မြန်မာပြည်၏ တိတ်ဆိတ်သည့်အသံများ စာအုပ် ဒုတိယ အကြိမ် ထွက်ရှိ

Wednesday, 26 August 2009 16:33
Print
မြန်မာနိုင်ငံ အကြောင်း ရေးသားထားသည့် “Living Silence in Burma” (မြန်မာပြည်တွင် တိတ်ဆိတ်စွာ ရှင်သန် နေထိုင်ကြခြင်း) အမည်ရှိ စာအုပ်ကို ယခု ရက်ပိုင်း အတွင်း ဒုတိယ အကြိမ် ထုတ်ဝေရာတွင် အကြောင်းအရာ အသစ်များ ထည့်သွင်းထားသည်ကို တွေ့ရသည်။

စာရေးသူ အမေရိကန် အမျိုးသမီး Christina Fink က  စစ်အစိုးရ လက်အောက်ရှိ မြန်မာပြည်သူများသည် အသံ တိတ်နေသော်လည်း ခံစားနေရသည့် ဒုက္ခများ၊ ဝေဒနာများ အလွန် ကြီးမားကြောင်းကို စာအုပ်တွင် ဖော်ပြထားသည်ဟု ဧရာဝတီသို့ ပြောသည်။

“တိတ်ဆိတ်နေတဲ့ ဘဝတွေရဲ့ အသံတွေကို အခြားသူတွေ ကြားလာအောင်၊ မြင်လာအောင်၊ သိလာအောင် ဒီစာအုပ်မှာ ရေးသားထားပါတယ်” ဟု Christina Fink က ဆိုသည်။

ဤစာအုပ်ကို လွန်ခဲ့သော ရှစ်နှစ်က ပထမအကြိမ် ထုတ်ဝေခဲ့ပြီး ယခု ဒုတိယအကြိမ် ထုတ်ဝေခြင်းဖြစ်သည်၊

ဒုတိယအကြိမ် တည်းဖြတ် ထုတ်ဝေရာတွင် ပေါ်ပေါက်လာနိုင်ဖွယ်ရှိသော မြန်မာ့နိုင်ငံရေး အပြောင်း အလဲများ၊ ၂ဝဝ၇ ခုနှစ်က ဖြစ်ပွားခဲ့သော သံဃာတော်များ၏ လှုပ်ရှားမှု စသည့် အရေးပါသည့် အကြောင်းအရာများကို
ထည့်သွင်း ဖော်ပြထားသည်။

အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော အဆိုပါ စာအုပ်တွင် ဦးနေဝင်းခေတ်မှသည် မျက်မှောက်ကာလထိ မြန်မာပြည်၏ ဖြစ်ရပ်များကို သိသာ မြင်သာ ဖြစ်စေရန် ပြုစုထားသည်ကို တွေ့ရသည်။

စာအုပ်၏ ကျောဖုံးတွင် စာဖတ်သူတချို့၏ အမြင်များကို ဖော်ပြထားရာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သုံးသပ်ချက်လည်း ပါဝင်နေသည်။

“ဒီစာအုပ်ထဲမှာ စစ်အုပ်ချုပ်ရေးရဲ့ ဖိနှိပ် ချုပ်ချယ်မှုကြောင့် မြန်မာ ပြည်သူတွေရဲ့ စိတ်ကို ဘယ်လို ထိခိုက် နာကျင်စေတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် Christina Fink ဟာ မြန်မာ ပြည်သူတွေ ကနေ့ ရင်ဆိုင်နေရတဲ့ အရေးကြီးတဲ့ ပြဿနာရဲ့ အရင်းအမြစ်တွေကို နားလည် သဘောပေါက်စေဖို့ အတွက် အားထုတ်ထားတာကို တွေ့ရပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ချထားသည်၊

စာအုပ်တွင် ပြည်သူများနှင့် သဟဇာတ မဖြစ်သည့် မြန်မာ့တပ်မတော်သားတို့၏ ခံစားချက်ကိုလည်း လေ့လာ ရေးသားထားသည်ကို တွေ့ရသည်။

ထောင် တသက်တကျွန်း ကျခံနေရသူများပမာ ဖြစ်နေသော မြန်မာ့တပ်မတော်သားများ အကြောင်းကို အခန်း(၈) “The Military: a Life sentence” တွင် တွေ့နိုင်သည်။ ထိုအခန်းတွင် တပ်ကြပ်ကြီးဟောင်း မောင်မောင်ဆိုသူ၏ ပြောဆိုချက်ကို တွေ့ရသည်။

“ထောင်ကျတဲ့သူကမှ အချိန်တန်ရင် လွတ်သေးတယ်ဗျ၊ ဒါပေမဲ့ ကျနော်တို့ စစ်သားတွေကတော့ သေတဲ့ အထိ အာဏာနဲ့ အတင်း ခိုင်းစေခြင်းကို ခံနေရတာမို့ လွတ်မြောက်ဖို့ ဆိုတာ မျှော်လင့်ချက် မရှိပါဘူး” ဟု တပ်ကြပ်ကြီးဟောင်း မောင်မောင်၏ ရင်ဖွင့်ချက်များကို ဖော်ပြထားသည်။

စာအုပ်ကို အခန်းပေါင်း ၁၄ ခန်း ဖြင့် ဖွဲ့စည်း ရေးသားထားပြီး စာမျက်နှာ ၃ဝဝ ပါရှိကြောင်း တွေ့ရသည်။  စာအုပ်၏ တန်ဖိုးမှာ ထိုင်းဘတ် ၈ဝဝ (၂၅ ဒေါ်လာခန့်) ဖြစ်သည်။

စာရေးသူ Christina Fink သည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ရှိ ပညာရေးဌာနတခုဖြစ်သော International Sustainable Development Studies ၏ ကထိက၊ ဟောင်ကောင်တက္ကသိုလ် Department of Sociology ၏ ဂုဏ်ထူးဆောင် တွဲဖက် ပါမောက္ခ ဖြစ်သည်။

သုတေသီ ပညာရှင် Christina Fink လေ့လာ သုတေသနပြု ရေးသား ထုတ်ဝေသော စာအုပ်အကြောင်း ရှင်းလင်းပွဲကို ဘန်ကောက်မြို့ရှိ ထိုင်းနိုင်ငံ နိုင်ငံခြား သတင်းထောက်များ ကလပ် (FCCT) တွင် ယမန်နေ့ ညက ပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ နိုင်ငံခြားသား သတင်းစာဆရာများစွာ တက်ရောက်လာသည်ကို တွေ့ရသည်။ မြန်မာသတင်းစာဆရာ အနည်းငယ်နှင့် မြန်မာ့အရေးကို စိတ်ဝင် စားသော မြန်မာကျောင်းသား တချို့ လာရောက်သည်ကို တွေ့ရသည်။

ရှင်းလင်းပွဲတွင် တွေ့ရသော ချင်းမိုင်တက္ကသိုလ် ကျောင်းသား ကိုစိုင်းသီဟက “ဒီစာ အုပ်ဟာ ဖတ်သင့် လေ့လာသင့်တဲ့ စာအုပ်တအုပ်လို့ ထင်ပါတယ်၊ သုတေသီ တယောက် က သူမြင်တဲ့ ထောင့်က အကောင်းဆုံး ဝေဖန်ထားတဲ့ စာအုပ်ကောင်း တအုပ်ပါ” ဟု ပြောသည်။