“တရားဥပဒေ စိုးမိုးမှု ဘယ်လောက်ရှိသလဲဆိုတာ ဒီအမှုက စံဖြစ်ပါလိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အမှုရင်ဆိုင်တဲ့ တောက်လျှောက် အန်ကယ်တို့နဲ့ တွေ့တိုင်းမှာ ပြောခဲ့ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဉာဏ်ဝင်းက ယနေ့ ရုံးချိန်းအပြီးတွင် ပြောသည်။
ယနေနံနက် ၁၀ နာရီတွင် စတင်သည့် ကြားနာမှုတွင် ဒေါ်အောင်ဆန်းစုကြည် အတွက် ရှေ့နေ ဦးဉာဏ်ဝင်းက လည်းကောင်း၊ ဒေါ်ခင်ခင်ဝင်းနှင့် မ၀င်းမမတို့အတွက် ၎င်းတို့၏ ရှေ့နေ ဦးလှမျိုးမြင့်က လည်းကောင်း၊ မစ္စတာ ဂျွန် ဝီလျံ ယတ်ထောအတွက် ၎င်း၏ ရှေ့နေ ဦးခင်မောင်ဦးကလည်းကောင်း အသီးသီး တုန့်ပြန်ပြောဆိုခဲ့ပြီး တရားရုံးက ၁၅ မိနစ် အနားပေးခဲ့ကြောင်း သိရှိရသည်။
ဦးဉာဏ်ဝင်းက “အစိုးရ ရှေ့နေ မနေ့က တင်ခဲ့တဲ့ အချက်အလက်တွေ၊ ဥပဒေ မှားတာတွေ၊ မသုံးသင့်တဲ့ စကားလုံး အသုံး အနှုန်း သုံးသွားတာတွေကို ကျနော်တို့ ဒီနေ့ပြန်လည် ချေပ ပါတယ်၊ တခု ဥပမာ ပြောရရင် အစိုးရ ရှေ့နေက မစ္စတာ ယက်ထော လာခဲ့တဲ့ ကိစ္စကို တမင် ထိန်ချန်ထားတယ်ဆိုပြီး ပြောတယ်၊ ဒီ တမင်ထိန်ချန်ထားတယ် ဆိုတဲ့ စကားလုံးကို ပြန်လည်ချေပတယ်” ဟုဆိုသည်။
၁၅ မိနစ် နားပြီး ပြန်လည်စတင်ရာ ယမန်နေ့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဘက်မှ အစိုးရ
ပြန်ခေါ် သက်သေအနေနှင့် လျှောက်လွှာတင်ခဲ့သော နိုင်ငံခြားရေးရုံးမှ ဦးညွှန့်မောင်ရှိန်ကို အရေးကြီးသည့် သက်သေ မဟုတ်ဟု ဆိုကာ တရားရုံးမှ ပယ်ချကြောင်း ပြောဆိုပြီး လာမည့် ဇူလိုင်လ ၃၁ ရက်နေ့သို့ ပြန်လည်
ချိန်းဆိုလိုက်ကြောင်းနှင့် အဆိုပါနေ့သည် အမှု စီရင်ချက်ချမည့်နေ့ ဖြစ်ကြောင်းလည်း သိရသည်။
မြန်မာ သံအမတ်ကြီး တဦးက ကုလသမဂ္ဂ လူ့အခွင့်အရေး အဖွဲ့ထံသို့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီး ထားခြင်းမဟုတ်ဘဲ သူ့အသက်အန္တရာယ် လုံခြုံရေးအတွက် ထိန်းသိမ်းထားခြင်းသာဖြစ်သည် ဟု သုံးကြိမ် တိုင်တိုင် တင်ပြခဲ့ဖူးခြင်းနှင့်ပတ်သက်၍ ၎င်းမှတ်တမ်းနှင့်တကွ နိုင်ငံခြားရေးရုံးမှ သက်သေ ခေါ်ယူခွင့် ပေးရန် NLD ဘက်က တင်ပြခဲ့ခြင်းဖြစ်သည်။
“ကျနော်တို့အမြင်အရတော့ ဥပဒေကြောင်းအရ ဆိုရင် ဒေါ်အောင်ဆန်းစုကြည်က အခုစွဲတဲ့ ပုဒ်မတွေ၊ အခုစွဲတဲ့ အပြစ်တွေကို လုံးဝ မကျူးလွန်ဘူး၊ ဒီဟာကိုလည်း အန်ကယ်တို့က ဥပဒေ အချက်အလက် ပြည့်ပြည့်စုံစုံနဲ့ တရားရုံးကို တင်ပြထားတယ်။ ဒါပေမယ့် ဘယ်လိုအမိန့် ကျမလဲ ဆိုတာကတော့ တရားရုံးပေါ်မှာ မူတည်တယ်”
ဟု ဦးဉာဏ်ဝင်းက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့်မေလက အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန် ၀ီလျံ ယက်ထော ဆိုသူ ၎င်း၏နေအိမ်တွင်း ဝင်ရောက်ခဲ့မှုကြောင့် တရားစွဲဆိုခြင်း ခံနေရသည်။
“ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်က ဘယ်ပြစ်မှုကိုမှ ကျူးလွန်တာ မရှိဘူး။ အကယ်၍များ စီရင်ချက်မှာ သူ့ကို အပြစ်ပေးခဲ့မယ် ဆိုရင်လည်း ဥပဒေက မှားနေတယ်လို့ ပြောချင်ပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။
ဧရာဝတီ သတင်းထောက် အေးလဲ့ ပါဝင်ရေးသားသည်။
< Prev | Next > |
---|