ရုံးထုတ်သည့်နေ့

ဒေါ်အောင်ဆန်းစုကြည်ကို ရုံးထုတ်မည့်နေ့ ဆိုသော အသိဖြင့် နိုးထလာခဲ့သော မနက်ခင်းသည် မလှပချေ။

နံနက် ၇ နာရီမထိုးခင်မှာပင် အင်းစိန်ပေါက်တောဝ လမ်းကို ပိတ်ထားလိုက်ပြီ၊ အင်းစိန်ဈေးကိုလည်း ပိတ်ထားလိုက်ပြီ ဟူသော သတင်းစကားကို စတင်ကြားခဲ့ရသည်။

အမှန်တကယ်လည်း အင်းစိန်ပေါက်တောဝ မီးပွိုင့်ထိပ်မှ အင်းစိန် ပန်းခြံအထိ သံဆူးကြိုးတပ် ဘာရီများ အပြည့်ချထားသည်။ သေနတ်ကိုင် ရဲများ စောင့်နေသည်ကိုလည်း စိတ်မသက်သာဖွယ် မြင်တွေ့လိုက်ရသည်။

ထိုရဲများနှင့် မလှမ်းမကမ်း၊ အမှတ် ၄၈ လိုင်းကား မှတ်တိုင်အနီးတွင် မသာယာသည့် မျက်နှာများနှင့် ငုတ်တုတ်ထိုင်နေကြသော လူတစု ကိုလည်း တွေ့ရသည်။

ထိုလူစုထဲတွင် ပလတ်စတစ် ခြင်းတောင်းနှင့် အမျိုးသမီး လေးငါးဦးခန့် ပါသည်။ ကြိမ်တောင်းကြီး တွေနှင့် အမျိုးသမီးကြီး ၂ ဦးကိုလည်း တွေ့ရသည်။ ပြီးတော့ ပုဆိုးတိုတို ၀တ်ထားသော အမျိုးသား ၂ ဦးလည်း ပါသည်။

သူတို့၏ အသွင်အပြင်ကို ဈေးသည်ဟု ခန့်မှန်းမိသော်လည်း သွားမေးကြည့်သည့် အခါမှာတော့ ဈေးသည် ၃ ဦးသာပါပြီး အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးမှာ ပိတ်ထားသော လမ်းထဲတွင် နေထိုင်ကြ သူများ ဖြစ်မှန်းသိရသည်။

အင်းစိန် ပေါက်တောဝ မီးပွိုင့်ထိပ်မှ အင်းစိန်ပန်းခြံလမ်းအထိ ပိတ်ထားလိုက်သောကြောင့် ထိုထဲတွင် နေထိုင်ကြသူများမှာ အပြင်သို့ ထွက်ခွင့်မရသလို အပြင်ရောက်နေသူ များကလည်း အထဲသို့ ၀င်ခွင့် မရသောကြောင့် လမ်းထိပ်တွင် ဒီအတိုင်း ထိုင်နေကြရခြင်းဖြစ်ကြောင်း တွေ့ရသည်။

“မနေ့ည အလုပ်က ပြန်တော့ လမ်းပိတ်ပြီးသွားပြီ။ တောင်းပန်တာလည်း မရဘူး။ နောက်ဆုံး ဒီနားက အသိ အိမ်မှာ သွားအိပ်ရတယ်။ ဒီမနက်လည်း ၀င်ခွင့်မရသေးဘူး။ ဘာလုပ်တာမှန်း မသိဘူး။ တရားလွန်တယ်၊ လမ်းထဲက လူတွေလည်း ဘယ်မှ ထွက်ခွင့်မရဘူးလို့ ကြားတယ်” ဟု အသက် ၂၀ ၀န်းကျင်အရွယ်
အမျိုးသားက ပြောပြသည်။

ကိုယ့်အိမ်ကို ပြန်ခွင့်မရသူ တချို့ကလည်း နွမ်းလျစွာပင် ထိုင်နေကြသည်ကို တွေ့ရသည်။ သူတို့နှင့် မလှမ်းမကမ်းမှ ကြိမ်ခြင်းတောင်းကြီးနှင့် အသက် ၅၀ ၀န်းကျင်အရွယ် အမျိုးသမီးကြီးကတော့ နှုတ်မှ ပွစိပွစိနှင့် မကျေမနပ် ရေရွတ်နေသည်။

