နေပြည်တော်သိမ်း စီမံကိန်း

ရရင်ရ … မရရင် ချ … ရရ မရရ ချ … “ဂွပ်”
(မလန့်ကြပါနှင့် … ဖုန်းကို ပစ်ချလိုက်သံ ဖြစ်ပါသည်)

သို့သော် … လန့်ပြီး ဒူးတွေ တဆတ်ဆတ် တုန်နေတာကတော့ တံခါးရွက်ကြားက ချောင်းကြည့်နေသည့် ဦးရုက္ခစိုးပဲဖြစ်သည်။ အခန်းထဲမှ ဗိုလ်ချုပ်ပြူးကျယ်သည် ဖုန်းကိုပစ်ချလိုက်ကာ နှာခေါင်းကို ပွစိပွစိ လုပ်လိုက်ပြီး…


ဗိုလ်ပြူးကျယ်။     ။ တံခါးရွက်ကြားက ရုက္ခစိုးကြီး … ပုန်းမနေပါနဲ့၊ ဝင်လာခဲ့ပါ။

ဦးရုက္ခစိုး ရင်တွေပန်းတွေတုန် ခေါင်းနားပန်းတွေ ကြီးသွားပြီး ဗိုလ်ချုပ်ပြူးကျယ်၏ အခန်းထဲကို လှမ်းဝင်လိုက်သည်။

ဗိုလ်ပြူးကျယ်။     ။ (မပွင့် တပွင့် ပြုံးပြရင်း) လာပါ … လာပါ …

သူ့ရှေ့က မြန်မာပြည် မြေပုံကားချပ်ကြီးနှင့် ရှုပ်ပွနေသော စာရွက်စာတမ်းများ … စစ်ဆင်ရေး စီမံချက်များကို မျက်စိကစားပြီး ဝင်လာသော ဦးရုက္ခစိုးကို ကြိုဆိုလိုက်သည်။

ရုက္ခစိုး။     ။ နေပြည်တော်သိမ်း စီမံကိန်းဆိုပါလား (မရဲတရဲမေးလိုက်သည်)။

ဗိုလ်ပြူးကျယ်။     ။ (လည်ချောင်းရှင်းလိုက်ပြီး) ဒါပေါ့ဗျ … ဒီပွဲကို အပြတ်ရှင်းမှ ရတော့မယ်။ ခုပဲ ဖုန်းခေါ်ပြီး အထဲက တပ်တွေကို အမိန့်ပေးလိုက်ပြီ။ လက်နက်ကိုင် တော်လှန်ရေးသာ မြန်မာပြည်ရဲ့ ဒီမိုကရေစီရေးကို အဆုံးအဖြတ် ပေးမှာဆိုတော့ ချမှပဲရတော့မယ်။ ချသာချ … နေပြည်တော်ထိ တက်သိမ်းပြမယ်။

ရုက္ခစိုး။     ။ (စိတ်ကူးထဲတွင် တဦးတည်းပြော) ဖိုးရှုပ်နဲ့ ကြွက်စုတ်ကို သတိရလိုက်တာ။ ဒီနှစ်ကောင်ပါလာရင် ကောင်းမှာပဲ။ ခုတော့ သူ့ဟာသူ ဒေါသထွက်နေတဲ့ ဗိုလ်ပြူးကျယ်နဲ့ နှစ်ယောက်တည်း အခန်းထဲမှာနေရတာ အားငယ် လိုက်တာ။ ဒီ သေချင်းဆိုး နှစ်ကောင် သင်တန်း သွားတက်တာတဲ့။ ဘာသင်တန်းလဲတော့ မသိဘူး၊ Per diem မြိုးမြိုးမြက်မြက်လေးရလို့ သွားတယ်လို့ ဖိုးရှုပ်ကတော့ပြောတာပဲ။

