သတင်းတိုများ

သတင်းတိုများ

အကျဉ်းသား ၆ ထောင်ကျော်ကို မနက်ဖြန်မှစ၍ ဆက်တိုက် လွှတ်ပေးသွားမည်

အကျဉ်းသား ၆၃၅၉ ဦးကို မနက်ဖြန် အောက်တိုဘာ ၁၂ ရက်၊ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာ အခါတော်နေ့) မှ စတင်၍ ဆက်တိုက် လွှတ်ပေးသွားမည်ဟု မြန်မာရုပ်မြင်သံကြားမှ ယနေ့နေ့လယ် ၁ နာရီတွင် ကြေညာသွားသည်။ ကြေညာ ချက်တွင် နိုင်ငံရေးအကျဉ်းသားများဟု ခွဲခြား ဖော်ပြခြင်းမရှိဘဲ အကျဉ်းသားများအားလုံးအနက် ထိုက်သင့်သော ပြစ်ဒဏ်ကို ကျခံပြီး စည်းကမ်းရှိ၍ အကျင့်စာရိတ္တ ကောင်းမွန်သူ၊ အသက်အရွယ် ကြီးရင့်သူ၊ ကျန်းမာရေး မကောင်းသူ၊ ကိုယ်လက်အင်္ဂါချို့ယွင်းနေသူ အကျဉ်းသားများအား လွှတ်ပေးမည်ဟုသာ ဖော်ပြထားသည်။
သတင်းတိုများ

မြန်မာ့အခြေအနေကို ကာ့တ် ကမ်းဘဲလ် အကောင်းမြင်

မြန်မာနိုင်ငံတွင် အံအားသင့်လောက်စရာ တိုးတက်ပြောင်းလဲမှုများ ဖြစ်ပေါ်လာနေကြောင်း အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး ကာ့တ် ကမ်းဘဲလ်က ပြောဆိုလိုက်သည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ချူလာလောင်ကွန်းတက္ကသိုလ်တွင် ယမန်နေ့က ပြုလုပ်သော ဟောပြောပွဲ၌ မစ္စတာ ကာ့တ် ကမ်းဘဲလ်က ထိုသို့ ပြောဆိုခြင်းဖြစ်ပြီး မြန်မာအစိုးရက အပြုသဘော ခြေတလှမ်းလှမ်းလျှင် အမေရိကန်ဘက်ကလည်း လိုက်လှမ်းရန် အသင့်ရှိကြောင်းလည်း ပြောဆိုသွားသည်။
သတင်းတိုများ

မြစ်ဆုံအရေး မြန်မာနိုင်ငံခြားရေးဝန်ကြီး တရုတ်တွင် ဆွေးနွေး

မြစ်ဆုံဆည်စီမံကိန်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးတို့ ယမန်နေ့က တရုတ်နိုင်ငံတွင် တွေ့ဆုံဆွေးနွေးကြသည်။ မြစ်ဆုံအရေးနှင့် ပတ်သက်၍ အပြေအလည်ဖြစ်အောင် ဖြေရှင်းရန် သဘောတူကြကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အဆိုကို ကိုးကား၍ တရုတ်အစိုးရအာဘော် သတင်းစာများက ဖော်ပြသည်။ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် တရုတ် ဒုတိယ သမ္မတနှင့်လည်း တွေ့ဆုံဆွေးနွေးသည်။
သတင်းတိုများ

လူ့အခွင့်အရေး ကော်မရှင်က အကျဉ်းသားများ လွှတ်ပေးရန် တိုက်တွန်း

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများအား လွှတ်ပေးရန် သမ္မတထံ အိတ်ဖွင့်ပေးစာ ပေးပို့ မေတ္တာရပ်ခံလိုက်သည်။ အကျဉ်းသားများသည် တည်ဆဲဥပဒေများကို ချိုးဖောက်သောကြောင့်ဟူသော အစိုးရ ရပ်တည်ချက်ကို သဘောပေါက်ကြောင်း၊ နိုင်ငံတော်တည်ငြိမ်ရေးနှင့် တိုင်းရင်းသားအကျိုးစီးပွားကို မထိပါးမည့် အန္တရာယ်မရှိနိုင်သော အကျဉ်းသားများကို လွှတ်ပေးစေလိုကြောင်း ယင်းပေးစာတွင် ဖော်ပြထားသည်။
သတင်းတိုများ

