ကချင်လူငယ်များကို စစ်တပ်က ရိုက်နှက်

Thursday, 18 June 2009 18:59
Print
နအဖစစ်တပ်က ဒေသခံ ကချင်ကျောင်းသားများ အပါဝင် ကချင်ပြည်နယ် မိုးကောင်းမြို့နယ်ရှိ မရမ်းရွာမှ ကချင် လူငယ်တို့အား ရိုက်နက်ညှဉ်းပန်းမှုများ ရှိကြောင်း ဗြိတိန်နိုင်ငံ အခြေစိုက် Burma Campaign UK အဖွဲ့က ယမန်နေ့တွင် သတင်းထုတ်ပြန် ထားသည်။

ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့ ညနေပိုင်း၌ ကချင် ၈ တန်းကျောင်းသူလေး တဦးအား စစ်သားလေးဦးခန့်က မတရားပြုကျင့်ရန် ကြံစည်နေချိန် ကချင်လူငယ်တစုမှ ဝင်ရောက်ကူညီခဲ့ သောကြောင့် ထိုကျောင်းသူမလေး ပြန်လည် လွတ်မြောက် လာရသည်ဟုလည်း ဖော်ပြထားသည်။

ထိုအသက် ၁၇ နှစ်ရှိ Wa Sha Ki အမည်ရှိ ကချင်ကျောင်းသူမလေးသည် ကျောင်းမှ အိမ်အပြန်လမ်းတွင် စစ်သားတစုက သူ၏လည်မြိုကို ဓားဖြင့်ထောက်ကာ မတရားပြုကျင့်ရန် ကြံစည်နေချိန် ရွာထဲရှိ ကချင် လူငယ် တစုက ကူညီတားမြစ်မှုပြုလုပ်ခဲ့ရခြင်းဖြစ်သည်။

ထို ၃၁ ရက်နေ့ နံနက်ပိုင်း၌လည်း ကချင်လူငယ် Lawsaw Naw ကို စစ်သား ၄ ဦးခန့်က ဗွီဒီယိုရုံမှ အပြန် တွင် အကြောင်းမဲ့ ရန်စကာ ဝိုင်းရိုက်သည်ဟုလည်း Burma Campaign UK က သတင်းထုတ်ပြန်ထား သည်။

ထိုကဲ့သို့ စစ်သားများကပြုလုပ်မှုကြောင့် ကချင်လူငယ် ၁၅ ဦးခန့် ဒဏ်ရာရရှိကာ ၃ ဦးမှာ မြစ်ကြီးနား ဆေးရုံ တွင် တက်ရောက်နေရကြောင်း ဖော်ပြထားသည်။

ထို့နောက်ပိုင်းတွင် ဒု ဗိုလ်မှူးကြီး ရဲရင့်သွေး ဦးဆောင်သည့် စစ်သား ၃၀ ခန့်က ဒုတ်၊ ဓား လက်နက်များ ကိုင်ဆောင်ပြီး ရွာသားများကို အိမ်တိုင်ရာရောက် ဝင်ရောက်ကာ မြင်သမျှသော လူငယ်ယောင်္ကျားလေးများ ကို ရိုက်နက်ခြင်းများ ပြုလုပ်ခဲ့သည်ဟုထုတ်ပြန်ချက်က ဆိုသည်။

ယင်းရွာတွင် ဒု ဗိုလ်မှူးကြီး  ရဲရင့်သွေး ဦးစီးသည့် အမြှောက် တပ်ရင်း ၃၇၂ တပ်ချပြီးသည့်နောက်ပိုင်း ရွာသားများမှာ ယခုလို အမျိုးမျိုး နှိပ်စက်ခံ နေရကြောင်းလည်း Burma Campaign UK က ပြောဆိုထား သည်။  

Burma Campaign UK မှ တာဝန်ခံတဦး ဖြစ်သူ နန် ဆိုင်း Nang Seng က “ ဒါဟာ စနစ်နဲ့ အာဏာကို သုံးပြီး နိုင့်ထက်စီးနင်းလုပ်တာ ဖြစ်တယ်၊ ဒီလို ဖြစ်ရပ်တွေက ကျမတို့ ကချင်ပြည်နယ် နေရာ တော်တော် များများမှာ တွေ့နေရတယ်၊ ဒါတွေကို ကမ္ဘာကလည်း မသိပါဘူး၊ အများအားဖြင့် သိထားတာက ကချင်ပြည် နယ်မှာ နအဖစစ်အစိုးရနဲ့ ငြိမ်းချမ်းရေး ယူထားလို့ ငြိမ်းချမ်းတယ်လို့ မြင်တယ်၊ လူသားချင်း မစာနာဘဲနဲ့ လူ့ အခွင့်အရေး ချိုးဖောက်မှုတွေ နေရာဒေသ တော်တော်များများမှာ တရက်ပြီးတရက် ဖြစ်နေပါတယ်”ဟု ဧရာဝတီ သို့ ပြောသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် အတင်းအဓမ္မ လယ်၊ ယာ သိမ်းဆည်းခြင်း၊ လယ်ယာစိုက်ခင်းနှင့် ကြံစိုက်ခင်းများ တွင် အသုံးပြုသည့် ကျွဲနှင့်  နွားများကို စစ်တပ်နယ်မြေထဲသို့ အဓမ္မ မောင်းသွင်းကာ ပိုင်ရှင်များအား ကျပ်ငွေ ၅ သောင်းမှ တသိန်းအထိ ဖြင့် ပြန်ရွေးခိုင်းခြင်းကို အကြိမ်ကြိမ်ပြုလုပ်ခြင်း စသည့် ဖိနှိပ်မှုများခံရသည့် အပေါ် ဒေသခံများက ကျေးရွာအာဏာပိုင်များကိုတိုင်ကြားသော်လည်း အရေးယူခြင်းမရှိဟုလည်း ပါရှိသည်။

နန် ဆိုင်း က ဆက်လက်ပြီး“ နအဖက မကြာခင်မှာ ၂၀၁၀ ရွေးကောက်ပွဲအတွက် နည်းမျိုးစုံနဲ့ ပြင်ဆင် နေပါတယ်၊ အဲဒီရွေးကောက်ပွဲဟာ သူတို့တွေရဲ့ အောင်မြင်မှုသာ ဖြစ်ခဲ့မယ်ဆိုရင် ကျမတို့ တိုင်းရင်းသား တွေ အတွက် ကံကြမ္မာက ဒီထက်ကို ပိုဆိုးမှာပါ၊ ဘာကြောင့်လဲဆိုတော့ သူတို့ဆွဲထားတဲ့ ဖွဲ့စည်းပုံဥပဒေ ကို ကြည့်ရင် တိုင်းရင်းသားညီညွတ်ရေးအတွက် တန်းတူညီမျှမှုကိုမပါဘူး”ဟု ပြောဆိုသည်။

၁၉၉၄ခုနှစ်တွင် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIOနှင့် စစ်အစိုးရတို့ အပစ်အခတ်ရပ်စဲရေး ယူပြီးနောက် ပိုင်း ကချင်ပြည်နယ်အတွင်း စစ်တပ်အခြေစိုက်မှုများ ပိုမိုများပြားလာပြီး ဒေသခံများအား ဖိနှိပ် ညှဉ်းပန်းမှု များပြုလုပ်လာခြင်းဖြစ်သည်ဟုလည်း သူက ဆိုသည်။