ဗိုလ်ပြူးကျယ်။     ။ ဘယ်လိုလဲ ဦးရုက္ခစိုး … ကျနော့်ရဲ့ plan ကို ဘယ်လိုထင်လဲ (ခါးပတ်ကို ဆွဲတင်လိုက်ရာ ပူနေသော ဗိုက်ကြီးက ပေါ်သွားသည်)

ရုက္ခစိုး။     ။ ဂေါင်းပါတယ် … ဂေါင်းပါတယ် … (ဦးရုက္ခစိုး အယောင်ယောင် အမှားမှားတွေ ဖြစ်နေသည်)

ဗိုလ်ပြူးကျယ်။     ။ (လက်သီး လက်မောင်း တန်းကာ… ) ကျနော်တို့ရဲ့ တပ်တွေကို မယ်ဟောင်ဆောင် လမ်းအတိုင်းချီပြီး ဒါရိုက် နေပြည်တော်ကို ချီတက်ခိုင်းမယ်။ တချိန်တည်းမှာပဲ … မြို့တွေ ရွာတွေမှာ စည်းရုံးရေး လှုံ့ဆော်ရေးတွေလုပ်ပြီး နေပြည်တော်ကို ဝိုင်းပတ်ချီတက်ရေး ကြွေးကြော်ရမယ်။ ဗုံးတွေ များများ ဖောက်ရမယ်။

ထိုစဉ် အိမ်ရှေ့မှ ကားရပ်သံ ကြားလိုက်ရသည်။ ဗိုလ်ပြူးကျယ် အလန့်တကြားနှင့် ပြတင်းပေါက်ကနေ ချောင်းကြည့်ပြီး တုန်လှုပ်သွားသည်ကို ဦးရုက္ခစိုး သတိထားလိုက်မိသည်။

ဗိုလ်ပြူးကျယ်။     ။ ဘယ်သူတွေလဲ … ဘယ်ကလဲ … ။

ရုက္ခစိုး။     ။ ကျုပ်လဲ ဘယ်သိမလဲဗျ … (အရေးအကြောင်းရှိပါက အဖမ်းမခံရအောင် ထိုင်းမှာလုပ်ထားသော Work permit ကို ထုတ်ပြဖို့ ပြင်ထားရသည်။ ချင်းမိုင်ရဲတွေက အခုတလော ပွဲကြမ်းနေသည်။ သူတို့က license to arrest ခွင့်ရထားသူတွေကိုး)

ဗိုလ်ပြူးကျယ်။     ။ ဦးရုက္ခစိုးကြီး … သေသေချာချာ သွားကြည့်စမ်းပါ … တကယ်လို့ ထိုင်းရဲဆိုရင် ကြိုကြိုတင်တင် ပြေးထားရအောင်လို့ … ။

ရုက္ခစိုး။     ။ “ခုနက သူပဲ နေပြည်တော်သိမ်းမယ် ဆိုပြီး ဆင်ဖမ်းမယ် ကျားဖမ်းမယ်နဲ့ … ခုတော့လဲ တမျိုးကြီးပါလား” ဟု တွေးရင်း အိမ်ရှေ့ကို ထွက်ကြည့်လိုက်တော့ …

“How do you do? Long time, no see ဦးရုက္ခစိုးကြီး … ” ဟူ၍ လှမ်းပြောလိုက်သည့် လူတယောက်ကို တွေ့ရာ ဦးရုက္ခစိုး လန့်တာ၊ ထိတ်တာတွေ ပျောက်သွားသည်။

ရုက္ခစိုး။     ။ ဦးကြောင်နိုင်သူပါလား … အလို မိတ်ဆွေ တယောက်လဲ ပါသကိုး။

မိတ်ဆွေဆိုသူကတော့ သိုးဆောင်း လူမျိုးတဦးဖြစ်ပြီး အိတ်တအိတ်ကို ဆွဲကိုင်ကာ အိမ်ထဲဝင်လာသည်။