မိုင်းလားအဖွဲ့ အစိုးရနှင့် ဆွေးနွေး

အစိုးရ တာဝန်ရှိသူများနှင့် မိုင်းလားအခြေစိုက် အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) မှ ခေါင်ဆောင်တချို့ အပစ်အခတ်ရပ်စဲရေး၊ ဒေသဖွံ့ဖြိုးရေးတို့နှင့် ပတ်သက်၍ ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်တွင် ယမန်နေ့က တွေ့ဆုံဆွေးနွေးသည်။ ဒေသဖွံ့ဖြိုးရေး ပြန်လည်ဖော်ဆောင်ရေး၊ နှစ်ဖက် ဆက်ဆံရေးရုံးများ ပြန်ဖွင့်ရေး၊ အစိုးရ ၀န်ထမ်းများ ပြန်လည် ပို့ဆောင်ပေးရေး စသည့် အချက်များကို ဆွေးနွေးကြောင်း တရုတ် မြန်မာနယ်စပ် စစ်ရေး လေ့လာသူ ဦးအောင်ကျော်ဇောက ပြောသည်။
သတင်းတိုများ

နိုင်ငံရေးအကျဉ်းသားများ မကြာမီလွှတ်ပေးမည်

ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ နိုင်ငံရေးအကျဉ်းသားများကို မကြာမီ ရက်ပိုင်းအတွင်း လွတ်ငြိမ်းချမ်းသာခွင့် ပြုမည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက နော်ဝေ ဒု နိုင်ငံခြားရေး ဝန်ကြီးနှင့် အောက်တိုဘာ ၇ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံစဉ် ပြောကြားလိုက်ကြောင်း နော်ဝေ ရုပ်သံဌာနက ထုတ်လွှင့်ကြေညာ သွားသည်။ နိုင်ငံရေးအကျဉ်းသားမိသားစုများ အကျိုးဆောင်ကွန်ရက်မှတဆင့် အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသားများက ကြေညာချက်တခု ထုတ်ပြန်ရာ အထွေထွေ လွတ်ငြိမ်းချမ်းခွင့်တရပ်ကို သမ္မတ ဦးသိန်းစိန်က ကြေညာပေးခြင်းအားဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်ပေးနိုင်လိမ့်မည်ဟု ဖော်ပြထားသည်။
သတင်းတိုများ

ရွှေတြိဂံတွင် တရုတ်သင်္ဘော ပစ်ခတ်ခံရ၊ ၁၁ ဦးသေ

ထိုင်းနှင့် မြန်မာကြား မဲခေါင်မြစ် ရွှေတြိဂံနယ်မြေတွင် တရုတ်သင်္ဘောတစီး ပစ်ခတ်ခံရသဖြင့် တရုတ်သင်္ဘောသား ၁၁ ဦးသေဆုံးပြီး ၂ ဦး ပျောက်ဆုံးနေကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာသည်။ အောက်တိုဘာလ ၅ ရက်နေ့က ယင်းသို့ အပစ်ခံရခြင်းဖြစ်ပြီး ထိုဒေသအတွင်း လှုပ်ရှားနေသည့် မူးယစ်ဆေးဝါး ရောင်းဝယ်သည့် အဖွဲ့များ လက်ချက်ဖြစ်နိုင်ကြောင်း သတင်းများက ဖော်ပြသည်။
သတင်းတိုများ

စာပေစိစစ်ရေး မရှိသင့်တော့ဟု စိစစ်ရေးမှူးကိုယ်တိုင်ပြော

မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနေပြီ ဖြစ်သောကြောင့် ခေတ်နှင့်လျော်ညီအောင် စာပေစိစစ်ရေးဌာနကို မထားရှိသင့်တော့ဟု ထင်မြင်ကြောင်း စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက RFA သတင်းဌာနသို့ အောက်တိုဘာလ ၈ ရက်နေ့တွင် ပြောကြားလိုက်သည်။ သို့သော်လည်း စာနယ်ဇင်းများက လွတ်လပ်ခွင့်ကို တာဝန်ယူမှုနှင့် တွဲပြီး ကျင့်သုံးသင့်သည်ဟုလည်း ၎င်းက ဆက်လက်ပြောသည်။
သတင်းတိုများ

