KNU က တပ်မဟာ ၇ မှ စခန်းများကို စွန့်လွှတ်မည်

E-mail Print
ကရင် အချင်းချင်း သတ်ဖြတ်လိုခြင်း မရှိသဖြင့် ကရင် အမျိုးသား အစည်းအရုံး (KNU) က သူ၏ တပ်မဟာ ၇ နယ်မြေရှိ စခန်းများကို စွန့်လွှတ်မည်ဟု ကရင် တိုင်းရင်းသား သတင်း ရပ်ကွက်များ၏ အဆိုအရ သိရသည်။

မြန်မာ့ တပ်မတော်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့(DKBA) တို့၏ ပူးပေါင်းတပ်ဖွဲ့များက KNU စခန်းများအား သိမ်းပိုက်ရေး ကြိုးပမ်းမှုများကို တားဆီးခြင်း မပြုရန် ဆုံးဖြတ်လိုက်ရခြင်း၏ တခြား အကြောင်းရင်းတခုမှာ KNU တပ်ဖွဲ့ဝင်များ ထပ်မံ အဆုံးရှုံးမခံလိုခြင်းကြောင့်ဖြစ်သည်ဟု သိရသည်။

ယခုလဆန်း မှစတင်၍ တိုက်ပွဲများ အဆက်မပြတ် ဖြစ်ပွားလျက် ရှိရာ ယခုအချိန်အထိ ဒေသခံ ကရင် တိုင်းရင်းသားများ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးကြရသည်။ ထိုသို့ တိမ်းရှောင်ရသော ဒုက္ခသည်အရေအတွက်မှာ ၄၀၀၀ ၀န်းကျင် ရှိသည်ဟု သိရသည်။

ယနေ့ထုတ် မြန်မာ စစ်အစိုးရ၏ သတင်းစာများတွင် ကရင်ဒေသ တိုက်ပွဲများမှ ထွက်ပြေးလာသူများမှာ အရပ်သားများ မဟုတ်ဘဲ “သောင်းကျန်းသူများနှင့် မိသားစုဝင်များ” ဖြစ်သည်ဟု ဖော်ပြထားသည်။ တိုက်ပွဲများတွင်လည်း မြန်မာ့ တပ်မတော်က ပါဝင်ခြင်း မရှိဟု ဆိုသည်။

တိုက်ခိုက်မှုများမှာ KNU နှင့် DKBA တို့ အချင်းချင်း တိုက်ခိုက်ကြခြင်းဖြစ်ပြီး အဆိုပါ လက်နက်ကိုင် ပဋိပက္ခအတွင်း မြန်မာ့တပ်မတော်က ပါဝင် ပတ်သက်ခဲ့ခြင်း မရှိကြောင်း တနင်္ဂနွေနေ့ထုတ် စစ်အစိုးရ သတင်းစာတွင် ရေးသားထားသည်။

ကရင် တိုင်းရင်းသား သတင်းရပ်ကွက်များ၏ အဆိုအရ DKBA တပ်ဖွဲ့ဝင်များက စစ်ကြောင်းရှေ့မှ မိုင်းရှင်းသည့်အနေဖြင့် ချီတက် တိုက်ခိုက်ရကြောင်း၊ မြန်မာ့တပ်မတော် တပ်ဖွဲ့များက လက်နက်ကြီးဖြင့် နောက်ဘက်မှ ပစ်ခတ်ကြောင်း သိရသည်။

ပူးပေါင်း တပ်ဖွဲ့များက တပ်မဟာ ၇ နယ်မြေကို ယခု လဆန်းမှ စပြီး ထိုးစစ်ဆင်လျက်ရှိရာ KNU ၏ တပ်ရင်း အမှတ် ၂၁၊ ၂၂၊ ၁၀၁ စခန်းများကို သိမ်းပိုက်ခဲ့သည်ဟု သိရသည်။

တိုက်ပွဲများသည် ထိုင်းမြန်မာနယ်စပ်အနီး ကရင်ပြည်နယ်အတွင်း ဖြစ်ပွားနေခြင်းဖြစ်သည်။

ပူးပေါင်းတပ်ဖွဲ့မှ ၂၀ ခန့် ကျဆုံးပြီး ၅၀ ခန့် ဒဏ်ရာရကြသည်ဟု KNU ထံမှ သိရသည်။ အများစုမှာ DKBA တပ်ဖွဲ့ဝင်များ ဖြစ်သည် ဟု ဆိုသည်။ ၎င်းတို့ဘက်မှ ၅ ဦး ဒဏ်ရာရသည်ဟု KNU က ပြောသည်။

KNU တို့ကမူ ရင်ဆိုင် တိုက်ပွဲများ အစား ၎င်းတို့ဘက်မှ အကျအဆုံး ပိုမို နည်းပါးမည့် ပြောက်ကျား စစ်ဆင်နည်းကို ပိုမို အသုံးပြုလိုသည်ဟု ဆိုသည်။

ပြီးခဲ့သည့် နှစ်ကလည်း ကော့ကရိတ်မြို့နယ်ရှိ KNU တပ်ရင်း အမှတ် ၂၀၁ စခန်းကို DKBA တပ်ဖွဲ့များက သိမ်းယူခဲ့သည်။

KNU မှ ဗိုလ်ကြီး ဘူးဖောက ပူးပေါင်းတပ်ဖွဲ့များသည်  ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ ထိုင်း-မြန်မာ နယ်စပ် တလျှောက်ရှိ KNU တပ် စခန်းများကို သိမ်းယူရေး မဟာဗျူဟာအရ တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ဧရာဝတီကို ပြောပြခဲ့ဖူးသည်။

KNU သည် နှစ်ပေါင်း ၆ဝ သက်တမ်းရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကြီး ဖြစ်သည်။ မြန်မာအာဏာပိုင်တို့နှင့် ဆွေးနွေးပွဲများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြသော်လည်း ယခုအချိန်အထိ အပစ် အခတ် ရပ်စဲနိုင်ခြင်း မရှိသေးပေ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်