ဗိုလ်ချုပ်ပြူးကျယ် ကမန်းကတန်း ထွက်လာပြီး … “Hey … how are you doing?” ဟူ၍ အနောက်တိုင်း ဝတ်စုံကို အကျအန ဝတ်ထားသည့် ဦးကြောင်နိုင်သူကို ကျော်ကာ မစ္စတာ သိုးဆောင်းကို အရင်နှုတ်ဆက်လိုက်သည်။ ဗိုလ်ချုပ်ပြူးကျယ်တို့က မိတ္တဗလဋိကာ စာအုပ်ကို အသေအလဲ ဖတ်ထားတာပဲဟာ… ဘယ်ရမလဲ။

ဦးကြောင်နိုင်သူ။     ။ ဗိုလ်ပြူးကျယ်နဲ့ တွေ့ချင်တယ်ဆိုလို့ ကျနော်ခေါ်လာတာ … သူက မြန်မာ့အရေး စိတ်ဝင်စားသတဲ့။ အင်တာနေရှင်နယ် donor ကြီး ဆိုပါတော့ … ။

ဗိုလ်ချုပ်ပြူးကျယ်၏ မျက်လုံးများ အရောင်လင်းလက်သွားသည် …

ဗိုလ်ပြူးကျယ်။     ။ အတော်ပဲ … အတော်ပဲ … ဒီမှာလဲ စီမံကိန်းတွေ Project တွေရေးနေတဲ့ အချိန်နဲ့ အံကိုက်ပဲ … ။

ဦးသိုးဆောင်းကို ပြုံးပြုံးကြီး တချက်ကြည့်လိုက်ပြီး ဖက်လှဲတကင်း လုပ်လိုက်ကာ “I have seen you before … ” ဟု မရှက်မကြောက် ပြောချလိုက်သည်။ နိုင်ငံခြားသားက အံ့အားသင့်သွားပြီး “ဘယ်မှာတွေ့ဖူးတာပါလိမ့်” ဟု မေးလိုက်သည်။

ဗိုလ်ပြူးကျယ်။     ။ Facebook ထဲမှာလေ။

ရုက္ခစိုး။     ။ ဟိုက် ….။

ဦးရုက္ခစိုး ဒီတချီတော့ ဗိုလ်ချုပ်ပြူးကျယ်ကို အရမ်းလေးစားသွားသည်။ ဦးသိုးဆောင်းက မြန်မာမြေပုံကြီးကို ငေးကြည့်လိုက်ပြီး အထင်ကြီး လေးစားသွားဟန်ဖြင့် … “ကဲ ပြောစမ်းပါဦး၊ ခင်ဗျားရဲ့ Project plan တွေ …” ဟု မေးလိုက်သည်။

ဗိုလ်ပြူးကျယ်။      ။ ထချမှ သန်းရွှေ ပြုတ်ကျမယ် … ။ ဒါကြောင့် ဒီတိုက်ပွဲကို အဆုံးသတ်ရတော့မယ် …။ မြန်မာပြည်ရဲ့ ဒီမိုကရေစီအရေးဟာ လက်နက်ကိုင် တိုက်ပွဲနဲ့ပဲ အဆုံးသတ်မှာ … ။အာဏာရှင် သန်းရွှေ အစိုးရကို အသားကုန် ဆန့်ကျင်ကြ … ။ (ဗိုလ်ချုပ်ပြူးကျယ် ကုန်းအော်လိုက်ရာ လိပ်ခေါင်းထွက်သွားလေသည်)

ဧည့်သည်တွေ လန့်ကုန်ကြသည်။ မျက်နှာကျက်ပေါ်က အိမ်မြောင်တွေ မျက်နှာငယ်လေးတွေနှင့် စုပ်သပ် ထွက်ပြေးကုန်ကြလေသည်။