မန္တလေး အစာအဆိပ်သင့်မှု လူ ၄၀၀ ခန့် ဆေးရုံရောက်

မန္တလေးတိုင်း အမရပူရမြို့ရှိ ပွဲတော်ဘုန်းကြီးကျောင်းတွင် ယနေ့ ပြုလုပ်သည့် ရဟန်းခံရှင်ပြုအလှူမှ ကျွေးမွေးသည့် ကြက်သားဟင်းနှင့် ချဉ်ဖတ် စားသောက်ပြီးနောက် လူ ၄၀၀ ခန့် အစာအဆိပ်သင့်ကာ အမရပူရမြို့ဆေးရုံကြီးနှင့် အမရသုခ ဆေးခန်းတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။ ဒေသခံများအဆိုအရ ချဉ်ဖတ် မသန့်၍ ဖြစ်နိုင်ကြောင်း၊ ထို့အပြင် ဘုန်းကြီးကျောင်းအတွင်း တချို့နေရာများတွင်လည်း  ပြီးခဲ့သည့် ရေကြီးရေလျံမှုကြောင့် မသန့်ရှင်းသည့် ရေပုတ်ရေဆိုးများလည်း တင်ကျန်နေကြောင်း သိရသည်။
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည်နှင့် CRPP တွေ့ဆုံဆွေးနွေး

ရန်ကုန်မြို့ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်၌ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော် မတီ(CRPP) အစည်းအဝေး ပြုလုပ်သည်။ နေ့လယ် ၁နာရီမှ ၃နာရီအထိ အစည်းအဝေး၌ ဧရာဝတီ မြစ်ဆုံရေအားလျှပ်စစ် စီမံ ကိန်း ရပ်ဆိုင်းခြင်း၊ ကချင်တွင် တိုက်ပွဲများ ဖြစ်ပေါ်နေခြင်းနှင့် NLD ပါတီအနေဖြင့် မှတ်ပုံတင်၊ မတင် ကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေး ခဲ့ကြောင်း သိရသည်။
သတင်းတိုများ

သမ္မတ ဦးသိန်းစိန် မကြာမီ အိန္ဒိယ သွားမည်

သမ္မတ ဦးသိန်းစိန်သည် အိန္ဒိယနိုင်ငံသို့ ၎င်း၏ သမ္မတသက်တမ်းအတွင်း ပထမဆုံးခရီးစဉ်အဖြစ် သွားရောက်မည် ဖြစ်ပြီး ခရီးစဉ် ကာလမှာ အောက်တိုဘာလ ၁၂ ရက်မှ ၁၅ ရက်အထိ ဖြစ်ကြောင်း ရိုက်တာသတင်းဌာနတွင် ဖော်ပြထားသည်။ သမ္မတ၏ အိန္ဒိယ ခရီးစဉ်အပြီးတွင် ဒု သမ္မတ သီဟသူရတင်အောင်မြင့်ဦးက တရုတ်နိုင်ငံသို့သွားရောက်မည် ဖြစ်သည်။ ၎င်းခရီးစဉ် ၏ တရားဝင် ရည်ရွယ်ချက်မှာ အောက်တိုဘာလ ၂၁ မှ ၂၆ ရက်အထိ တရုတ်နိုင်ငံတွင် ကျင်းပမည့် တရုတ်-အာဆီယံ ဆွေးနွေးပွဲသို့ တက် ရောက်ရန်ဖြစ်ပြီး မကြာမီကရပ်တန့်လိုက်သည့် မြစ်ဆုံဆည်အရေးကိုလည်း တရုတ်ခေါင်းဆောင်များနှင့် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည် တရားစခန်းဝင်မည်

ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် ၁၂ ရက်နေ့မှ ၁၇ ရက်နေ့အထိ ၅ ရက်ကြာ ယာယီတရားစခန်း ၀င်မည်ဖြစ်ကြောင်း၊ မည်သည့်နေရာတွင် တရားစခန်းဝင်မည်ကို အတိအကျ သတ်မှတ်ခြင်း မရှိသေးသော်လည်း ယခုရက်ပိုင်းမှ စတင်ကာ တွေ့ဆုံလုပ်ကိုင်ရမည့် ကိစ္စရပ်များကို အပြီးသတ်လုပ်ဆောင်နေသည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အသိုင်းအ၀န်းမှ သိရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်၌ နေ့စဉ် ၂ နာရီခန့် အချိန်ယူကာ တရားထိုင်သည့်အလုပ်ကို လုပ်နေသည်ဟုလည်း သိရှိရသည်။
သတင်းတိုများ