“သိပ်နှိပ်စက်တာ၊ ကျုပ်တို့ဖြင့် ဒီနေ့ ဈေးမရောင်းရရင် အရင်းပြုတ်မှာပဲ။ ကုန်စိမ်းဆိုတာ ဒီအတိုင်းထားလို့ မရဘူး။ အခု ဘယ်လိုလုပ်မလဲ၊ ဈေးထဲလည်း ၀င်လို့မရ၊ ပြန်တော့လို့ လွယ်လွယ်ပြောပေမယ့် ကျုပ်ပစ္စည်း တွေကို ဒီအတိုင်းပြန်သယ်လို့ ဘယ်နှယ် လုပ်ရမလဲ” ဟု မလှမ်းမကမ်းမှ ရဲများကို မျက်စောင်းထိုးရင်း မဲ့ကာ ပြောသည်။

ထိုအမျိုးသမီးကြီးသည် အင်းစိန်ဈေး ကုန်စိမ်းတန်းတွင် ကုန်စိမ်းရောင်းသူ ဖြစ်ပြီး ဈေးထွက်ရန် မှော်ဘီမှ နံနက်စောထ လာရခြင်းဖြစ်ကြောင်း၊ ယနေ့အတွက် ပါလာသော ကုန်များမှာ နောက်နေ့မှ ရောင်းရန်
အဆင် မပြေတော့သောကြောင့် အရင်းရှုံးပြီဖြစ်ကြောင်း ငိုတော့မည့် ဟန်နှင့် ကြမ်းတမ်းစွာ ပြောဆိုလိုက်သည်။

ထိုငါးသည် အမျိုးသမီးကြီး၏ ကြမ်းတမ်းစွာ ပြောဆိုသံကို ကြားဟန်မတူကြသော အစောင့်ရဲများသည် ပိန်ကပ်ကပ် ခန္ဓာကိုယ်ကို ခပ်မတ်မတ်ရပ်ကာ အိပ်ရေးပျက်ထားသည့် မျက်ဝန်းချောင်ချောင်တို့ဖြင့် သူတို့၏ သေနတ်များကို တင်းတင်း ဆုပ်ကိုင်ထားကြရင်း ဟိုဟို သည်သည် ကြည့်နေကြသည်။

သူတို့နှင့် မလှမ်းမကမ်းရှိ ယာဉ်ထိန်းရဲ အဆောက်အအုံ နောက်ဘက်နားမှ လက်ဖက်ရည်ဆိုင် တွင်တော့ ကောင်တာအနီး ဒီဗီဒီ စက်အတွင်းမှ နံနက်စောစော ပရိတ်ကြီး ၁၁ သုတ် ရွက်ဆိုနေသော သံဃာတပါး၏ အသံ ပီပီသသ ထွက်ပေါ်လျှက်ရှိသည်။

ထိုလက်ဖက်ရည် ဆိုင်ထဲတွင်လည်း လူပြည့်လျက်ရှိပြီ။ ယူနီဖောင်းဝတ် ရဲသား ၅ ဦး၊ ဝေါ်ကီတော်ကီ (စကား ပြောစက်) ကိုင်ထားသူ တဦးနှင့် မီးသတ်ဝတ်စုံ ၀တ်ထားသော အသက် ၁၄ နှစ် ၀န်းကျင်အရွယ် လူငယ် ၂ ဦး၊ ရယက ဟု ထင်ရသော အသက် ၃၀ ကျော်အရွယ် အမျိုးသား များနှင့် အရပ်ဝတ် ရဲများဖြစ်ဟန်တူသော
အမျိုးသားများက ဆိုင်ရှိ စားပွဲများအပြည့် နေရာယူလျက်ရှိသည်။

လမ်းမဘက်သို့ လှည့်ထိုင်သူအများစုမှာ အရပ်ဝတ်နှင့် အမျိုးသားများဖြစ်သည်။ သူတို့ခါးတွင် ဆဲလ်ဖုန်းများ ချိတ်ထားကြပြီး လူတိုင်းကို အကဲခတ်သော မျက်လုံးတို့ဖြင့် ကြည့်ရှုလျှက်ရှိသည်။ လူတိုင်းနီးပါး ကားတိုင်းနီးပါး ကို ကြည့်ရှုနေသော်လည်း တစုံတခုသော အကြောင်းပေါ်ပါက ဘေးလွတ်ရာပြေးရန် အသင့်ဖြစ်နေဟန်လည်း တွေ့မြင်ရသည်။

ထိုသို့ ထိုင်နေရင်းနှင့်ပင် ဆိုင်ရှေ့ဖြတ်သွားသူများအား လည်းကောင်း၊ ဆိုင်ရှေ့ ဖြတ်သွားကြသော ကိုယ်ပိုင်ကားများ၊ လိုင်းကားများအားလည်းကောင်း စူးစိုက်ကြည့်လျှက်ရှိကြသည်။

