ရခိုင်ပြည်နယ်စပ်တွင် လှေမှောက်၍ လူ ၁၁ ဦးသေဆုံး

Thursday, 01 October 2009 18:20
Print
ရခိုင်ပြည်နယ် မောင်းတော နယ်စပ်မှ နတ်မြစ်ကိုဖြတ်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မကြာသေးခင် ရက်ပိုင်းက ခိုးဝင်သော လှေတစင်း နစ်မြုပ်သွားသဖြင့် လူ (၁၁) ဦး သေဆုံးသွားကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်ဘက်သို့ ညပိုင်း လှေ ၂ စင်း ခိုးဝင်စဉ် ယခု တစင်း နစ်မြုပ်ခြင်းဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ် အခြေစိုက် နိရဉ္စရာ သတင်းဌာန အယ်ဒီတာ ကိုခိုင်မြတ်ကျော်က ပြောသည်။

လှေမြုပ်သွားရသည့် အကြောင်းအရင်းကို မသိရှိရသော်လည်း နောက်မှ လိုက်ပါလာသော လှေတစင်းသည် ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာကြောင်း မျက်မြင်များက ပြောပြသည်ဟုလည်း ၎င်းက ဆိုသည်။

သေဆုံးသွားသူများထဲမှ အမျိုးသမီး အလောင်း၂ လောင်းကို အင်္ဂါနေ့တွင် ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က မြစ်ကမ်းနား ၌ တွေ့ရှိခဲ့ပြီး ကျန်သည့်အလောင်းများကို မြန်မာဘက်ကမ်းခြေတွင် ဒေသခံများက တွေ့ရှိခဲ့၍ အာဏာပိုင်များထံ သတင်း ပေးခဲ့ခြင်းဖြစ်သည်ဟု ကိုခိုင်မြတ်ကျော်က ပြောသည်။ အမျိုးသမီး တဦး၏ အလောင်းကိုမူ ယခုအချိန် အထိ မတွေ့ရှိရသေးကြောင်း ဆိုသည်။

ယခု လှေနစ်မြုပ်၍ သေဆုံးသူများမှာ အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၈ ဦးဖြစ်ပြီး ရခိုင်ပြည်နယ် မောင်တော မြို့တွင် နေထိုင်သည့် ရိုဟင်ဂျာ လူမျိုးများဖြစ်ကြောင်း သိရသည်။