ဦးသိုးဆောင်း။     ။ (မျက်နှာကြီး နီသွားပြီး) ဒါမျိုး မရဘူး … armed struggle ဆိုရင် Funding မပေးဘူး။ Statement ထဲမှာ အဲဒီလို mention လုပ်ရင်တောင် ပိုက်ဆံမပေးဘူး လူကလေး … ဒါတွေ ပြောလို့မရဘူး … ။

ဦးကြောင်နိုင်သူ။       ။ (စိတ်ပျက်လက်ပျက် မျက်နှာပေးဖြင့်) ဒီခေတ်ကြီးက engagement ခေတ်ကြီး … ဗိုလ်ချုပ် ပြူးကျယ်ရဲ့ … engage လုပ်ရမယ်။ နေပြည်တော်ကို ပန်းတွေ ဘာတွေပို့ပြီး ရွှေလမ်း ငွေလမ်း ဖောက် … “ဂေါက်” …

ဤ “ဂေါက်” မှာ ဗိုလ်ချုပ်ပြူးကျယ် စိတ်ဆိုး မာန်ဆိုးဖြင့် ဆေးလိပ်ခွက်နှင့် လှမ်းပေါက်လိုက်သောသံ ဖြစ်သည်။

ဦးကြောင်နိုင်သူ “I …. I ….I ” ဟု အထစ်ထစ်အငေါ့ငေါ့ အော်ရင်း နောက်သို့ဆုတ်သွားသည်။

ဗိုလ်ပြူးကျယ်။     ။ ဒီမှာ မစ္စတာသိုးဆောင်း Facebook ထဲမှာလည်း ပြောပြီးပြီ … မြန်မာပြည်မှာ လူ့အခွင့်အရေး ချိုးဖောက်နေတယ် … စစ်တပ်က မုဒိမ်းကျင့်နေတယ် … ဗိုလ်ချုပ်ကြီးတွေ လာဘ်စားတယ် … ။

ဦးသိုးဆောင်း။     ။ (မှိုရော မျှစ်ပါရခဲ့သည့် မျက်နှာနှင့်) ကောင်းတယ် ကောင်းတယ် … ဒီ Issue တွေက Project လုပ်စားလို့ ကောင်းတယ်။ ဘယ်နေရာတွေမှာ HR Violation တွေ ဖြစ်နေလဲ ပြော ပြော … စာရွက်ပေါ် အခုချရေး … Report တင် … ပိုက်ဆံပေးမယ် … ။

ဗိုလ်ပြူးကျယ်။     ။ (ဘဝင် မြင့်သွားပြီး) နအဖကို တတိုင်းတပြည်လုံးက တော်လှန်တော့မယ်။ campaign တွေ ထနေပြီ … ဒီ အစိုးရကြီး ပြုတ်တော့မယ် … ကျနော်တို့ အာဏာရတော့မယ် … ။

ဦးသိုးဆောင်း။     ။ (မှတ်စုစာအုပ် ထုတ်ကာ အမောတကော လိုက်ရေးနေရာမှ) ဘယ်မှာလဲ ဘယ်မှာလဲ Where? Where? ဟု အငမ်းမရ မေးလိုက်သည်။

ဗိုလ်ပြူးကျယ်။     ။ (ညံ့ပါ့၊ မသိရန်ကော ဟူသော မျက်နှာပေးနှင့်) အင်တာနက် ထဲမှာလေ … ။

မြို့မေတ္တာခံယူသည့် ဦးကြောင်နိုင်သူ နဖူးကို ပတ်တီးစည်းပြီး ပြန်ဝင်လာသည်။

ဦးကြောင်နိုင်သူ။         ။ (နို့ဆီခွက်ကောက်သည့်ကုလား၊ ဝက်သားတုတ်ထိုး ရောင်းသည့်တရုတ် .. စသော .. စသော .. မြန်မာ့အရေး လေ့လာသူများက မကြာခဏ ဖိတ်ခေါ်ဆွေးနွေးသဖြင့် စိတ်ကြီးဝင်နေသော လေသံဖြင့်) ကျနော့်ရဲ့ အမြင်ကတော့ သန်းရွှေကို “နှူးနှပ်ပြီး ပူးသတ်မှ” ပြုတ်ကျမယ် … ဒါကြောင့် ထိုင်ချချ … ထချချ … သန်းရွှေ ပြုတ်ကျရေးက အဓိက မဟုတ်လား … ။

