲ့ရဲရင့်စွာ ဆန့်ကျင်တိုက်ခိုက်နေတဲ့ မိန်မသား တယောက်ထက်ကို ပိုညံ့ရာ ကျလွန်းပါတယ်။

မျိုးချစ်လူငယ်တယောက်အနေနဲ့ ဘယ်နိုင်ငံရေးပါတီ အဖွဲ့ အစည်းကမှ ကိုယ့်ဒေသအတွင်း ပြည်သူလူထုကို လာရောက်စည်းရုံး မဲဆွယ်တာကို လက်မခံတဲ့ ဘယ်လက်နက်ကိုင်အဖွဲ့ အစည်းကိုမဆို ကျေးဇူးတင် ဂုဏ်ယူမိပါ တယ်။ ဒီအဖွဲ့အစည်းတွေဟာ ကိုယ့်ဆန္ဒကို ရှင်းလင်းပြတ်သားစွာ ဆုံးဖြတ်ချက်ချထားတဲ့ အဖွဲ့အစည်းတွေလို့ ပြောဆိုရမှာ ဖြစ်ပါတယ်။

တဘက်ကလည်း အင်အားကြီး လက်နက်ကိုင် အဖွဲ့အစည်းတခုဖြစ်တဲ့ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) မှ စစ်အုပ်စုရဲ့ တိုင်းပြည်အခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို အတိအလင်း(လုံးဝ) ဆန့်ကျင် ကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ပြည်သူအများစုပြောတဲ့ ၂၀၀၈ အခြေခံ ဥပဒေ မဲဆန္ဒခံယူပွဲနဲ့ ပတ်သက်ပြီးတော့လည်း ပြည်ထောင်စု တိုင်းရင်းသား အများစုနဲ့ ရှမ်းပြည်လူထုတို့ဟာ လွတ်လပ်စွာ မဲဆန္ဒပေးပိုင်ခွင့် မရှိတဲ့အပြင် သေနတ်နဲ့ ချိန်ရွယ် ခြိမ်းခြောက်ပြီး စစ် အုပ်စု ရေးဆွဲထားတဲ့ အခြေခံဥပဒေကို အတင်းအဓမ္မ ထောက်ခံခိုင်းတာကို ခံခဲ့ရပါတယ်။

ဒီစစ်အုပ်စု သတ်မှတ်ပြဋ္ဌန်း ထားတဲ့ အခြေခံဥပဒေဟာ သူတို့ဆန္ဒတဘက်တည်းနဲ့ အနိုင်ပိုင်းပြီး လုပ်ဆောင်သွားခဲ့ တာပါ။

ကျနော့်အနေနဲ့လည်း တာဝန်ထမ်းဆောင်နေဆဲ မျိုးချစ်လူငယ် တယောက်အနေနဲ့ ကိုယ့်ဒေသတွင်းကိုယ် ဆက် ထိန်းသိမ်း ကာကွယ်နေတဲ့ မျိုးချစ်အဖွဲ့အစည်းတွေအပြင် ဒေသအတွင်းက ပြည်သူတွေအပေါ် အကောင်းမြင် အားပေး ထောက်ခံပါကြောင်း။

ဒီလို ရှုပ်ထွေးစပြုလာတဲ့ နိုင်ငံရေး အခြေအနေတွေအပေါ် မူတည်ပြီး ကျနော်တို့ တစိတ်တဝမ်းတည်း ဖြစ်သင့်ပြီလို့ ယုံကြည်ယူဆပါတယ်။ ဒါကြောင့်မို့ လွန်ခဲ့တဲ့ နှစ် ၅၀ ခန့်က ဖြစ်ပျက်ခဲ့တဲ့ အခြေအနေအပေါ်ကြည့်၊ ချို့ယွင်းအားနည်း ခဲ့တဲ့ နေရာတွေကို ပြုပြင်၊ ကျနော်တို့ချင်း ခေါင်းချင်းဆိုင် လက်ချင်းတွဲပြီး အမြင့်ဆုံးရည်မှန်းချက် ပန်းတိုင်ဆီကို အတူလျှောက်လှမ်း ချီတက်ကြပါစို့။

နောက်ဆုံးအနေနဲ့ ဒီ နယ်ချဲ့ ဗမာစစ်အုပ်စုကို ရည်ရွယ်ချက်တခုတည်းမှာ ကျနော်တို့အတူ လက်တွဲပြီး ရှမ်းပြည် အတွင်းမှ အပြီးတိုင် မောင်းထုတ်ကြပါစို့။     ။

ဆင်တောင်တန်း
မိုင်းကိုင်၊ ရှမ်းပြည်
 
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်