ပါတီများမှတ်ပုံတင်ခြင်း ဥပဒေ လျှော့ပေါ့ပြင်ဆင်ရန် တင်သွင်း

ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ဆွေးနွေးရန် အမျိုးသားလွှတ်တော်သို့ တင်ပြရာ သဘောတူကြောင်း သိရသည်။ ဆွေးနွေးမည့် အကြောင်းအရာများတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ပါမည်ဆိုသည့် စကားရပ်အစား လေးစားလိုက်နာပါမည်ဟူသော စကားရပ်ဖြင့် အစားထိုးပြင်ဆင်ရန်၊ ပြစ်ဒဏ်ကျခံဖူးသူများကိုလည်း ရွေးကောက်ပွဲ ၀င်ရောက်ခွင့်ပြုရန်တို့ ပါဝင်သည်ဟု သိရသည်။
သတင်းတိုများ

နိုင်ငံရေး အကျဉ်းသားဟောင်းများ၏ ကန်တော့ပွဲ ပထမအကြိမ်ကျင်းပမည်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLDပါတီ ဒုတိယ ဥက္ကဋ္ဌ သူရ ဦးတင်ဦးနှင့် ဗဟိုအလုပ်အမှူ ဆောင် ဦးဝင်းတင်တို့အား နိုင်ငံရေး အကျဉ်းသားဟောင်းများက ပထမအကြိမ် စုပေါင်းကန်တော့ပွဲကို လာမည်အောက်တိုဘာ ၁၂ ရက်နေ့ (သီတင်းကျွတ်လပြည့်နေ့) ၌ ရန်ကုန်မြို့ ရွှေဂုံတိုင် တော်ဝင်နှင်းဆီခန်းမ၌ ကျင်းပမည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်း တဦး ဖြစ်သည့် ကိုကျော်စိုးနိုင်က ပြောသည်။
သတင်းတိုများ

မလေးရှားတွင် မြန်မာ ၇၇ ဦး အဖမ်းခံရ

မလေးရှားနိုင်ငံ ပီနန်မြို့ Pulau Betong ကမ်းခြေတလျှောက်တွင် မလေးရဲများက ၄ နာရီကြာ ရှာဖွေစစ်ဆေးပြီး တရားမဝင် မြန်မာနိုင်ငံသား ၇၇ ဦးကို ဖမ်းဆီးလိုက်ကြောင်း မလေးရှားမှလာသော သတင်းတပုဒ်တွင် ဖော်ပြထားသည်။ မြန်မာများမှာ အသက် ၁၉ နှစ်မှ ၂၃ နှစ်အရွယ်အတွင်း ဖြစ်ကြပြီး တောထဲတွင် ပုန်းအောင်းနေကြောင်း ရဲအရာရှိတဦးက ပြောသည်။ နှစ်ဦးမှာ ဒုက္ခသည် လက်မှတ် ကိုင်ဆောင်ထားကြောင်း၊ စစ်ဆေးမေးမြန်းမှုများအရ လှေဖြင့် ခိုးဝင်လာသူ မြန်မာစုစုပေါင်း ၁၁၅ ဦးရှိကြောင်း သိရသည်။ ကျန်မြန်မာများကို မလေးရှားရဲများက ဆက်လက် ရှာဖွေနေဆဲဖြစ်သည်။
သတင်းတိုများ

လူ့အခွင့်အရေး ကော်မရှင်သို့ တိုင်တန်းနိုင်ပြီ

ရန်ကုန်မြို့ လှိုင်မြို့နယ်တွင် ပြည်လမ်းတွင် ရုံးစိုက်သော မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က လူ့အခွင့်အရေးချိုးဖောက်ခံရမှုများနှင့် ပတ်သက်၍ တိုင်တန်းချက်များ စတင်လက်ခံပြီဖြစ်ကြောင်း သိရသည်။ တရားရုံးတခုခုတွင် အမှုဖွင့်ထားပြီးသော ကိစ္စများကို လက်ခံမည် မဟုတ်ကြောင်း၊ တိုင်တန်းသူအား ခေါ်ယူမေးမြန်းမည် ဖြစ်ကြောင်းလည်း ယနေ့အစိုးရထုတ် သတင်းစာတွင် ဖော်ပြထားသည်။ တိုင်တန်းသူသည် အမည်၊ နေရပ်လိပ်စာ အပြည့်အစုံ၊ ချိုးဖောက်ခံရသည့် ကိစ္စ၊ မှန်ကန်ကြောင်း ဝန်ခံချက်များ ဖော်ပြပြီး စာဖြင့်ဖြစ်စေ၊ ကိုယ်တိုင်ဖြစ်စေ သွားရောက် တိုင်တန်းနိုင်သည်။
သတင်းတိုများ

