ရန်ကုန်တွင် ငှက်အရောင်း ၂ ရက်ပိတ်

Thursday, 18 June 2009 18:02
Print
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် အသက် ၆၄ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အနေနှင့် ချိုးနှင့်ငှက်များ လွှတ်ရန် အစီအစဉ်ရှိသည့်အတွက် စစ်အာဏာပိုင်များ က ရန်ကုန်မြို့တွင်းရှိ ငှက်အရောင်း သမားများအား ယနေ့နှင့်မနက်ဖြန်၂ ရက် အရောင်းပိတ်ခိုင်းထားကြောင်း သိရသည်။

“မနေ့ညနေကတည်းက လာပြောထားတာ ဒီနေ့ဘယ်သူလာဝယ်ဝယ် မရောင်းရဘူး၊ အရောင်းရပ်ထားရမယ်လို့ ပြောတယ်၊ ဘာဖြစ်လို့လဲဆိုတာ မပြောဘူး၊ ကျနော်တို့တင်မကဘူး၊ ဒီ ရွှေတိဂုံဘုရားပေါ်က ငှက်ရောင်းတဲ့ သူ တိုင်းကို မရောင်းခိုင်းတာ”ဟု ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်မှ ငှက်ရောင်းသူတဦးက ပြောဆိုသည်။

ရန်ကုန်၊ ဆူးလေဘုရားပေါ်မှ လှောင်အိမ်နှင့်ငှက်ရောင်းသူတဦးကလည်း ယနေ့နှင့် မနက်ဖြန်အထိ ငှက်မရောင်း ရ၊ရောင်းပါက အဖမ်းခံရမည်ဟု လာရောက်ခြိမ်းခြောက်ထားသည့်အတွက် မရောင်းရဲ ကြောင်း၊ ၄င်းတို့ အနေနှင့် စီးပွားရေးထိခိုက်မှုရှိကြောင်း ပြောဆိုသည်။

မနက်ဖြန်တွင် ကျရောက်သော ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အနေနှင့် နံနက် ပိုင်းတွင် သံဃာငါးပါးအား ဆွမ်းကပ်လှူမည်ဖြစ်ပြီး၊ နံနက် ၉ နာရီ ၄၅ မိနစ်အချိန်တွင် ငှက်များကို ဘေးမဲ့လွှတ် မည်ဖြစ်ကြောင်း၊ နံနက် ၁၀ နာရီတွင် အခမ်းအနားစတင်မှာ ဖြစ်ပြီး အဖွဲ့ချုပ် လူမှုအထောက်အကူပြုအဖွဲ့မှ အဋ္ဌမအကြိမ်မြောက် ပညာရေးထောက်ပံ့မှုပေးအပ်ပွဲကို ကျင်းပမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)မှ သိရှိရသည်။

ငှက်လွှတ်မည့်အစီအစဉ်ပါရှိသောကြောင့် စစ်အာဏာပိုင်များက ငှက်ဝယ်ယူ၍ မရစေရန် အနှောင့်အယှက် ပြုနေခြင်းဖြစ်ကြောင်း NLD အဖွဲ့ဝင်များက ပြောဆိုသည်။

“ဒီနေ့ မနက်ကတည်းက ငှက်လိုက်ရှာဝယ်တာ တော်တော်ကို အဆင်မပြေဘူး၊ ကျမတို့လည်း ပိုက်ဆံပေးပြီး ငှက်ဝယ်တာတောင် ခိုးကြောင်းခိုးဝှက်လိုက်လုပ်ရမလိုဖြစ်နေပြီ၊ ခုချိန်ထိ လိုသလောက်ကို မရသေးဘူး”ဟု NLD ဗဟိုအမျိုးသမီးအဖွဲ့မှ အဖွဲ့ဝင် အမျိုးသမီး တဦးက ပြောသည်။

ရွှေတိဂုံဘုရားအနီးတ၀ိုက်တွင် ရောင်းလျက်ရှိသော တနိုင်တပိုင် လှောင်အိမ်နှင့် ငှက်အရောင်းဆိုင်များ၊ ငှက် အရောင်းသမားများ၊ ဗိုလ်တထောင်ဘုရားရှိ ငှက်အရောင်းဆိုင်များ၊ ဆူးလေဘုရားရှိ ငှက်ရောင်းသူများစသည့် ရန်ကုန်မြို့တွင်းရှိ ငှက်ရောင်းသူများဆီမှ ၀ယ်ယူ၍ မရ ဖြစ်နေရာ ယနေ့ ညနေပိုင်းအထိ လိုအပ်သော ငှက် ကောင်ရေ ရရှိရေးအတွက် အခက်တွေ့လျက်ရှိကြောင်း အထက်ပါ ဗဟို အမျိုးသမီးအဖွဲ့မှ အမျိုးသမီးက ပြော ဆိုသည်။

လက်ရှိအခြေအနေအရ ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ အိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော ဂျွန် ၀ီလျံ ယက်ထော အမှုနှင့် ပတ်သက်ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာ နေအိမ် မှ အင်းစိန် အကျဉ်းထောင်သို့ ခေါ်ဆောင်၍ တားဆီးမိန့် ပုဒ်မ ၂၂ ဖြင့် အမှုဖွင့် တရားစွဲဆိုခံထားရကာ ယင်းအမှုကို မေလ ၁၈ ရက်နေ့မှ စတင်၍ ဆက်တိုက် စစ်ဆေးနေခဲ့သည်။
ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ဒေါ်အောင်ဆန်းစုကြည်သည် ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ် ရှိပြီ ဖြစ်သည်။