ဦးသိုးဆောင်း။     ။ လူကလေး တော်တယ် … ဒါကြောင့် ငါးဘတ် တက္ကသိုလ်ကြီးမှာ ပညာသင်ခွင့်ရတာ။ ဘိုလိုမှုတ်တာလဲ တဖူးဖူးနဲ့၊ ချီးစ်သံထွက်နေတာပဲ … ။

ဗိုလ်ပြူးကျယ်။     ။ ဘိုလိုမှုတ်ကောင်းရင်လဲ ရွှေတိဂုံဘုရားမှာ tourist guide လုပ်စားပါလား …

ဗိုလ်ချုပ်ပြူးကျယ်က တချက်ဝင်တွယ်လိုက်ပြီးသူ့ ဒေါသကို ဦးသိုးဆောင်းဘက်သို့ လှည့်လိုက်သည် …

ဗိုလ်ပြူးကျယ်။     ။ ခင်ဗျားတို့ကရော ဘာလုပ်နေလဲ … (လက်ညှိုးထိုးလိုက်ပြီး ရန်တွေ့သလိုပြောသည်) လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်အတွင်း ခင်ဗျားတို့ ဘယ်သူတွေကို ပိုက်ဆံပေးခဲ့လဲ … ဘယ်လောက်တောင် ပေးခဲ့လဲ … ။

ဦးသိုးဆောင်း မျက်နှာသေလေးနှင့် စဉ်းစားပြီး ပြန်ဖြေသည်။

ဦးသိုးဆောင်း။     ။ အဖွဲ့အစည်းပေါင်းက ကိုးသောင်း ကိုးထောင် ကိုးရာ့ ကိုးဆယ် … အမေရိကန်ဒေါ်လာ ကိုးသန်း ကိုးသိန်း ကိုးရာ့ ကိုးဆယ် …။

ဦးရုက္ခစိုးက “ဒီ Donor ကလည်း ယတြာချေသလို ပိုက်ဆံ ပေးတတ်သားပဲ” ဟု ဘေးက မှတ်ချက်ဝင်ချသည်။

ဗိုလ်ပြူးကျယ်။     ။ ဒီငွေတွေနဲ့ Nargis အတွက် ပေးတဲ့ငွေတွေ … ၊ ကိုဆန်းတင့် မဆန်းတင့်နဲ့ UN က ငပေါတွေကို ပေးနေတဲ့ လစာ ငွေတွေ၊ ခင်ဗျားတို့ အချင်းချင်း ပြန်ယူနေတဲ့ ငွေတွေ … ငွေတွေကို ပေါင်းပြီး တိုင်းပြည်အတွက် အကျိုးရှိတဲ့ နေရာတွေမှာ အသုံးချလိုက်ရင် ပွဲက တနေ့တည်းပြီးတယ် … ။

ဦးသိုးဆောင်း။     ။ (အမှတ်သည်းခြေ မရှိသော မျက်နှာနှင့်) ဘယ်မှာလဲ ပြောလေ … ဒီလို Project မျိုး ရှာနေတာ ကြာပြီ … ပြော … ဘယ်မှာလဲ … ။ အကြမ်းမဖက်ဘဲ တကယ်ပွဲသိမ်းရင် ချင်းသုပ်၊ လက်ဖက်သုပ်နဲ့ မိုက်ကယ်ဝီစကီ တို့ကို လွှတ်ပြီး သင်တန်းတွေ ပေးခိုင်းလိုက်မယ်။