မန္တလေး-မြစ်ကြီးနား ရထားလမ်းတွင် ဗုံး ၆ လုံးကွဲ

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မန္တလေး မြစ်ကြီးနား ရထားလမ်းပိုင်းရှိ မရမ်းဘူတာနှင့် နမ္မတီးဘူတာအကြား၌ ယမန်နေ့ညက ဗုံး ၆ လုံး ဆက်တိုက်ပေါက်ကွဲသည့်အတွက် ရထားအသွားအလာများ ခေတ္တရပ်ဆိုင်းခဲ့ကြောင်း၊ ပေါက်ကွဲမှုအတွင်း လူအသေအပျောက်နှင့် ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း မိုးကောင်း ဒေသခံတဦးက ဧရာဝတီသို့ပြောသည်။ အဆိုပါဒေသတွင် အစိုးရတပ်များနှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသည်။ ယခုပေါက်ကွဲမှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့အစည်းမှ လုပ်ကိုင်ကြောင်း မသိရပေ။
သတင်းတိုများ

ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းကိုလည်း ရပ်တန့်ပေးရန် တောင်းဆို

ဧရာဝတီမြစ်ဆုံ စီမံကိန်းအား ဆိုင်းငံ့ထားပြီးနောက် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံသို့ သွယ်တန်းမည့် ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်မှု စီမံကိန်းကိုလည်း ရပ်ဆိုင်းသင့်ကြောင်း ရွှေဂက် (စ်) ဆန့်ကျင်ရေး လှုပ်ရှားမှုအဖွဲ့က ယနေ့ တောင်းဆိုလိုက်သည်။ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တို့အား ဖြတ်သန်းသွားမည့် ဓာတ်ငွေ့ပိုက်လိုင်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု၊ ဒေသခံပြည်သူများ၏ လူမှု စီးပွားရေးပျက်စီးမှု၊ ခေါင်းပုံဖြတ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသောကြောင့် ရပ်တန့်ရန် တောင်းဆိုရခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
သတင်းတိုများ

ဝန်ကြီးချုပ် ယင့်လတ် နယ်စပ်ကုန်သွယ်ရေး ဆွေးနွေး

နေပြည်တော်သို့ ယမန်နေ့က ရောက်ရှိခဲ့သော ထိုင်းဝန်ကြီးချုပ် ယင့်လပ် ရှင်နာဝပ်သည် အစိုးရ အာဏာပိုင်များနှင့် နှစ်နိုင်ငံ ကုန်သွယ်ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင်ဆောင်ရွက်သွားရန် သဘောတူခဲ့ကြသည်။ နယ်စပ်ကုန်သွယ်ရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ ထိုင်းနိုင်ငံရှိ မြန်မာ ရွှေ့ပြောင်းအလုပ်သမားများအရေး၊ သင်္ကန်းညီနောင်မှ ကော့ကရိတ်မြို့နယ်အထိ ကားလမ်းဖောက်လုပ်ရေး စသည့် ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း အစိုးရသတင်းစာတွင် ယနေ့ ဖော်ပြထားသည်။
သတင်းတိုများ

ဆည်ရပ်တန့်မှု မြန်မာအစိုးရကို ဂျွန်မက်ကိန်း ချီးကျူး

ပြည်သူလူထု၏ သဘောမတူ ကန့်ကွက်နေမှုကြောင့် မြစ်ဆုံဆည်စီမံကိန်း ရပ်တန့်လိုက်ခြင်းသည် “ဒီမိုကရေစီဆန်သော လုပ်ရပ်” ဖြစ်ကြောင်း အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက မြန်မာအစိုးရကို ချီးကျူးပြောဆိုလိုက်သည်။ မြန်မာအစိုးရသည် ပြည်သူလူထု၏ အသံကို နားထောင်ပြီး ပြည်သူ့အကျိုးအတွက် အစိုးရမူဝါဒတွင် မထင်မှတ်သော ပြောင်းလဲမှုများပြုလုပ်လိုက်ကြောင်း ဂျွန်မက်ကိန်းက ပြောသည်။
  • «
  •  Start 
  •  Prev 
  •  1 
  •  2 
  •  3 
  •  4 
  •  5 
  •  6 
  •  7 
  •  8 
  •  9 
  •  10 
  •  Next 
  •  End 
  • »
Page 1 of 41

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်