ထိုသို့ ကြည့်နေစဉ် ဆိုင်ရှေ့မှ ဖြတ်လျှောက်သွားရင်း ဆိုင်ထဲသို့ ကြည့်သွားသော အမျိုးသား၁ ဦးကို သူတို့မြင်ကွင်းမှ ကျော်သွားသည့်တိုင် နောက်မှ လက်ခုပ်တီးခေါ်ကာ မေးမြန်းနေကြသည်ကိုလည်း
မြင်တွေ့ရသည်။

“ဒီနားမှာ အဲလို ယောင်လည်လည်နဲ့ တွေ့ရင် သူတို့က ခေါ်ပြီး မေးလားမြန်းလားလုပ်တယ်၊ ပြီးတော့ စခန်းကို ခေါ်သွားတယ်တဲ့။ အဲလို ဖမ်းထားပြတော့ တော်ရုံလူတွေ ဒီနားကို မလာရဲတော့ဘူး” ဟု အဆိုပါ လက်ဖက်ရည် ဆိုင်အနီးတွင် နေထိုင်သူ တဦးက ပြောပြသည်။

ထိုအနီးအနားတွင် နေထိုင်သူများကတော့ ရဲများနှင့် လာရောက် လေ့လာသူများကို ကြည့်ရှုကြရင်း လာကြည့်သူများထဲမှ တယောက်ယောက်က သတင်းစကား မေးလာ သည့်အခါ အလွန်အမင်း ကြောက်ရွံ့ဟန်မရှိဘဲ သိသမျှကို ပြောပြကြသည်။

မေလ ၁၄ ရက်နေ့က စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုသူ များပြားသည့်အတွက် ယခုကဲ့သို့ လုံခြုံရေးအစောင့်များ ထူထပ်စွာချထားသည့်အပြင် ၎င်းတို့ မသင်္ကာသူများကို ခေါ်ယူစစ်ဆေးမေးမြန်းခြင်း၊
ဖမ်းဆီးခြင်းများ ပြုလုပ်ခြင်းဖြင့် လူ အလာနည်းစေရန် ပြုလုပ်နေခြင်းဖြစ်သည်ဟု သူတို့က ထင်မြင်သည့် အတိုင်း ပြောပြကြသည်။

အင်းစိန်အကျဉ်းထောင်ရှေ့နှင့် အနီးတ၀ိုက်ရှိ ဆိုင်များ အားလုံးလိုလိုပင် ပိတ်ထားကြသည်ကို တွေ့ရပြီး အင်းစိန်အကျဉ်းထောင်ဝ တွင် သေနတ်ကိုင် ရဲ ၆ ဦး စောင့်လျက်ရှိသည်။

အင်းစိန်ထောင်ဘေးတွင်တော့ ရဲကားများကို ခပ်စိပ်စိပ်ချထားသည်။ ထိုကားပေါ်မှ ရဲများမှာ နေ့လယ် ၁၂ နာရီ မထိုးမီးကတည်းကပင် ကားပေါ်၌ ထိုင်လျက်သား အိပ်ပျော်နေကြသည်ကို တွေ့မြင်ရသည်။

သူတို့သည် သူတို့၏ သေနတ်များကို လက်ဖြင့်ကိုင်ထားရင်းမှ ခေါင်းများ ငိုက်ခနဲ ကျသွားသည်အထိ အိပ်ပျော်နေကြသည်။ တချို့ လက်မောင်းတွင် အရစ်များပါရှိသော ရဲများကတော့ အရိပ်ရ သစ်ပင်အောက်တွင် ထောင်တံတိုင်းကို ကျောမီရင်းနှင့်ပင် အိပ်ပျော်လျက်ရှိသည်ကို ဘုရင့်နောင်လမ်းမကြီးပေါ် ဖြတ်သွားသော ကားတိုင်းမြင်တွေ့ကြရသည်။

အင်းစိန်လမ်းမကြီးကို ပေါက်တောဝမှ ပန်းခြံအထိ ပိတ်ထားသောကြောင့် ထို လမ်းပေါ်တွင် ပြေးဆွဲလျှက်ရှိသော အမှတ် ၄၈၊ ၄၈ အထူး၊ အမှတ် ၉၆၊ အမှတ် ၉၇၊ အမှတ် ၁၂၅၊ အမှတ် ၁၀၂၊ အမှတ် ၁၃၄၊ အမှတ် ၁၅၆ စသည့် လိုင်းကားများမှာ ဘုရင့်နောင်လမ်းအတိုင်း သွားကြသည်။