ဦးရုက္ခစိုးရော ဦးကြောင်နိုင်သူပါ စိတ်ဝင်စားသွားကြသည်။

ဗိုလ်ပြူးကျယ်။     ။ (အသံကို မြှင့်လိုက်ပြီး) Laser guided missile ဆိုတာကို မှောင်ခိုဈေးကွက်ကဝယ်ပြီး မယ်ဟောင်ဆောင် နယ်စပ်ကနေ နေပြည်တော်ကို ချိန်ပြီး ပစ်ထည့်လိုက်မယ် … တခါတည်း ပွဲအပြီးပဲ … ။ သန်းရွှေနဲ့ မောင်အေးရဲ့ အိမ်တွေကို ချိန်ပြီး ပစ်မယ် … ။ သန်းရွှေ သေးပေါက်နေရင်တောင် တည့်တည့်မှန်အောင် ပစ်နိုင်တယ် … မောင်အေး ဂေါက်ရိုက်နေရင်လည်း မရှောင်နိုင်ဘူး။ သိပ်ကောင်းတဲ့ လက်နက် … ခင်ဗျားတို့ သုံးနေတဲ့ ပိုက်ဆံနဲ့ဆိုရင် အလောက်ပဲ … ။

ရုက္ခစိုးက “ဦးသန်းရွှေ ကြွက်တွင်းထဲ ဝင်ပုန်းနေရင် ဘယ်လိုလုပ်မလဲ” ဟု မေးသော်လည်း သူ့လေတိုးမပေါက်တော့။
Engagement လုပ်ဖို့ funding လိုချင်နေသည့် ဦးကြောင်နိုင်သူကတော့ စိတ်ပျက်လက်ပျက်နှင့် ခေါင်းခါ၍ ထွက်သွား သည်။

ဗိုလ်ပြူးကျယ်။     ။ (သူ့ proposal ကို လက်မခံမှန်းသိသွားသဖြင့် ကမန်းကတန်း ပြောလိုက်သည်) News breaker ဆိုတဲ့ အရုပ်မြင် အသံကြားပြီး ပေါက်ကရ လွှင့်နေတဲ့ ကောင်တွေကိုလဲ မပေးနဲ့ News Maker ဆိုတဲ့ ကောင်တွေကိုလဲ မပေးနဲ့။ ကျနော်နဲ့ ကျနော့်အဖွဲ့ကိုပဲ ပေးပါ … ဒီမှာ proposal အသစ်။

ဦးသိုးဆောင်းက ကြည့်လိုက်ရာ … ခေါင်းစဉ်က “ခေါင်းမာတဲ့ ဗိုလ်ချုပ်ကြီးများကို ဝယ်နည်း” ဟု ရေးသားထားလေသည်။

“ဘယ်လောက်လဲ” ဟု ဦးသိုးဆောင်းက မေးလိုက်သည်။ ဈေးကို ဗိုလ်ချုပ်ပြူးကျယ်က ကပ်ပြောလိုက်ရာ ဦးရုက္ခစိုးပင် မကြားလိုက်

ဦးသိုးဆောင်း။     ။ များလှချည်လား … ။

ဗိုလ်ပြူးကျယ်။     ။ (ဒေါသတကြီးနှင့်) ဒါ UN ကလူတွေ ခွင်လာထွင်သလောက်တောင် မရှိဘူး။ (ကုန်းအော်လိုက်သော် လည်း ဒီတခါ ထွက်စရာ လိပ်ခေါင်းမကျန်တော့ပေ)

ဦးသိုးဆောင်း။     ။ ဒါဆိုရင် Next step ကဘာလဲ။

ဗိုလ်ပြူးကျယ်။     ။ (လက်နှစ်ဘက်ကို ဖြန့်ကားလိုက်ပြီး ဟန်ပါပါနှင့်) Regime change ပေါ့ … ဒီမိုကရေစီတော့ မလိုသေးပါဘူးဟု ပြောလိုက်သည်။ သိုးဆောင်း မျက်လုံးပြူးသွားသည်။

