တိုင်းရင်းဆေး တချို့ ထပ်မံပိတ်ပင်

Tuesday, 19 May 2009 17:15
Print
မြန်မာပြည်ရှိ တိုင်းရင်းဆေး  ၁၆ မျိုးကို အများ ပြည်သူ သုံးစွဲရန် မသင့်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ယနေ့ထုတ် သတင်းစာများတွင် ကြေညာလိုက်သည်။

အဆိုပါ ဆေးများတွင် စိန်သော့၊ တူတံစဉ် စသည့် အကိုက်အခဲပျောက် ဆေးမှုန့်များ၊ ဒူးလေး အစာအိမ် လေနိုင်ဆေး၊ သမားတော် အစာကြေ လေပုပ်ထုတ်ဆေးတို့ ပါဝင်သည်။

အများစုမှာ ကချင်ပြည်နယ် နှင့် ရန်ကုန်မြို့တွင် ထုတ်လုပ် ဖြန့်ချိသော ဆေးများ ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဆေးဝါးများသည် “မှတ်ပုံတင်ထားခြင်း မရှိသော တိုင်းရင်း ဆေးဝါးများ ဖြစ်၍ စစ်မှန် အစွမ်း ထက်မှုကို အာမခံချက် မပေးနိုင်သည့် ဆေးဝါးများ ဖြစ်ကြောင်း၊ အများ ပြည်သူ သုံးစွဲရန် မသင့်လျော်” ဟု ကျန်းမာရေး ဝန်ကြီးဌာနက ဆိုသည်။

မှတ်ပုံတင်ထားခြင်း မရှိသော ဆေးဝါးများကို ဖြန့်ဖြူး ရောင်းချပါက အရေးယူမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ဧပြီ လဆန်းပိုင်းကလည်း ဒေါ်တွေး အမှတ်တံဆိပ် ဂေါမုတ္တဆေး၊ ဒေါ်ကျင်၏ ကလေးသူငယ်နာ လေပုပ်ထုတ်ဆေး တို့တွင် အဆိပ် အတောက် ဖြစ်စေနိုင်သည့် သတ္တုဓာတ်များ ပါဝင်ခြင်းကြောင့် သုံးစွဲခြင်း မပြုရန် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ကျန်းမာရေး ဌာနက တိုင်းရင်းဆေးဝါးများ အပြင်  မြန်မာနိုင်ငံအတွင်း လူကြိုက်များသည့် စားသောက်ကုန် ၂ မျိုးတွင် အန္တရာယ်ကြီးသော ဆိုးဆေးများ အသုံးပြုထားကြောင်း မကြာသေးမီက ကြေညာထားသည်။ ထိုကြေညာချက်များတွင် မြန်မာနိုင်ငံတွင် ဖြန့်ချိနေသော လက်ဖက် အမျိုးအစား ၁ဝဝ ကျော် နှင့် ငါးပိ အမျိုးအစား ပေါင်း ၇ဝ ကျော် ပါဝင်ခဲ့သည်။