နံနက်ပိုင်းတွင်လည်း ထိုလိုင်းကားများပေါ်တွင် လူပြည့်ကြပ်နေသည်ကိုတွေ့ရပြီး တချို့မှာ ထို အနီးနားတ၀ိုက် အခြေအနေကို သိချင်၊ ကြည့်ချင်သောကြောင့် ကား ပတ်စီးနေကြသည်။

နေ့ခင်း ၁၁ နာရီ ၀န်းကျင်ခန့်တွင် ပိတ်ထားသော နေရာနှင့်အနီးတ၀ိုက်၌ ဖဲကြိုးနီဝေသော ရွှေပြည်သာ NLD အဖွဲ့ဝင်တဦး အဖမ်းခံရသည် ဆိုသည့် သတင်း ထွက်ပေါ်လာခဲ့သည်။

ထို့ပြင် “အင်းစိန်တွင်” ပြဿနာဖြစ်ပြီ၊ လာကြည့်သူများကို လိုက်ဖမ်းနေပြီ” ဟူသော သတင်းများ ဆက်တိုက် ထွက်လာသည်။

ထိုသတင်းစကားသံကြောင့် အင်းစိန်၊ ရွာမ ဘက်ဆိုလျှင် တက္ကစီဆရာများကို ခေါ်မရတော့ကြောင်း ၄၈ လိုင်းကား၊ ၁၀၂၊ ၉၇ စသော လိုင်းကားတချို့ ပြေးဆွဲမှု ရပ်ဆိုင်းထားကြောင်း ကြားသိရသည်။

ပေါက်တောဝထိပ်မှ ပိတ်ထားသော သံဆူးကြိုးနားတွင်လည်း ရဲကား ၂စီး ထပ်မံ တိုးလာခဲ့သည်။ ထို ကားပေါ်မှ ရဲများမှာ ဦးထုပ်များနှင့် တဆက်တည်း မျက်နှာဖုံးများကိုပါ ၀တ်ဆင်ထားသည်ကို တွေ့ရ၏။

နေ့လယ် ၁၂ နာရီ ၀န်းကျင်မှ စပြီး ထို ပိတ်ထားသောလမ်းနှင့် အနီးတ၀ိုက်တွင်သာမက အင်းစိန်ထောင် ပတ်ပတ်လည် နေရာများတွင်ပါ အသွားအလာ မရှိသလောက် နည်းပါးသွားသည်ကို တွေ့ရသည်။ တစီးတလေ
ဖြတ်သန်းသွားကြသော ကားများကိုသာ ကျိုးတိုးကျဲတဲ တွေ့မြင်ရတော့သည်။

လိုင်းကားများပေါ်တွင်လည်း စိတ်ဝင်စားသဖြင့် တမင် လာကြည့်သူများကို ကားပတ်စီးသူများအဖြစ်သာ တွေ့ရပြီး ခရီးသည် အနည်းငယ်ခန့်ကိုသာ တွေ့ရတော့သည်။

အင်တာနက်ဆိုင်များတွင်တော့ လူစည်ကားနေဆဲဖြစ်သည်။ လျှပ်စစ်မီး မလာသော်လည်း မီးစက်ဖွင့် ပေးထားသော ဆိုင်များတွင် လူပြည့်လျက်ရှိပြီး ကွန်နက်ရှင် ကျနေသည့်တိုင်အောင် စိတ်ရှည်လက်ရှည်နှင့် သတင်းဖတ်နေကြသည်၊ တယောက်နှင့် တယောက် သတင်းဖလှယ်ကြသည်။

NLD အဖွဲ့ဝင်များ၏ တယ်လီဖုန်းများကိုမူ ခေါ်မရဘဲ ဖြစ်နေခဲ့သည်။ မေလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီ ခန့်ကတည်းက ခေါ်မရတော့သော ထိုဖုန်းများကို သတင်းမေးလိုသူများက ကြိုးစားပမ်းစား ခေါ်ကြည့် ကြသော်လည်း မရရှိပေ။

သို့သော်လည်း နယ်မှ၊ ပြည်ပမှ သတင်းထူးသိချင်သဖြင့် ဖုန်းဆက်သူများက ဇွဲကောင်းကောင်းဖြင့် ဆက်နေဆဲ ဖြစ်သလို အင်းစိန်ထောင် အနီးတ၀ိုက်ကို နံနက်  ၆ နာရီကတည်းကနေ ညနေ အချိန်ထိ ဘယ်နှစ်ကြိမ်မြောက် မှန်းမသိ ပတ်သူများကလည်း  ပတ်နေဆဲ၊ တယောက်နှင့် တယောက် သတင်းမေးသံများကလည်း ညံနေဆဲ ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်