ဦးကြောင်နိုင်သူ။     ။ (အခန်းထဲ ပြန်ဝင်လာပြီး) engage ပဲလုပ်ပါဗျာ … ကျနော့်ကို ဗိုလ်ချုပ်ရွှေပန်းက visa ပေးဖို့ စိတ်ဝင်စားနေတယ် ကြားတယ်။ ကျနော် သူ့တို့ကို ချော့ပေါင်းတတ်ပါတယ်။

ဘေးမှ အလုံးစုံကို ရပ်ကြည့်နေသူ ဦးရုက္ခစိုးကတော့ “အင်း … သံဝေဂရစရာပဲ … ဒီကလူတွေ ပေါက်ကရ လုပ်ပုံနဲ့တော့ Regime change မဖြစ်ဘဲ သန်းရွှေတို့ အခြေခိုင်သွားနိုင်တယ် … ဘာမှမလုပ်ဘဲ နေရင်တောင်မှ သူ့ဟာသူ အလိုလို ပြုတ်ကျသွားမှာ” ဟု စိတ်ထဲက ပြောနေသည်။

နောက်ဆုံး စက်ရပ်သတင်း …

ဦးသိုးဆောင်းမှာ အကြမ်းဖက်နေသည့် အစိုးရကို အကြမ်းမဖက်သောနည်းနှင့် ဆန့်ကျင်ရေး နားချဖို့ ဦးပြူးကျယ်ကို အပြင်ခေါ်ထုတ်သွားသည်။ ထိုင်းရဲကို ကြောက်သော်လည်း ထိုင်နေလို့တော့ ဘာမှမဖြစ်၊ ထချမှ သန်းရွှေပြုတ်မည်ဆိုပြီး ရဲဆေးတင်ကာ ဗိုလ်ပြူးကျယ် ကုပ်ကုပ် ကုပ်ကုပ်နှင့် ကပ်ပြီး လိုက်သွားသည်။

ဦးကြောင်နိုင်သူ ဦးသိုးဆောင်းနှင့် ဗိုလ်ပြူးကျယ်တို့ မြန်မာ့အရေးကို ဆက်ဆွေးနွေးရင်း ချလိုက်ကြတာ ထိုင်း မဲခေါင် ဝီစကီ လေးပုလင်း ကုန်သွားပြီး မှောက်သွားကြသည်။

ပြီးတော့ ကာရာအိုကေ ဆိုင်ထဲဝင်ပြီး စကက်တိုတို ကောင်မလေးများနှင့်အတူ နေပြည်တော်သိမ်း ယိမ်းအကနှင့် ဗိုလ်ပြူးကျယ်တို့ မြူးကြသေးသည်။

အတိအတ ဦးရုက္ခစိုးမှာကား ထိုင်ရမလို ထရမလို ကုန်းကုန်း ကွကွနှင့် ကြွေးကြော်လိုက်တာကတော့ “ရရင်ရ မရရင် ချ … ရရ မရရ ချ … ချသာချ … ဂွပ်” (ဒီ “ဂွပ်” ကိုလည်း မလန့်ပါနှင့်၊ ဦးရုက္ခစိုး မဲခေါင်မော့ပြီး ခွက်ပြန်ချလိုက်သံ ဖြစ်သည်)

ရန်ကုန်သားတာတေ၏ ဦးရုက္ခစိုးနှင့် ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များအပေါ်မှာ အခြေခံရေးသားထားခြင်း မဟုတ်ပါ။ အားပေးဝေဖန်ကြသော ပြည်တွင်း ပြည်ပ ပရိတ်သတ်ကို လေးစားလျှက် …။

ရန်ကုန်သားတာတေနှင့် ဧရာဝတီအဖွဲ့သားများ …

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်